ခြေဖဝါးမှ အာကာသ သို့မဟုတ် ခြေဖဝါးမှ လေသက်ခြင်း

Posted_Date

Image

ခြေဖဝါးမှ အာကာသ သို့မဟုတ် ခြေဖဝါးမှ လေသက်ခြင်း

Body

လေသက်ခြင်းဆိုသည်မှာ  ဝမ်းအတွင်းမှ အပူအပုပ်တို့သည် လေ၏တွန်းအားကြောင့် အောက်သို့ သက်ဆင်းသွားခြင်းကို ဆိုလိုသည်။

ဝမ်းထဲတွင် အောင်းနေသော လေပူနှင့် လေပုပ်တို့သည် အစားမှား ခြင်း၊ အစာမကြေခြင်း၊  အစာဟောင်းအိမ်တွင် ဝမ်းများစုပုံနေခြင်းတို့ ကြောင့်ဖြစ်သည်။

အစာဟောင်းအိမ်မှ စုပုံနေသော ဝမ်းပုပ်နှင့် စမြင်းတို့မှ ထွက်သော အငွေ့သည် လေပူ၊ လေပုပ်ဖြစ်သည်။ ထိုလေပူ၊ လေပုပ်သည် လေလည် ပြီး ထွက်မသွားခဲ့လျှင် အထက်သို့ဆန်ပြီး အူမကြီးမှတစ်ဆင့် အူသိမ်၊ အူသိမ်မှ အစာသစ်အိမ်သို့ ပြန်လည်ရောက်ရှိကာ လေချဉ်တက်ခြင်း၊ ခံတွင်းနံ့နံခြင်းတို့ဖြစ်နိုင်သည်။ ထိုထက်ပိုဆိုးပါက အာခေါင်ခြောက်ခြင်း၊ အာသီးရောင်ခြင်းပင်ဖြစ်စေနိုင်သည်။

အကြောများသို့ ဆန်တက်သော လေပူသည် နှလုံးအိမ်သို့ ရောက်ရှိ ပြီး နှလုံးသွေးကြောများမှတစ်ဆင့် ဦးခေါင်းပိုင်းရှိ မျက်စိ၊ နားနှင့် ဦးနှောက်အတွင်းအထိ ရောက်ရှိကာ ဒုက္ခပေးနိုင်သည်။

အထက်သို့ တက်သောလေသည် လေကောင်းဖြစ်သော ထောက်ကန်  ဝါယောဖြစ်လျှင် စိုးရိမ်စရာမဟုတ်ပေ။ လေကောင်းမဟုတ်၊ လေပူလေပုပ်ဖြစ်လျှင် ဦးခေါင်းပိုင်းကို ဒုက္ခပေးနိုင်သည်။ ခေါင်းကိုက်ခြင်း၊ ခေါင်းမူးခြင်း၊ မျက်စိအမြင်မကြည်လင်ခြင်း၊ မျက်စိမှုန်ခြင်း၊ သူငယ်အိမ်စောင်းခြင်း၊ မျက်မှန်ဒီဂရီတိုးခြင်းတို့သည် လေပူအထက်သို့ တက်ခြင်းကြောင့် ဖြစ်ရသည်။

အထက်သို့တက်သောလေ၊ အပြစ်ပြုသောလေကို  အောက်သို့စုန် ဆင်းစေရန် လေလည်စေသောနည်းကို အသုံးပြုရမည်။ အစာကြေဆေး၊ လေဆေး၊ လေနှိမ်ဆေး၊ လေပူကျဆေး၊ အဓောဂမ‌ လေသက်ဆေး၊ လေပုပ်ထုတ်ဆေး၊ လေကွဲဆေး စသည်ဖြင့် လေဆေးပေါင်းများစွာရှိသည်။ 

လေသက် လေစုန်အောင် လေဆေးတိုက်သော်လည်း အောက်သို့ မသက်ဆင်းသောလေမှာ ပါဒရက်လေများဖြစ်သည်။ ပါဒဆိုသော ပါဠိ မှာ  ခြေထောက်ကိုညွှန်းသဖြင့်   ခြေထောက်သွေးကြောများအတွင်းသို့ ရောက်ပြီး ပိတ်သောလေဟု ဆိုနိုင်သည်။ ခြေနှစ်ဖက်ညောင်းကိုက်ပြီး တင်းမာကာ ကြွက်သားများ တောင့်တင်းမာကျောနေသည်ကို တွေ့ရ တတ်သည်။

ပါဒရက်ကြော  လေပိတ်သောအခါ လမ်းများများမလျှောက်နိုင်ချေ။ ခြေလှမ်းနှစ်ဆယ်၊ သုံးဆယ်မပြည့်မီ ခြေထောက်များနာကျင်လာသည်။ ခြေသလုံးသာမက  ပေါင်များတောင့်တင်းပြီး အနေရခက်လာသည်။

တချို့မှာ ခရီးသွားလျှင် ခေတ္တနားပြီး ပေါင်ကိုအနည်းငယ်ထုပေးပြီးမှ ဆက်သွားနိုင်သည်ကို တွေ့ရသည်။

ပါဒရက်လေသည် ဒူးဆစ်နှင့် တံကောက်ကြောများတွင် ပိတ်မိသော အခါ ဒူးနာရောဂါဖြစ်ရသည်။ ထိုဒူးနာရောဂါသည် သာမန်ဒူးနာခြင်းနှင့် မတူဘဲ ဒူးဆစ်ကြီးများ ဖောင်းကားပြီး ရောင်သကဲ့သို့ဖြစ်နေသည်။

ပါဒရက်ဒူးနာနှင့် ခြေထောက်နာရှိသူများသည် မိုးအုံ့လျှင် မနေနိုင် အောင် ကိုက်ခဲလေ့ရှိသည်။ တချို့မှာ မိုးမရွာမီ တစ်ရက်၊ နှစ်ရက်ကတည်း က ကြိုတင်ကိုက်ခဲနေလေ့ရှိသည်။   မိုးရွာပြီးနောက်ပိုင်းတွင်  ထူးခြားစွာ သက်သာသွားလေ့ရှိသည်။ ဆောင်းရာသီတွင်လည်း အေးသောအခါ ညဘက်တွင်  အိပ်မရအောင်ကိုက်သဖြင့်  မီးဖိုဖိုပြီး မီးလှုံမှ သက်သာ သောဝေဒနာမျိုးကို ဒူလာပါဒရက်နာဟုခေါ်ကြသည်။

ပါဒရက်တွင် ပိတ်မိနေသောလေသက်ရန် ဝမ်းနုတ်ဆေး၊ လေသက် ဆေးစားရုံဖြင့် မသက်နိုင်ပေ။ ဝမ်းနုတ်ဆေးနှင့် လေသက်ဆေးများ သည် အူမကြီးအဆုံးတွင် ပိတ်မိနေသော ဝမ်းပုပ်နှင့် စမြင်းကိုသာ ပယ်ထုတ်နိုင်သောသတ္တိရှိသောကြောင့်ဖြစ်သည်။

ပါဒရက်မှ လေသက်စေရန် အခိုးအာကာသရအောင် ပြုလုပ်ပေးရန်လိုသည်။ခြေနှစ်ဖက်၏ အခိုးအာကာသထွက်ပေါက်များ ခြေဖဝါးတွင်ရှိပေသည်။    ရှေးက  ဓာတ်ဆရာများသည်ပါဒရက်လေထွက်ပြီး အာကာသဓာတ်ရစေရန် မြေကြီးပေါ်တွင် ဖိနပ်မပါဘဲ လမ်းလျှောက် စေသည်။ မြေဓာတ်ပေး၍ အာကာသခေါ်သည်ဟုဆိုသည်။ မြေကြီးမှာ မြေပျော့၊ ရွှံ့စေးမြေမဖြစ်စေရ။ မာကျောသောမြေမျိုးဖြစ်ရန်လိုသည်။   

ကျောက်စရစ်အနည်းငယ်ရောသော   မြေမျိုးဖြစ်လျှင် ခြေဖဝါးတွင် ဖိပေး၊ နှိပ်ပေးသကဲ့သို့  ဖြစ်စေသဖြင့် ပို၍ကောင်းသည်။ ခြေဖဝါးတွင်  ပိတ်နေသောလေပူကို  အခိုးအာကာသအဖြစ် ထွက်စေနိုင်ပေသည်။

ခြေဖဝါးမှ အာကာသကိုရစေနိုင်သော တခြားနည်းမှာ ခြေဖဝါးဆားနင်းခြင်းနှင့် ခြေဖဝါးကိုဆားပွတ်ပေးခြင်းတို့ဖြစ်သည်။ ခါးအောက်ပိုင်းရေဖတ်ဝတ်(ရေစိုဝတ်)ခံအိပ်ပြီးခြေဖဝါးကိုဆားဖြင့်ပွတ်ရာ(တစ်နေ့သုံးကြိမ်)တစ်ပတ်ခန့်ကြာသော် ခြောက်လကြာ ခံစားခဲ့ရသော ခါးနာမှာ လုံးဝပျောက်ကင်းသွားသည်။

ခြေဖဝါးဆားပွတ်ပြီး ခါးအောက်မှ ရေစိုဝတ်ကို ထုတ်လိုက်တိုင်း ထိုရေစိုအဝတ်သည် ပူနွေးနေသည်။ ခါး၌ စုခဲနေသောအပူများက ရေစို အဝတ်သို့ အပူစီးကူးခြင်းဖြစ်သည်။ ထိုနည်းမှာ အချိန်ကုန်၊ ငွေကုန်သက်သာ၍ ထိရောက်လှသည်။

ခြေဖဝါးဆားပွတ်ခြင်းကို  နေ့စဉ်ပြုလုပ်ခြင်းဖြင့်  ဆံပင်မဖြူ၊ ထိပ် မပြောင်၊ သွားမကျိုးစေရန် ကာကွယ်ပေးသည်ဟုလည်း သိရသည်။

ဆံပင်ကျွတ်ခြင်း၊ ထိပ်ပြောင်ခြင်းသည် အသက်အရွယ်ကြီးလျှင် ဖြစ်နိုင်သည်မှာ မဆန်းသော်လည်း သက်လတ်ပိုင်း အသက် ၄၀ ခန့်နှင့် ဖြစ်လျှင် ပြဿနာတစ်ခုဖြစ်သည်။ ဆံပင်ကျွတ်ခြင်း၊ ထိပ်ပြောင်ခြင်းမှာ အနောက်နိုင်ငံများတွင်လည်း ကြီးမားသောပြဿနာတစ်ခုဖြစ်သည်။ ဆံပင်သန်ဆေး၊ ဆံပင်ပေါက်ဆေးများစွာရှိပြီး တန်ဖိုးလည်း အလွန်ကြီးသည်ကို တွေ့ရသည်။

တချို့မှာ  မျိုးရိုးကြောင့် ထိပ်ပြောင်သူများရှိသည်။  ငယ်စဉ်ကပင် ရှေ့ပိုင်းဆံပင်ပါးပြီး အသက် ၃၅ နှစ်ဝန်းကျင်ရောက်လျှင် စပြီးထိပ်ပြောင်လာသည်ကို တွေ့ရဖူးသည်။

တချို့မှာ မျိုးရိုးမရှိဘဲ အနေအထိုင်၊ အစားအသောက်ကြောင့်ဖြစ်သူများလည်းရှိသည်။  အပူအစပ်၊ အရက်၊ ရာသီဥတုဒဏ်တို့ကြောင့် ထိပ် ပြောင်သူများလည်းရှိသည်။ ငှက်ဖျားရောဂါကြောင့် ထိပ်ပြောင်သူများ လည်း တွေ့ဖူးသည်။ အဓိကငှက်ဖျားကြောင့်မဟုတ်ဘဲ သောက်ရသော ငှက်ဖျားရောဂါကုသဆေးများကြောင့် ဆံပင်ကျွတ်လွယ်ပြီး ထိပ်ပြောင် ရခြင်းလည်းဖြစ်နိုင်သည်။

ကင်ဆာရောဂါဖြစ်သူများတွင်လည်း ဆံပင်အားလုံးကျွတ်သွားသဖြင့် ထိပ်ပြောင်သွားသည်ကိုတွေ့ရဖူးသည်။ အထူးသဖြင့် ဓာတ်ကင်ရသူ များတွင် ပို၍ဖြစ်လေ့ရှိသည်။ ဆေးဒဏ်ကြောင့် နဂိုရုပ်ပျက်ပြီး ဖောသွပ် သွပ်ဖြစ်ခြင်း၊  ဆံပင်များကျွတ်ရာမှ ထိပ်ပြောင်ခြင်း၊ ခေါင်းတုံးရိတ်လိုက် ရခြင်းတို့ကြောင့် ကင်ဆာရောဂါဖြစ်ရမည်ကို ကြောက်ရွံ့ကြသည်။

ဆေးပြင်းမှန်သမျှသည် တေဇော၊ ဝါယောဓာတ် ပြင်းထန်သဖြင့် တန်ပြန်မှုမှာ အထက်သို့ တက်သည်ကို တွေ့ရလေ့ရှိသည်။ မြန်မာဆေး တွင်လည်း အဖောရောဂါကုထုံးတချို့တွင် ကနခိုစေ့ သို့မဟုတ် ဓာတ်ပြာပါသောဆေးများပေးပြီး ကုသသောအခါ အောက်သို့ ဝမ်းအကြိမ်များစွာ သက်ခြင်း၊  ဆီးအကြိမ်များစွာ သွားခြင်းတို့ဖြစ်သည်နှင့်  တစ်ပြိုင်နက်တည်းမှာပင် အထက်မှလည်း ခေါင်းချွေးများစွာထွက်ခြင်း၊ ဆံပင်ကျွတ်ခြင်းများ ဖြစ်လေ့ရှိသည်။ အထက်ရော အောက်ပါတွဲ၍ တွန်းကန်သောသဘောရှိသည်။

ဆံပင်ကျွတ်၊ ထိပ်ပြောင်သွားပြီးနောက် ခြေဖဝါးဆားပွတ်ပေးလျှင်ဆံပင်ပြန်ပေါက်လာမည်လားဟုမေးသူများရှိပါသည်။ကိုယ်တွေ့စမ်းကြည့်ဖူးသူမရှိသဖြင့် အတိအကျမပြောနိုင်သော်လည်း ဖြစ်နိုင်ခြေရှိသည်။

ခြေဖဝါးသို့ အပူအပုပ်အခိုးများထွက်သွားလျှင်ဦးခေါင်းငယ်ထိပ်မှ အပူကန်ခြင်းသက်သာပြီးဆံပင်အမြစ်အငုတ်များရှိနေသေးလျှင်ပြန်ပေါက်လာလိမ့်မည်ဟု ယူဆရပါသည်။

ဆံပင်ကျွတ်၍ ခြေဖဝါးဆားပွတ်သူများသည် ခါးတွင် ရေစိုဝတ်ပတ် ရန်မလိုပါ။ ဆားမပွတ်မီ ဒူးအောက်ပိုင်း ခြေနှစ်ဖက်စလုံးကို ရေအေးဖြင့်  လောင်းပေးပြီးနောက်   ဆားပွတ်နိုင်ကြောင်း   ရေးသားလိုက်ရပါသည်။