ခရမ်းသီးမှပေးသော ကျန်းမာရေးအကျိုးကျေးဇူးများ
Posted_Date
Image
Body
လူတိုင်းနီးပါး ကြိုက်နှစ်သက်သော ခရမ်းသီးကို မီးဖုတ်ခြင်း၊ အစိမ်းစားခြင်း၊ ဟင်းချက်ခြင်းနှင့် သုပ်စားခြင်းတို့ဖြင့် စားသုံးနိုင်ပြီး ခန္ဓာကိုယ်အတွက် ကောင်းကျိုးများစွာ ရရှိစေနိုင်သည်။ ခရမ်းသီးသည် Solanaceae မျိုးရင်းဝင်ဖြစ်ပြီး အင်္ဂလိပ်အမည် Eggplant / Brinjal ဟုခေါ်ကာ ရုက္ခဗေဒအမည်မှာ Solanum melongena ဖြစ်သည်။
ခရမ်းသီးအမျိုးအစားများ
ခရမ်းသီးကို သက်ကြီးပင်ထောင်မျိုး၊ တစ်ဝက်ပြန့်မျိုးနှင့် သက်လျင်ပြန့်မျိုးဟူ၍ ခွဲခြားနိုင်သည်။ မြန်မာနိုင်ငံတွင် အရှည်မျိုး (ဆင်စွယ်ခရမ်း)၊ အလုံးမျိုးနှင့် လုံးရှည်မျိုး (ထောပတ်ခရမ်း) ဟူ၍ စိုက်ပျိုးကြသည်။ အရောင်အနေဖြင့် ခရမ်း၊ အစိမ်းနှင့် အဖြူရောင်တို့ရှိသည်။
ခရမ်းသီးစားသုံးပုံများ
ခရမ်းသီးကို ခရမ်းသီးနှပ်၊ သုပ်၊ အစာသွတ်၊ ကြော်နှင့် တို့စရာအဖြစ် စားသုံးကြသည်။ မီးဖုတ်ခရမ်းသီးသုပ်သည် မြန်မာလူမျိုးများအကြား အထူးနှစ်သက်သော အစားအစာတစ်ခုဖြစ်သည်။ ယခုအခါ စားသောက်ဆိုင်များနှင့် ဟိုတယ်များတွင်လည်း ခရမ်းသီးဟင်းလျာများကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာကြသည်။
ခရမ်းသီးတွင်ပါဝင်သော အာဟာရများ
ခရမ်းသီးတွင် ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်း၊ ဗီတာမင်များနှင့် သတ္တုဓာတ်များပါဝင်ပြီး သံဓာတ်၊ မဂ္ဂနီဆီယမ်နှင့် ဗီတာမင် K တို့ကြွယ်ဝသည်။
ကျန်းမာရေးအကျိုးကျေးဇူးများ
ခရမ်းသီးတွင် နှလုံးကာကွယ်ပေးသည့် ဒြပ်ပေါင်းများပါဝင်၍ သွေးကြောလုပ်ဆောင်ချက်ကို ကောင်းမွန်စေသည်။ အခွံတွင်ပါသော Nasunin ဓာတ်သည် ဦးနှောက်ဆဲလ်များကို ကာကွယ်ပေးသည်။
အမျှင်ဓာတ်ကြွယ်ဝခြင်းကြောင့် အစာအိမ်နှင့် အူလမ်းကြောင်းကျန်းမာစေပြီး ကိုလက်စထရောလျှော့ချနိုင်သည်။ Flavonoids နှင့် Potassium တို့ကြောင့် နှလုံးရောဂါအန္တရာယ်လျော့နည်းစေသည်။
ကင်ဆာရောဂါကာကွယ်နိုင်သည့် Polyphenol နှင့် Anthocyanin ဓာတ်များပါဝင်ပြီး မှတ်ဉာဏ်စွမ်းအားတိုးတက်စေသည်။
ကယ်လိုရီနည်းပါးသဖြင့် ကိုယ်အလေးချိန်ထိန်းညှိရာတွင် အထောက်အကူဖြစ်ပြီး အသည်းကျန်းမာရေးကိုလည်း ကာကွယ်ပေးနိုင်သည်။
အမျိုးအစား-၂ ဆီးချိုရောဂါကို ထိန်းချုပ်ရာတွင်လည်း အထောက်အကူပြုကာ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်သည်။
အရိုးကျန်းမာရေး၊ အရေပြားလှပရေးနှင့် စိတ်ကျရောဂါလက္ခဏာများ လျော့နည်းစေရန်လည်း ခရမ်းသီးက အကျိုးပြုသည်။
သတိပြုရန်
ခရမ်းသီးသည် လူတိုင်းနှင့်တည့်သော်လည်း လေပွစေနိုင်သဖြင့် အလွန်အကျွံမစားသင့်ပါ။ ကြော်စားပါက ဆီစုပ်လွယ်သောကြောင့် သတိပြုရန်လိုအပ်သည်။
ခရမ်းသီးသည် အာဟာရဓာတ်များကြွယ်ဝပြီး နှလုံး၊ ဦးနှောက်၊ အရေပြားနှင့် အရိုးကျန်းမာရေးကို အထောက်အကူပြုကာ အစာခြေစနစ်ကိုလည်း ကောင်းမွန်စေသည်။
MWD
