အဖြစ်များသော အသည်းအဆီဖုံးရောဂါ

Posted_Date

Image

အဖြစ်များသော အသည်းအဆီဖုံးရောဂါ

Body

         အသည်းသည် လူ့ခန္ဓာကိုယ်အတွင်းရှိ အင်္ဂါအစိတ်အပိုင်းများတွင် အကြီးမားဆုံးကိုယ်တွင်း ကလီစာတစ်ခုဖြစ်ပြီး  ခန္ဓာ ကိုယ်၏ညာဘက်အပေါ်ပိုင်း နံရိုးအောက် ၌ တည်ရှိသည်။ 

အသည်း၏ လုပ်ငန်းဆောင်တာများလူတို့ပါးစပ်က    စားသောက်လိုက်သောအစားအစာများတွင် ပါဝင်သည့် ပရိုတင်းနှင့် အဆီများကို  အသည်းက ခွဲခြားချေဖျက်ပေးခြင်း၊    သွေးနှင့်အတူ ပါလာသော အဆိပ်အတောက်များနှင့် ခန္ဓာကိုယ်အတွက်   မလိုလားအပ်သော ဘေးထွက်ဓာတုပစ္စည်းများကို အသည်း က အချိန်တိုအတွင်း ချေဖျက်ပေးခြင်းနှင့် နှလုံးသို့ သန့်စင်သောသွေးများ ရောက်ရှိ စေရန် ဆောင်ရွက်ပေးခြင်း စသည့် ကြီးလေးသော  လုပ်ငန်းဆောင်တာများ ကို အသည်းက ၂၄ နာရီပတ်လုံး တာ၀န် ယူပေးသည်။

ထို့ပြင်အသည်း၏   ထူးခြားသော နောက်ထပ်လုပ်ငန်းတစ်ခုမှာ သည်းခြေ ရည်များ ထုတ်လုပ်ပေးခြင်းဖြစ်သည်။ အဆိုပါသည်းခြေရည်များသည် အဆီပါ သောအစားအစာများကို     ချေဖျက်ပေး ခြင်း၊   အဆီဓာတ်များ  စုပ်ယူခြင်းနှင့် ဗီတာမင်ဓာတ်များကို  ခန္ဓာကိုယ်က အသုံးပြုနိုင်ရန် ဆောင်ရွက်ပေးသည်။ အသည်းသည် အစဉ်မပြတ်လှုပ်ရှားနေ သော အင်္ဂါအစိတ်အပိုင်းဖြစ်ပြီး အသည်း ၏လုပ်ငန်းတာ၀န်မှာ   အလွန်များပြား သကဲ့သို့   အသည်းတွင်  ဖြစ်တတ်သော ရောဂါများမှာလည်း    အလွန်များပြားသည်။ ယင်းတို့အနက် အသည်းအဆီဖုံး ရောဂါသည်လည်း တစ်ခုအပါအ၀င်ဖြစ်သည်။ 

အသည်းအဆီဖုံးခြင်း

     အသည်းအဆီဖုံးရောဂါသည် အသည်း တစ်ခုလုံးကို အဆီများဖုံးလွှမ်းနေခြင်းမျိုးမဟုတ်ဘဲ အသည်းထဲက ဆဲလ်တချို့မှာ အဆီအိတ်ဥလေးများ စုဝေးနေခြင်းဖြစ်သည်။ ကျန်းမာနေသူတစ်ဦး၏ အသည်းထဲတွင် အဆီဥစုနေသော အသည်းဆဲလ်အနည်းငယ်မျှသာရှိသည် သို့မဟုတ် မရှိသလောက် လွန်စွာနည်းပါးသည်။ အရွယ် ရောက်ပြီးသူလူတစ်ဦး၏   အသည်းထဲ တွင် အဆီဓာတ် ၅ ရာခိုင်နှုန်းသာ ရှိသင့် သည်။   အကယ်၍   ယင်းပမာဏထက် ပိုများနေပါက    အသည်းအဆီဖုံးရောဂါ (Fatty Liver Disease) ဖြစ်သည်။ အဖြစ် များသော ရောဂါတစ်ခုဖြစ်ပြီး အချိန်မီ မထိန်းချုပ်နိုင်ပါက အသည်းခြောက်သည် အထိ ဖြစ်နိုင်သည်။

အသည်းအဆီဖုံးရခြင်းအကြောင်းများ

အောက်ဖော်ပြပါအခြေအနေ (၃) ရပ် ကြောင့် အသည်းအဆီဖုံးခြင်းဖြစ်တတ် သည်။

-          Alcoholic   Steatohepatitis  (ခေါ်) အရက်    အလွန်အကျွံသောက်ခြင်း ကြောင့် အသည်းတွင် ဒဏ်ရာဖြစ်လာ သည့် အသည်းအဆီဖုံးရောဂါတစ်မျိုး ဖြစ်သည်။

-          Non-alcoholic  steatohepatitis (NASH) (ခေါ်) အရက်ကြောင့်မဟုတ် ဘဲ သာမန်လူများတွင်ဖြစ်သော အဆီဖုံးရောဂါတစ်မျိုးဖြစ်သည်။   အထူး သဖြင့်  အ၀လွန်သူ၊   လမ်းလျှောက်နည်းသူ၊ ကိုယ်လက်လှုပ်ရှားမှုနည်းသူ၊ အအိပ်အနေလွန်ကဲသူ၊ အဆီအအိမ့် အစားများသူ၊ ဇိမ်ခံလွန်းသူ၊ ဆီးချို၊ သွေးတိုး၊ သွေးအတွင်းအဆီများသူ နှင့် အသက် ၅၀ ကျော် အမျိုးသမီးများ တွင် ပို၍အဖြစ်များသည်။

-          Acute Fatty Liver (ခေါ်) ကိုယ်ဝန် ဆောင်စဉ်       အလွန်ဆိုးရွားသည့် အသည်းအဆီဖုံး  ရောဂါတစ်မျိုးဖြစ် သည်။

ရောဂါလက္ခဏာများ

    လူအများစုတွင်    ရောဂါလက္ခဏာသိသိသာသာမပြတတ်ပေ။  အသည်းအင်ဇိုင်းများ မြင့်တက်လာချိန်မှသာ ဗိုက်၏ ညာဘက်အပေါ်ပိုင်း (အသည်းရှိရာ နေရာ)အနည်းငယ်အောင့်ခြင်း သို့မဟုတ် တင်းခြင်း၊ လက်ယာဘက်ရင်ဘတ်အောက်ပိုင်း မအီမသာဖြစ်ခြင်း၊ အတန်ငယ်နာကျင်ခြင်း၊ ကိုယ်ခံအားနည်းခြင်း၊ အစားအသောက်ပျက်ခြင်း၊   အမြဲတမ်းနုံးချည့်နေခြင်း၊    ရောဂါရင့်လာချိန်တွင် အသားဝါခြင်း စသည်ဖြင့် ခံစားရသည်။ ဖော်ပြပါရောဂါလက္ခဏာများက အသည်း အရွယ်အစားကြီးမားနေပြီဖြစ် ကြောင်းကို ဖော်ပြနေပြီး အချိန်ကြာလာသည်နှင့်အမျှ နောက်ဆက်တွဲဆိုးကျိုးအဖြစ် အသည်းခြောက်လာနိုင်သည်။ 

အသည်းခြောက်လာပါက  အထက်ဖော်ပြပါ    ရောဂါလက္ခဏာများအပြင် အသားအရေပေါ်တွင်  အနီစက်၊ အညို ကွက်များပေါ်လာခြင်း၊ သွေးယိုလွယ်ခြင်း၊ ရေဖျဉ်းစွဲ၊ ဝမ်းအမည်းသွား၊ သွေးအန်၊ မျက်လုံးဝါ၊ အသားဟင်းအစားများသည့် အခါ ဝမ်းချုပ်လာပြီး သတိလစ်ချင်သလို ဖြစ်ခြင်း၊ အိပ်ဆေး သို့မဟုတ် ဘယဆေး များသောက်ပါက အခြေအနေဆိုးလာပြီး သတိလစ်ချင်သလိုဖြစ်ခြင်း၊ ကြွက်သား များပျော့ပြီး အထိုင်အထခက်ခြင်း စသည် တို့ကို  ခံစားရသည်။   အသည်းအဆီဖုံး ရောဂါရှိသူ၏ ၅ ရာခိုင်နှုန်းမှ ၈ ရာခိုင်နှုန်း သည်   အသည်းခြောက်ရောဂါအဖြစ်သို့ ကူးပြောင်းသွားနိုင်ပြီး အသည်းခြောက် ရောဂါရှိသူ၏ ၁၂ ဒသမ ၈ ရာခိုင်နှုန်းသည် အသည်းကင်ဆာသို့ ကူးပြောင်းနိုင်သည်။ 

ကာကွယ်ခြင်း

    အသည်းအဆီဖုံးခြင်းအတွက် သီးသန့် ဆေးဝါးမရှိသေးပေ။ နေထိုင်မှုပုံစံပြောင်း လဲခြင်းကသာ    အထိရောက်ဆုံးကုသမှု ဖြစ်သည်။  ကိုယ်အလေးချိန်လျှော့ချပါ။ ကိုယ်အလေးချိန် ၇ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းခန့်လျော့သွားလျှင် အသည်းရောင်မှု  သိသိသာသာသက်သာစေသည်။  အစား အသောက်ဆင်ခြင်ပါ။    အချိုလွန်ကဲစွာ စားသောက်ခြင်း၊   ဆီကြော်စာစားခြင်းတို့ကိုရှောင်ပြီး   ဟင်းသီးဟင်းရွက်နှင့် အမျှင်ဓာတ်ပိုစားပါ။ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပါ။ တစ်ရက်လျှင် အနည်းဆုံး နာရီဝက်ခန့် လမ်းလျှောက်ပါ။ ပုံမှန်လုပ်ပေးပါ။ ရောဂါအခံကို ထိန်းချုပ်ပါ။ ဆီးချိုနှင့် သွေးတိုးရှိလျှင်  ဆေးမှန်မှန်သောက်ပြီး ထိန်းထားပါ။ ရက်သတ္တပတ်လျှင် နာရီဝက်ခန့် သုံးကြိမ်မှ ငါးကြိမ်အထိ စက်ဘီး စီးခြင်း၊ ခပ်သွက်သွက်လမ်းလျှောက်ခြင်း၊ ပြေးခြင်းနှင့် အလေးမခြင်း  စသည်တို့ကို  ပြုလုပ်ပါ။ ဆီးချို၊ နှလုံး၊ သွေးတိုးရောဂါ ရှိသူများကလည်း အသည်းအဆီဖုံးခြင်း နှင့်ဆက်စပ်နေ၍ ထိုရောဂါများဖြစ်မလာ အောင်  နေ့စဉ်ဘ၀တွင်   ကျန်းမာရေးအသိ၊ သတိဖြင့် ဆင်ခြင်နေထိုင်သင့်သည်။

အရက်ကြောင့်  အသည်းအဆီဖုံးသူဖြစ်ပါက လုံးဝဖြတ်ရန် လိုအပ်သည်။ မသောက်ဘဲမနေနိုင်ပါက တစ်ရက်လျှင် တစ်ယူနစ် သို့မဟုတ်   ၂၅   မီလီလီတာ  သို့မဟုတ် ရေနွေးကြမ်းတစ်ခွက်    ပမာဏမျှသာ သောက်ပါ။   ဝိုင်ကြိုက်သူများအနေဖြင့် တစ်ရက်လျှင်   ၇၀   မီလီလီတာမှ  ၈၀ မီလီလီတာပမာဏထက်  ပိုမသောက်ရပါ။ ဘီယာသောက်သူများက တစ်ရက်လျှင်  ဘီယာမတ်ခွက်၏  တစ်ဝက်ခန့်သာသောက်ပါ။     ထိုပမာဏများထက် ပိုမသောက်ပါနှင့်။ 

ကုသနည်း

    အသည်းအဆီဖုံးခြင်း ရှိ၊ မရှိ  Ultra-sound (တယ်လီဗေးရှင်းဓာတ်မှန်) ရိုက် ခြင်း   သို့မဟုတ်   သွေးစစ်ခြင်း (Liver Function Test) တို့ဖြင့်သိနိုင်သည်။ ထို့ပြင် အသည်းအဆီဖုံးခြင်းအတွက် အသည်း စစ်ဆေးခြင်း၊   သွေးတွင်းအဆီပမာဏ အခြေအနေကို စစ်ဆေးခြင်း၊ CT Scan MRI စက်ဖြင့် အသည်းထဲမှ အဆီပမာဏ ကို စစ်ဆေးခြင်း၊ အဆီဖုံးနေသောအသည်း မည်မျှခြောက်နေသည်ကို သိရှိနိုင်ရန် အသည်း၏ အသားစကို Biopsy ယူ၍ စစ်ဆေးခြင်း၊ Fibroscan ဖတ် စစ်ဆေး ခြင်းတို့အပြင်    အသည်းကျစ်သည်ကို တိုင်းသည့်စက်ဖြင့်လည်း စစ်ဆေးကာ ရောဂါကိုကုသလေ့ရှိသည်။ မှိုတက်နေ သော တချို့ဘယဆေးများက အသည်း အဆီဖုံးရောဂါရနိုင်သကဲ့သို့ အနောက်တိုင်းဆေးများတွင်လည်း    အသည်းအဆီဖုံးရောဂါရနိုင်သည့်     ဘေးထွက် ဆိုးကျိုးများရှိနေသည်။ ထို့ကြောင့် အမှန်တကယ်သိနားလည်သူ တိုင်းရင်းဆေးဆရာ  သို့မဟုတ် ဆရာ၀န်၏  ညွှန်ကြားချက်အတိုင်းသာ ဆေးညွှန်းသုံးစွဲပါ။

ဆောင်ရန်အစားအစာများ

      Duke National University of Singa-pore မှ သုတေသီများ၏ လေ့လာမှုအရ ကော်ဖီ သို့မဟုတ် လက်ဖက်ရည်မှရသော ကဖင်းဓာတ်သည် အသည်းအဆီဖုံးခြင်းကို သက်သာစေပြီး အသည်းကို ပိုမိုကျန်း မာစေသော အာနိသင်များရှိနေကြောင်း လေ့လာတွေ့ရှိထားသည်။   အမျှင်ဓာတ် များသော ဟင်းနုနယ်ရွက်ကဲ့သို့ အစိမ်း ရောင်ဟင်းသီးဟင်းရွက်များ၊ အသီးအနှံ များနှင့် အစေ့အဆန်များကို များများစား ပါ။ အနီရောင်ရှိသော အသားများ၊ ငါးနှင့် အခွံမာပင်လယ်စာများကို သေချာကျက် အောင်   ချက်ပြုတ်စားပါ။   ရေများများ သောက်ပါ။ အဆီနည်းသော အသားဖြစ် သည့် အရေခွံဆုတ်ထားသောကြက်သား စားပါ။ ငါး၊ ကြက်ဥအကာနှင့် ပဲအမျိုးမျိုး တို့ကိုစားပါ။ အဆီထုတ်ထားသော နို့နှင့် နို့ထွက်ပစ္စည်းများကိုသာစားပါ။ ကျန်း မာရေးနှင့်ညီညွတ်သော အသီးအနှံများ ဖြစ်သည့် အခွံမာသီး၊ ထောပတ်သီးစားပါ။ ပဲပိစပ်၊ ပြောင်းဖူးစားပါ။ 

ရှောင်ရန်အစားအစာများ

    အသည်းအဆီဖုံးပါက ဆီ၊ သည်းခြေ ရည်ထုတ်လုပ်မှုနည်းလာသဖြင့် အစာနှင့် အတူပါလာသော အဆီများကို ချေဖျက် နိုင်စွမ်းအားနည်းသွားသည်။ ထိုအခါ အဆီ ပါသောအစားအစာတို့ကို များစွာစားမိပါ က အစာမကြေ၊ ရင်ပြည့်ရင်ကယ်ခြင်းကို ဖြစ်စေသည်။ ထို့ကြောင့် ဆီ၊ အဆီစားသုံး မှုကို  တတ်နိုင်သမျှလျှော့ချပါ။  သကြားများသော အစားအစာများဖြစ်ကြသည့် ဘီစကွတ်၊  ဒိုးနတ်၊ ကိတ်မုန့်နှင့် တခြား တာရှည်ခံအောင် ပြုလုပ်ထားသောမုန့် များကိုရှောင်ပါ။   အထူးသဖြင့်  အမဲဆီ၊ ဝက်ဆီတို့ကိုရှောင်ပါ။ ပဲဆီ၊ နှမ်းဆီများ ထက် နေကြာဆီနှင့် သံလွင်ဆီတို့ကိုသာ စားပါ။ ဥအနှစ်နှင့် မလိုင်တို့ကိုရှောင်ပါ။ ကာဗွန်ဖြင့်ပြုလုပ်ဖန်တီးထားသော အချို ရည်များကိုရှောင်ပါ။

အသည်းအဆီဖုံးခြင်းအတွက် မြန်မာ့ဆေးစွမ်းကောင်းများ

-          အသည်းအူ လဲလူဟု  ခေါ်ညွှန်းလေ့ ရှိသည့် လဲလူပင်က အသည်းရောင်၊ အသည်းအဆီဖုံး၊      အသည်းကြီး၊ အသည်းခြောက်၊   အသည်းကင်ဆာ စသည့်      အသည်းရောဂါအမျိုးမျိုး အတွက်သာမက အစာအိမ်၊ အူသိမ်၊ အူမများတွင်ဖြစ်သည့် ရောဂါများကို လည်း ပျောက်ကင်းသက်သာနိုင် သည်။ လဲလူပင် တစ်ပင်လုံး (ပဉ္စငါးပါးစလုံး) ဆေးဖက်၀င်သည်။ လဲလူရွက် လက် တစ်ဆုပ်စာပမာဏကို ရေစင်စင်ဆေး ပြီးနောက် နှစ်သက်သလို ဟင်းချိုချက် သောက်၊ ပြုတ်တို့၊ ငါးရံ့နှင့် ဟင်းချက် စားပါ။ ထိုအရွက် လက်တစ်ဆုပ်စာ ပမာဏကို     သုံးခွက်တစ်ခွက်တင် ကျိုသောက်ပါ။  (လဲလူပင်များကို မန္တလေးတိုင်းဒေသကြီး  ရေစကြိုမြို့နယ်တွင် လဲလူဖို၊  လဲလူမ  ဟူ၍   အဖိုပင်နှင့် အမပင်တို့ကို  တွေ့ရှိနိုင် သည်။     ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်   ငါးဆူတောင်ဘက် တွင်လည်းကောင်း၊  အင်းစိန်မြို့နယ်  တညင်းကုန်းစျေး၌  ကုန်စိမ်းရောင်း သော   ဟင်းရွက်သည်များထံတွင်လည်းကောင်း ၀ယ်ယူရရှိနိုင်သည်။)

-          တောင်ဆီးဖြူပင်  လက်တစ်ဆုပ်စာကို ရေနှင့် သုံးခွက်တစ်ခွက်တင်ကျို သောက်ပါ။ ပြီးလျှင် ချောကလက်စား ပါ။  ထို့နောက်  ကျွဲကောသီးစားပါ။ (တစ်လတိတိ   ထိုသို့အစဉ်လိုက်စား ပေးရပါမည်)  ယခုကဲ့သို့ တောင်ဆီးဖြူ ပင်ကို      သုံးခွက်တစ်ခွက်တင်ကျို သောက်ပြီး ချောကလက်စားလိုက်ပါ က အသည်းတွင် ချောကလက်တို့ကပ်နေပါလိမ့်မည်။ ထို့နောက် ကျွဲကောသီးစားလိုက်သည့်အခါ အသည်းတွင် ကပ်နေသော   ချောကလက်အပြင် အဆီတို့ကိုပါ  တိုက်စားသွားခြင်းဖြင့် အသည်းတွင်ဖုံးနေသော   အဆီများ ကွယ်ပျောက်သွားပါလိမ့်မည်။ 

-          လိမ္မော်သီးစားပါ။    လိမ္မော်သီးက အသည်းအဆီဖုံးရောဂါအတွက်သာ မက အသည်းကြီးခြင်း၊ ဆီးကျောက် တည်ရောဂါ၊ သည်းခြေအိတ်ကျောက် တည်ရောဂါများအတွက်လည်း လွန်စွာ သင့်လျော်သည်။

အချုပ်အားဖြင့်ဆိုသော်  အသည်း အဆီဖုံးရောဂါသည် အမျိုးသားရော အမျိုးသမီးများတွင်ပါ   ဖြစ်တတ်ပြီး  အရက် မသောက်တတ်သူများလည်း ဖြစ်တတ် သည်။ အရက်သောက်သုံးမှုနှင့်မသက်ဆိုင် သော အသည်းအဆီဖုံးရောဂါသည် မျိုးရိုး ဗီဇကြောင့်လည်းဖြစ်တတ်သည်။ ထိုရောဂါ သည်များတွင်  အသည်း၌ အဆီစုစည်းမှု ၅   ရာခိုင်နှုန်းမြင့်တက်လာတိုင်း   အမျိုး အစား-၂ ဆီးချိုရောဂါဖြစ်နိုင်ခြေ   ၂၇ ရာခိုင်နှုန်း   မြင့်တက်လာတတ်ကြောင်း ဗြိတိန်နိုင်ငံ     ဘရူနယ်လ်တက္ကသိုလ်မှ သုတေသီများက    သတိပေးထားသည်။ သို့ပါ၍ လူသားအားလုံး အသည်းအဆီဖုံး ရောဂါမဖြစ်လာစေရန် ကြိုတင်ကာကွယ် ထားကြစေလိုကြောင်း အကြံပြုလိုက်ရပါသည်။

MWD