၂၀၂၅ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုရ ဇာတ်ကားများဖြင့် ပြန်လည်ပြသ ဆင်နွှဲမည့် တစ်နှစ်တစ်ခါ ကြုံတောင့်ကြုံခဲ ၂၀၂၆ ခုနှစ် မြန်မာ့ရုပ်ရှင် ရက်သတ္တပတ်ပွဲတော်
Posted_Date
Image
Body
မြန်မာ့ရုပ်ရှင်လောကရဲ့ အမြင့်ဆုံးဂုဏ်ဒြပ်ဖြစ်တဲ့ ၂၀၂၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု (အကယ်ဒမီ)ပေးပွဲကြီးကို ဖေဖော်ဝါရီလ ၇ ရက်ကအောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီဖြစ်ပါတယ်။ အကယ်ဒမီရွှေစင်ရုပ်တုဆုကြီးတွေကို ဘယ်ဇာတ်ကားတွေ၊ ဘယ်အနုပညာရှင်တွေက ဆွတ်ခူးသွားကြတယ်ဆိုတဲ့ ရင်ခုန်သံတွေမပျောက်သေးခင်မှာပဲ ရုပ်ရှင်ချစ်ပရိသတ်ကြီးအတွက် ဝမ်းသာစရာသတင်းကောင်းတစ်ခုထပ်မံရောက်ရှိလို့လာခဲ့ပါပြီ။
အဲဒါကတော့ မတ်လ ၈ ရက်မှာ ကျရောက်မယ့် နှစ်(၈၀)ပြည့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အကယ်ဒမီဆုရ ဇာတ်ကားကောင်းတွေကို တစ်နေရာတည်းမှာ စုစည်းကြည့်ရှုနိုင်မယ့် “၂၀၂၆ခုနှစ် မြန်မာ့ရုပ်ရှင်ရက်သတ္တပတ်ပွဲတော်”ကြီးကို ရန်ကုန်မြို့ရဲ့ အဆင့်မြင့်ရုပ်ရှင်ရုံကြီးဖြစ်တဲ့ Star Cinema မှာ ပြန်လည်ကျင်းပတော့မယ့်သတင်းပဲဖြစ်ပါတယ်။
စာဖတ်သူတို့ မှတ်မိကြဦးမယ်ထင်ပါတယ်။ ယမန်နှစ်ကလည်း ၂၀၂၄ ခုနှစ် ရုပ်ရှင်ထူးချွန်ဆုရ ဇာတ်ကားတွေကို စုစည်းပြီး အလားတူ ၂၀၂၅ ခုနှစ် မြန်မာ့ရုပ်ရှင်ရက်သတ္တပတ်ပွဲတော်ကို Star Cinema မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ဖူးပါတယ်။ အဲဒီတုန်းက ၂၀၂၄ ခုနှစ်အတွက် အကယ်ဒမီဆု ၁၆ ဆုတိတိချီးမြှင့်ခဲ့ရာမှာ ရုပ်ရှင်ဇာတ်ကား ခြောက်ကားက ဆွတ်ခူးရရှိခဲ့တာပါ။ အဲဒီဇာတ်ကား ခြောက်ကားကို ၂၀၂၄ ခုနှစ် မတ်လအတွင်းမှာ ရက်သတ္တပတ် သုံးပတ်ကြာအောင်ပွဲတော ်အသွင်နဲ့ပြသပေးခဲ့ပါတယ်။ အဲဒီအချိန်က ဆုရဇာတ်ကား အရေအတွက်ပေါ်မူတည်ပြီး ဇာတ်ကားတစ်ကားကို သုံးရက်နှုန်းနဲ့ အားရပါးရပြသပေးနိုင်ခဲ့ပါတယ်။
ဒီနှစ် ၂၀၂၆ ခုနှစ်အစီအစဉ်မှာတော့၂၀၂၅ ခုနှစ်အတွင်း ရုံတင်ပြသခဲ့တဲ့ ဇာတ်ကားပေါင်း ၇၂ ကားထဲကမှ ထူးချွန်ဆုတွေ ဆွတ်ခူးရရှိထားတဲ့ ထိပ်တန်းဇာတ်ကား ရှစ်ကားတိတိကို ရွေးချယ်ပြသ သွားမှာဖြစ်ပါတယ်။
ဒီနှစ်ရဲ့ပူပူနွေးနွေး အကယ်ဒမီဆုရတဲ့ ဇာတ်ကားတွေကို “၂၀၂၆ ခုနှစ် မြန်မာ့ရုပ်ရှင် ရက်သတ္တပတ်ပွဲတော်”အဖြစ် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်ကနေ စတင်ပြီး ဖေဖော်ဝါရီလ ၂၈ ရက်အထိ ဆက်တိုက်ပြသသွားမှာပါ။ နေရာကတော့ ရန်ကုန်မြို့ မိုးကောင်းလမ်းမကြီးပေါ်မှာရှိတဲ့ မြဝတီမီဒီယာစင်တာ (Myawaddy Media Center)က စတားရုပ်ရှင်ရုံ (StarCinema)မှာဖြစ်ပါတယ်။ နေ့စဉ်ရုပ်ရှင်ပြသချိန်တွေကိုတော့ နံနက် ၁၀ နာရီပွဲနဲ့ ညနေ ၆ နာရီပွဲဆိုပြီး တစ်ရက်ကို နှစ်ပွဲနှုန်း သတ်မှတ်ထားပါတယ်။
ယခင်နှစ် ပွဲတော်ကာလအတွေ့အကြုံများအရ ပြန်လည်ကြည့်ရှုလိုကြတဲ့ရုပ်ရှင် ချစ်ပရိသတ်တွေ၊ မကြည့်လိုက်ရတဲ့ ရုပ်ရှင်ကြည့်ပရိသတ်တွေရဲ့ စိတ်ဝင်စားမှု မြင့်မားခဲ့တာကိုတွေ့ရှိရပါတယ်။ ယခုနှစ် အစီအစဉ်တွင်မူ ပြသရက်မှာ ဇာတ်ကားတစ်ကားကို နှစ်ရက်နှုန်းသာရှိတဲ့အတွက် ရုပ်ရှင်ချစ်ပရိသတ်တို့ အနေနဲ့မိမိတို့ကြည့်ရှုလိုတဲ့ ဇာတ်ကားတွေအတွက် အချိန်နဲ့ရက်စွဲကို ကြိုတင်စိစစ်ပြင်ဆင်ထားသင့်ပါတယ်လို့လည်း အကြံပြုလိုပါတယ်။
ဖေဖော်ဝါရီလ ၇ ရက်က ကျင်းပခဲ့တဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲအခမ်းအနားကို နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် တက်ရောက်ချီးမြှင့်ခဲ့တာ ပရိသတ်တွေ၊ ရုပ်မြင်သံကြားလိုင်းတွေနဲ့ အွန်လိုင်းတွေကနေ ကြည့်ရှုရသူတွေအသိပါပဲ။ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဲဒီပွဲမှာ အနုပညာလောကသားတွေ အတွက် အားတက်စရာမိန့်ခွန်းစကား ပြောကြားခဲ့ပါတယ်။
“နိုင်ငံတော်အစိုးရအနေဖြင့် စာပေ၊ ရုပ်ရှင်၊ ဂီတ၊ သဘင် စသည့်နယ်ပယ်ကဏ္ဍ အသီးသီးတွင် ဖွံ့ဖြိုးတိုးတက်လာရန် အတွက် ဖြစ်သင့်ဖြစ်ထိုက်သည့် အားပေးကူညီမှုများကို လုပ်ဆောင်ပေးခဲ့ပြီး ဆက်လက်၍လည်း ကူညီပံ့ပိုးဆောင်ရွက်
ပေးသွားမည်ဖြစ်ကြောင်း”အတိအလင်း ပြောကြားခဲ့သလို ရုပ်ရှင်အနုပညာရှင်တွေကိုလည်း “ပြည်သူများကို ဖျော်ဖြေရေး သက်သက်သာမက နိုင်ငံ၏ယဉ်ကျေးမှုနှင့် ချစ်စဖွယ်မြန်မာ့ဓလေ့မြန်မာ့စရိုက်၊ မြန်မာ့ရေ၊ မြေ၊ တော၊ တောင် သဘာဝအလှအပများကိုဖော်ညွှန်းပြီး နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးကို ရှေးရှုရိုက်ကူးတင်ဆက်ပေးရန်” တိုက်တွန်းခဲ့ပါတယ်။ ဒါ့အပြင် “အမျိုးသားရေးနှင့်ယှဉ်ပြီး တိုင်းချစ်ပြည်ချစ်စိတ်၊ မျိုးချစ်စိတ်ထွန်းကားရေး၊ ပြည်သူများ အသိပညာတိုးတက်ရေး၊ နိုင်ငံတော်၏ ဦးတည်ချက်များ အောင်မြင်စေရေးတို့အတွက် ရိုက်ကူးတင်ဆက် ပေးကြရန်”လည်း ထပ်လောင်းမှာကြားခဲ့ပါတယ်။
မကြာမီကျင်းပမယ့် ဒုတိယအကြိမ်အကယ်ဒမီ ရုပ်ရှင်ရက်သတ္တပတ် ပွဲတော်မှာ ဘယ်ဇာတ်ကားကောင်းတွေကို ဘယ်ရက်တွေမှာ ကြည့်ရမလဲဆိုတာ အသေးစိတ်ပြောပြပါဦးမယ်။
ဖေဖော်ဝါရီလ (၁၃၊ ၁၄) - “နှင်းပွင့်စေရာ”
မေခရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးထုတ်လုပ်တဲ့ နှင်းပွင့်စေရာဇာတ်ကားရဲ့ ရုပ်ရှင်ဓာတ်ပုံထူးချွန်ဆုရှင် “သားကျော်”ရဲ့ရှုခင်းအလှအပနဲ့ကင်မရာအယူအဆ လက်ရာတွေကိုခံစားရမှာပါ။
ဖေဖော်ဝါရီလ(၁၅၊ ၁၆) - “မြေစာ”
ရွှေနဒီရွှေရည် ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ “မြေစာ” ဇာတ်ကားထဲက ပရိသတ်အချစ်တော် “မြင့်မြတ်”ရဲ့ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုနှင့် ထိုက်တန်လှတဲ့ ပီပြင်လွန်းတဲ့ သရုပ်ဆောင်ချက်တွေကို တွေ့မြင်ခံစားကြရပါမယ်။
ဖေဖော်ဝါရီလ (၁၇၊ ၁၈) - “ဗြောသံ”
ရွှေနဒီရွှေရည်ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ “ဗြောသံ” ဇာတ်ကားဖန်တီးရှင်ဖြစ်တဲ့ ဒါရိုက်တာထူးချွန်ဆုရှင် “ဩရသ”ရဲ့ ကျွမ်းကျင်ပိုင်နိုင်တဲ့ ရုပ်ရှင်ရိုက်ကူးမှုအနုပညာကို လွမ်းမောခံစားကြရပါမယ်။
ဖေဖော်ဝါရီလ (၁၉၊ ၂၀) - “မြို့ပြထဲကလမ်းမ”
Hunk ရုပ်ရှင်ထုတ်လုပ်ရေးရဲ့“မြို့ပြထဲကလမ်းမ” ဇာတ်ကားက ရုပ်ရှင်တည်းဖြတ်ဆုရှင် “ခွန် (Khun)”ရဲ့ ရုပ်ရှင်တည်းဖြတ်မှုစွမ်းရည်က ဇာတ်ကားကို ဘယ်လိုအချိတ်အဆက် မိမိရင်ထဲကို အရောက်ခေါ်ဆောင် သွားနိုင်သလဲဆိုတာကို ကြည့်ရှုခံစားနိုင်ကြပါမယ်။
ဖေဖော်ဝါရီလ (၂၁၊ ၂၂) - “မြစ်လက်တက်ပေမယ့် ရေစီးကကြမ်းတယ်”
မင်းမဟာ ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ “မြစ်လက်တက်ပေမယ့် ရေစီးကကြမ်းတယ်”ဇာတ်ကားရဲ့ ဝါရင့်သရုပ်ဆောင် “နေမျိုးအောင်”ရဲ့အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုရ သရုပ်ဆောင်ချက်တွေဟာ ဘယ်လောက်အထိ ပြောင်မြောက်သလဲဆိုတာကို မြင်တွေ့ကြည့်ရှုနိုင်ကြပါမယ်။
ဖေဖော်ဝါရီလ(၂၃၊ ၂၄) - “မောင့်မိဖုရား”
အောင်သီရိ ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ “မောင့်မိဖုရား” ဇာတ်ကားက ဒီနှစ်မှာ ဆုအများဆုံးရခဲ့တဲ့ ဇာတ်ကားပါ။ ဇာတ်ညွှန်းဆု(သီလံ)၊ အမျိုးသမီးဇာတ်ပို့ဆု (ခိုင်နှင်းဝေ)၊ အမျိုးသမီးဇာတ်ဆောင်ဆု(ရတနာဗို)တို့ပေါင်းစပ်ထားတဲ့ အနုပညာလက်ရာမွန်ကို ရသအစုံအလင်နှင့် ရင်နင့်အောင် ခံစားကြည့်ရှုကြရပါမယ်။
ဖေဖော်ဝါရီလ(၂၅၊ ၂၆) - “ပန်းမြိုင်လယ်မှ ဥယျာဉ်မှူး”
Hein Film Production က ထုတ်လုပ်တဲ့ “ပန်းမြိုင်လယ်မှ ဥယျာဉ်မှူး”ဇာတ်ကားကတော့ တစ်နှစ်တာရဲ့ အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆုကြီးကို ဆွတ်ခူးထားတဲ့ဇာတ်ကားဖြစ်လို့ လက်လွတ်မခံဘဲ အရောက်ကြည့်ရှုခံစားကြရမယ့်ဇာတ်ကားကြီးတစ်ကားဖြစ်ပါတယ်။
ဖေဖော်ဝါရီလ(၂၇၊ ၂၈) - “နတ်ဝင်သည်”
W Entertainment ရုပ်ရှင်ထုတ်လုပ်ရေးရဲ့လက်ရာ “နတ်ဝင်သည်”ဇာတ်ကားနှင့် ပွဲတော်ကို အဆုံးသတ်မှာဖြစ်ပြီး အဲဒီဇာတ်ကားက ရုပ်ရှင်အသံထူးချွန်ဆုရှင် “ကိုဂျိုး”ရဲ့ အသံဖန်တီးမှုအနုပညာ စွမ်းရည်တွေက ဇာတ်ကားကို ဘယ်လိုရုပ်လုံးကြွ သက်ဝင်လာစေသလဲဆိုတာကို ကြည့်ရှုခံစားကြရမှာဖြစ်ပါတယ်။
ယခုနှစ်မှာ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုရခဲ့ကြတဲ့ ဇာတ်ကားတွေ ဘာကြောင့် ထိုက်ထိုက်တန်တန်ဆုတွေရရှိခဲ့သလဲ ဆိုတာ ကိုယ်တိုင်ကိုယ်ကျ အကဲဖြတ်နိုင်ဖို့၊ အဲဒီဇာတ်ကားတွေ ရုံတင်စဉ်က မကြည့်လိုက်ရသူတွေကြည့်နိုင်ကြစေဖို့၊ဒါမှမဟုတ်ကြည့်ပြီးသူတွေလည်း ထပ်မံကြည့်ရှုခံစားနိုင်စေဖို့၊ ပြီးတော့မိမိတို့ ချစ်ခင်အားပေးရတဲ့ အနုပညာရှင်တွေရဲ့ အောင်မြင်မှုကို အတူတကွဂုဏ်ပြုဖို့အတွက် လာမယ့်မတ်လ ၈ ရက်မှာ ကျရောက်မယ့် မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးနှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အကယ်ဒမီဆုရဇာတ်ကားကောင်းတွေကို သတ်မှတ်ရုံဝင်ကြေး နဲ့ တစ်နေရာတည်းမှာ စုစည်းကြည့်ရှုနိုင်ကြမယ့် ရန်ကုန်မြို့ မိုးကောင်းလမ်းမကြီးပေါ်ရှိ Star Cinema ကို အရောက်လှမ်းခဲ့ကြဖို့ ရုပ်ရှင်ချစ်သူ အားလုံးကို လေးစားစွာနဲ့ ဖိတ်ခေါ်လိုက်ရပါတယ်။ ။
MWD
