ဦးနှောက်သွေးကြောပိတ်ခြင်းလက္ခဏာများ
Posted_Date
Image
Body
ဦးနှောက်သွေးကြောပိတ်ခြင်း သို့မဟုတ် သွေးကြောပေါက်ခြင်း သို့မဟုတ် လေဖြတ်ခြင်းသည် ဦးနှောက်သို့ သွေးထောက်ပံ့မှု ပြတ်တောက်ခြင်းကြောင့် တစ်သျှူးများ ပျက်စီးခြင်းနှင့် အာရုံကြောဆိုင်ရာ လုပ်ဆောင်မှုဆုံးရှုံးခြင်းတို့ ဖြစ်စေသောလက္ခဏာတစ်ရပ် ဖြစ်သည်။
ဦးနှောက်သွေးကြောပေါက်ခြင်းသည် ဦးနှောက်၏အစိတ်အပိုင်းတစ်ခုသို့ သွေး စီးဆင်းမှု ပိတ်ဆို့သွားသောအခါတွင် ဖြစ်တတ်ပြီး ပုံမှန်အနေဖြင့် သွေးခဲခြင်းကြောင့် ဦးနှောက်ဆဲလ်များသေဆုံးစေသည်။ ကျန်သွေးထောက်ပံ့မှု ဖြတ်တောက်ခြင်းသည် ထိခိုက်ခံရသည့်ဧရိယာ၏တည်နေရာနှင့် အရွယ်အစားပေါ်မူတည်ပြီး ပြင်းထန်သောအာရုံကြောဆိုင်ရာထိခိုက်မှုဖြစ်စေနိုင်သည်။ ဦးနှောက်သွေးကြောပိတ်ခြင်းသည် အထူးသဖြင့်လေဖြတ်ခြင်းတစ်မျိုးဖြစ်ပြီး လေဖြတ်ခြင်း အားလုံး၏ ၈၇ ရာခိုင်နှုန်းခန့်မှာ ဦးနှောက် သွေးကြောပိတ်ခြင်းကြောင့်ဖြစ်သည်။
ဦးနှောက်အတွင်းရှိ သွေးကြောများ ပေါက်ပြဲပြီး ဦးနှောက်တစ်သျှူးများပေါ်တွင် သွေးထွက်ခြင်းနှင့် ဖိအားများ ဖြစ်ပေါ်စေသောအခါ သွေးယိုလေဖြတ်ခြင်းဖြစ်ပေါ်နိုင်သည်။ ဤနှစ်မျိုးခြားနားချက်ကို နားလည်မှသာ တိကျသော အဖြေရမည်ဖြစ်သည်။
ဦးနှောက်သွေးကြောပိတ်ခြင်းသည် အမျိုးမျိုးသော အကြောင်းရင်းများ ကြောင့်ဖြစ်နိုင်ပြီး သွေးလှည့်ပတ်မှုကိုဟန့်တားသော သွေးကြောအတွင်း သွေးခဲဖွဲ့စည်းခြင်းလည်းပါဝင်သည်။ ဤသွေးခဲသည် ကျဉ်းနေပြီဖြစ်သော သွေးကြောများကို ပေါက်စေနိုင်သည်။ သွေးကြောကျဉ်းခြင်း၊ သွေးကြောနံရံများအတွင်း အဆီများစုပုံလာခြင်းက လက္ခဏာတစ်ရပ်ဖြစ်သည်။ ဦးနှောက်သွေးကြောပေါက်သည့်အခါ သွေးခဲက သွေးကြောအတွင်း ပိတ်ဆို့ သွား၍ လေဖြတ်ခြင်းဖြစ်စေသည်။
လေဖြတ်ခြင်းဆိုသည်မှာ ဦးနှောက်သို့ အောက်ဆီဂျင်နှင့်အာဟာရများသယ်ဆောင်ပေးသည့် သွေးကြောများပေါက်ထွက်ခြင်း သို့မဟုတ် ပိတ်ဆို့ခြင်း သို့မဟုတ် ပေါက်ပြဲခြင်းကြောင့်ဖြစ်ပေါ်သော ကျန်းမာရေးအခြေအနေတစ်ရပ်ဖြစ်သည်။ ဦးနှောက်၏အစိတ်အပိုင်း တစ်ခုတွင် အောက်ဆီဂျင်ရရှိမှုပြတ်တောက်ပြီး ဆဲလ်သေများကိုဖြစ်ပေါ်စေနိုင်သည်။
ဦးနှောက်သွေးကြော ပိတ်ခြင်း၏လက္ခဏာရပ်များမှာ-
စကားပြောခြင်းနှင့်နားလည်ရန်ခက်ခဲခြင်း
စကားပြောရာတွင် ဆက်စပ်ရှုပ်ထွေးမှုများ၊ မကျေမနပ်ဖြစ်မှုနှင့် တခြားသူ တစ်ဦး၏စကားပြောဆိုမှုကို နားလည်ရန် ခက်ခဲမှုများရှိနိုင်သည်။
ထုံကျဉ်ခြင်း
လူတစ်ဦးသည် အများအားဖြင့် မျက်နှာ၊ လက်မောင်း သို့မဟုတ် ခြေထောက်ကဲ့သို့ ခန္ဓာကိုယ်အစိတ်အပိုင်းများ ရုတ်တရက်ထုံကျဉ်ခြင်း၊ အားနည်းခြင်း သို့မဟုတ် သွက်ချာပါဒဖြစ်ခြင်းများရှိနိုင်သည်။
အမြင်အာရုံမှုန်ဝါးခြင်း
လူတစ်ဦးသည် မျက်လုံးတစ်ဖက် သို့ မဟုတ် နှစ်ဖက်စလုံးတွင် နှစ်ဆမှုန်ဝါးခြင်း သို့မဟုတ် မည်းမှောင်နေသည့် အမြင်အာရုံဆိုင်ရာ အနှောင့်အယှက်တစ်ခုခုတွေ့ကြုံရနိုင်သည်။ ထိုအခါ လမ်းလျှောက်ရခက်ခဲခြင်းများဖြစ်လာသည်။
ရုတ်တရက်ပြင်းထန်စွာခေါင်းကိုက်ခြင်း
လေဖြတ်ခြင်းနှင့်ဆက်စပ်သောခေါင်း ကိုက်ခြင်းသည် ရုတ်တရက်ပြင်းထန်နိုင်ပြီး အော့အန်ခြင်း၊ မူးဝေခြင်း သို့မဟုတ် သတိလစ်ခြင်းတို့နှင့် ဆက်စပ်နေနိုင်သည်။
ဦးနှောက်သွေးကြောပိတ်ခြင်းသည် ရုတ်တရက်ဖြစ်တတ်သော်လည်း ပထမဆုံးပြသည့်လက္ခဏာသည် မျက်နှာတွင်ဖြစ်ပြီး ယင်းလက္ခဏာကို ဆောလျင်စွာသိရှိပါက အသက်တစ်ချောင်းကိုကယ်တင်နိုင်ကာ ရေရှည်ထိခိုက်ပျက်စီး မှုကို တားဆီးနိုင်သည်။ အဆိုပါလက္ခဏာများသည် မသိမသာပေါ်ပေါက်တတ်သော်လည်း တစ်ခုခုမှားယွင်းနေပြီဟု ခန္ဓာကိုယ်က ပြောပြနေသော နည်းလမ်းဖြစ်ပြီး ဂရုစိုက်သင့်သည့် အရာများဖြစ်သည်။ လူတစ်ဦး၏မျက်နှာပေါ်တွင် တွေ့မြင်ရနိုင်သော ဦးနှောက်သွေးကြောပိတ်သည့် လက္ခဏာများထဲမှ တချို့ကို ဖော်ပြပေးပါမည်။
မျက်နှာတစ်ခြမ်းရွဲ့ခြင်း
ဦးနှောက်သွေးကြောပိတ်သည့် လက္ခဏာထဲမှ အဖြစ်အများဆုံးနှင့် အထင် ရှားဆုံးက မျက်နှာတစ်ခြမ်း ရုတ်တရက်ရွဲ့ခြင်း ဖြစ်သည်။ လူနာကိုပြုံးပြခိုင်းပါက နှုတ်ခမ်းတစ်ဖက်က အပေါ်ကိုတက်သွားပြီး ကျန်သည့်တစ်ဖက်က ပြားချပ်နေသည် သို့မဟုတ် ရွဲ့နေတတ်သည်။ ထိုသို့ဖြစ်ရသည်မှာ ဦးနှောက်သွေးကြောပိတ်သည့်အခါ မျက်နှာကြွက်သားကို ထိန်းချုပ်ပေးသည့် ဦးနှောက်အစိတ်အပိုင်း ထိခိုက်စေနိုင်၍ဖြစ်သည်။ နာကျင်မှုမရှိသော်လည်း မြင်သာထင်သာရှိစေသည်။
မျက်နှာတစ်ခြမ်းထုံကျဉ်ခြင်း
ထုံကျဉ်ခြင်းသည် လက်မောင်းနှင့် ခြေထောက်များတွင်သာ ကန့်သတ်ထိခိုက်ခြင်းမဟုတ်ပေ။ ဆူးစူးသကဲ့သို့၊ပုရစ်တက်သကဲ့သို့ ခံစားရသည့်နာကျင်မှုကို မျက်နှာပေါ်တွင်လည်း ခံစားရနိုင်သည်။ ဦးနှောက်သွေးကြောပိတ်ခြင်းသည် မျက်နှာတစ်ခြမ်းတွင် ရုတ်တရက်ထုံကျဉ်မှုဖြစ်စေနိုင်သည်။ ယင်းကို အရေပြားက ခံစားနိုင်သည်။ ထိုထူးဆန်းသည့်ခံစားချက်သည် မသက်မသာဖြစ်စေသည်။
ရုတ်တရက်ပေါ်လာပြီး အချိန်ကြာလာ သည့်တိုင် ပျောက်မသွားပါက လျစ်လျူရှုထား၍မရဘဲ ကုသမှုခံယူသင့်သည်။
စကားပြောမပီမသဖြစ်ခြင်း
မျက်နှာကြွက်သားများသည် စကားပြောရန်၊ ပြုံးရန်ကူညီပေးသည်။ ထိုကြွက်သားများထိခိုက်သွားလျှင် စကားကို မြန်မြန်ဆန်ဆန်နှင့် ပီသစွာမပြောနိုင်တော့ပေ။ လူနာက စကားပြောရာတွင် အလွန်ပြုံးပေးရသကဲ့သို့ ခက်ခဲနေတတ်ပြီး အဓိပ္ပာယ်မရှိသောစကားလုံးများကိုသုံးနှုန်းနေပါက ယင်းမှာ ဦးနှောက် သွေးကြောပိတ်ရန် အရေးကြီးဆုံး သတိပေးချက်များထဲမှ တစ်ခုဖြစ်၍ အလေးအနက်ထားသင့်သည်။
ပါးစပ်ရွဲ့ခြင်း
မညီမညာဖြစ်နေသည့် မျက်နှာအမူ အရာတွေ့ရပါက ပါးစပ်ရွဲ့ခြင်းဖြစ်နိုင် သည်။ အပြည့်အဝ မပြုံးနိုင်သည့်အတွက် ပါးစပ်က ညီညာမှုမရှိနိုင်ခြင်း သို့မဟုတ် နှုတ်ခမ်းထောင့်တစ်ခုက တခြားတစ်ဖက် ထက် ပိုနိမ့်ကျသကဲ့သို့ ဖြစ်ပေါ်နေခြင်း ကို သတိထားမိနိုင်သည်။
အထူးသဖြင့် အနားယူချိန်၊ စကား ပြောချိန် သို့မဟုတ် ခံစားချက်တစ်ခုခုဖြစ်နေချိန်များတွင် ပို၍သိသာနိုင်သည်။ တစ်ခါတစ်ရံမသိသာသော်လည်း တခြားလက္ခဏာများနှင့်တွဲ၍ဖြစ်လာလျှင် အဓိကအချက်ပြချက်တစ်ခုအဖြစ် သတိပြုရ မည်ဖြစ်သည်။ ၎င်းတို့၏ရေသောက်နိုင်စွမ်း သို့မဟုတ် မျိုချနိုင်စွမ်းကိုလည်း ထိခိုက်စေနိုင်သည်။
ကုသခြင်း
အဆိုပါလက္ခဏာတစ်ခုခုကို သတိ ထားမိပါက အထူးသဖြင့် တစ်ခုထက်ပို ပြီး တစ်ချိန်တည်းဖြစ်နေပါက မစောင့်ဘဲဆေးရုံ၊ ဆေးခန်းသို့ ချက်ချင်းသွားသင့် သည်။ လက္ခဏာများက မိနစ်အနည်းငယ်ကြာပြီးနောက် ပျောက်သွားသည်ဆိုလျှင်ပင် ဦးနှောက် သွေးကြောပိတ်ခြင်း သို့မဟုတ် ကြီးကြီးမားမားသွေးကြောပိတ်ခြင်း၏ နောက်ဆက်တွဲသတိပေးချက်တစ်ခု ဖြစ်လာနိုင်သည်။
အဓိကလက္ခဏာများ
အဓိကလက္ခဏာများကို မှတ်မိရန် ရိုးရှင်းသောနည်းလမ်းရှိသည်။ မျက်နှာ ရွဲ့သည်။ လက်မောင်းအားနည်းသည်။ စကားပြောရန် အခက်အခဲရှိနေသည်။ ထိုအခါမျိုးတွင် အရေးပေါ်ဝန်ဆောင်မှုခေါ်ချိန်သင့်ပြီဖြစ်သည်။
သတိပြုရမည်မှာ အဆိုပါလက္ခဏာများသည် တခြားရောဂါအမျိုးအစားများနှင့်လည်း ဆက်စပ်နေနိုင်သဖြင့် သင့်လျော်သည့် ရောဂါရှာဖွေမှုအတွက် ကျန်းမာရေးပညာရှင်တစ်ဦးဦးနှင့် တိုင်ပင်ဆွေးနွေးသင့်သည်။
တခြားရောဂါလက္ခဏာများ
မျက်နှာ၊ လက် သို့မဟုတ် ခြေထောက် စသည်တို့ ထုံကျဉ်သည် သို့မဟုတ် အားနည်းသည်။ စိတ်ရှုပ်ထွေးသည်။ စကားပြောရန် သို့မဟုတ် နားလည်ရန်ခက်ခဲသည်။ မျက်လုံးတစ်ဖက် သို့မဟုတ် နှစ်ဖက်စလုံး အမြင်ဝေဝါးခြင်း သို့မဟုတ် မမြင်ရခြင်း၊ လမ်းလျှောက်ရခက်ခဲခြင်း၊ခေါင်းမူးခြင်း သို့မဟုတ် ဟန်ချက်မညီခြင်း၊ အကြောင်းရင်းမရှိ ပြင်းထန်စွာ ခေါင်းကိုက်ခြင်းတို့ဖြစ်စေသည်။
အမျိုးသားနှင့် အမျိုးသမီး လက္ခဏာ
မတူညီသည်များလည်းရှိသည်။ လေဖြတ် သည့်အမျိုးသားများနှင့် အမျိုးသမီးများတွင် တူညီသည့်လက္ခဏာများမှာ မျက်နှာတွဲကျခြင်း၊ ရွဲ့ခြင်း၊ လက်အားနည်းခြင်းနှင့် စကားပြောခက်ခဲခြင်း စသည့်လေဖြတ်ခြင်းနှင့်ဆင်တူသောလက္ခဏာကို မကြာခဏခံစားရလေ့ရှိခြင်းပင်ဖြစ်သည်။
အမျိုးသားနှင့် အမျိုးသမီး နှစ်ဦးစလုံးတွင်တွေ့ရတတ်သည့် တခြားလက္ခဏာများမှာ မျက်လုံးတစ်ဖက် သို့မဟုတ် နှစ်ဖက်စလုံး အမြင်အာရုံဆိုင်ရာပြဿနာများနှင့် ဟန်ချက်မညီညာခြင်း သို့မဟုတ် ကိုယ်ခန္ဓာညီညွတ်မှုမရှိခြင်းတို့ ဖြစ်သည်။
အမျိုးသမီးများတွင် ခန္ဓာကိုယ် ယေဘုယျအားနည်းခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ မအီမသာဖြစ်နေခြင်း သို့မဟုတ် မှတ်ဉာဏ်ဆိုင်ရာပြဿနာများ၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ပျို့အန်ခြင်း သို့မဟုတ် အန်ခြင်းတို့ ဖြစ်နိုင်သည်။
လေဖြတ်ခြင်း ရှိ၊ မရှိ ဓာတ်မှန်၊ စီတီ၊ အမ်အာအိုင်ရိုက်၍ ဆုံးဖြတ်ချက်ပေး နိုင်ပြီး ၂၄ နာရီအတွင်းဖြစ်လျှင် လေမဖြတ် ဆေးထိုးနှံကုသနိုင်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
MWD
Photo Credit to Asia Royal Hospital
