နိုင်ငံတော်သာယာရေး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းပေး (အပိုင်း-၂)
Posted_Date
Image
Body
စက်မှုလုပ်ငန်းများနှင့် ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေးနိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံသာယာဝပြောရေးနှင့် စက်မှုကဏ္ဍကိုဖွံ့ဖြိုးတိုးတက်ရေးတို့ကို အဓိကပါဝင်ဆောင်ရွက်နေသည့် စက်မှုဝန်ကြီးဌာနအနေဖြင့် “ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများ အန္တရာယ်မှတားဆီးကာကွယ်ရေး ဥပဒေနှင့်နည်းဥပဒေများ” ထုတ်ပြန်ခဲ့ပြီး လိုအပ်သည့် ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများ အန္တရာယ်မှ တားဆီးကာကွယ်ရေးဗဟိုဦးစီးအဖွဲ့၊ ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေး ဗဟိုကြီးကြပ်ရေးအဖွဲ့၊ နေပြည်တော်ကြီးကြပ်ရေးအဖွဲ့၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ကြီးကြပ်ရေးအဖွဲ့တို့ကို ဖွဲ့စည်းပြီးကန့်သတ်ဓာတုပစ္စည်း ၈၀ မျိုး၊ တားမြစ်ဓာတုပစ္စည်း၁၃၈ မျိုးနှင့် အမိန့်၊ ညွှန်ကြားချက်များကို လိုအပ်သလိုထုတ်ပြန်၍ ထိန်းချုပ်ကွပ်ကဲလျက်ရှိသည်။ ထို့ပြင် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ လုပ်ငန်းလိုင်စင်ပြုလုပ်ပေးခြင်း၊ ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများမှတ်ပုံတင် လက်မှတ်ထုတ်ပေးခြင်း၊ ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများ ပြည်တွင်းသို့တင်သွင်းခြင်းနှင့် ပြည်ပသို့တင်ပို့ခြင်းအတွက် ထောက်ခံချက်များစိစစ်ထုတ်ပေးခြင်းတို့ဖြင့် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများအန္တရာယ်မှ ထိန်းကျောင်းဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် သက်ရှိများ၏ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများကို ကာကွယ်နိုင်ရန်အတွက် “ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းများမှထွက်ရှိသည့် စွန့်ပစ်ပစ္စည်းများစွန့်ပစ်ခြင်းဆိုင်ရာအမိန့်” အမိန့်ကြော်ငြာစာထုတ်ပြန်၍ ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများ ဆိုင်ရာစွန့်ပစ်ခြင်း လုပ်ငန်းလိုင်စင်နှင့်စွန့်ပစ်ပစ္စည်း သယ်ယူပို့ဆောင်ခြင်းလုပ်ငန်းလိုင်စင်တို့ကို ထုတ်ပေးခြင်းဖြင့် စိစစ်ထိန်းချုပ်ကွပ်ကဲလျက်ရှိသည်။
စက်မှုလုပ်ငန်းများနှင့်ညစ်ညမ်းမှု ထိန်းချုပ်ရေးနိုင်ငံ ဖွံ့ဖြိုးတိုးတက်သာယာစေရေးအတွက် အဓိကကျသည့်စက်မှုလုပ်ငန်းများတွင် ကောင်းကျိုးနှင့် ဆိုးကျိုးပေးနေသည့် ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများကို မဖြစ်မနေထည့်သွင်း အသုံးပြုနေရပြီး ယင်းတို့မှထွက်ရှိလာသည့်စွန့်ပစ်ပစ္စည်းများသည် သက်ရှိများနှင့်သဘာဝပတ်ဝန်းကျင်ကို အနည်းနှင့်အများထိခိုက်စေလျက်ရှိသည်။ ထို့ကြောင့် ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းများ လုပ်ကိုင်လျက်ရှိသည့် လုပ်ငန်းရှင်များ၊ အဖွဲ့အစည်းများနှင့်ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းသုံးစွဲသူများအနေဖြင့် စွန့်ပစ်ပစ္စည်းများစွန့်ပစ်ခြင်းကို လုပ်ထုံးလုပ်နည်းများ၊မြို့တော်စည်ပင်သာယာရေးကော်မတီများမှ ပြဋ္ဌာန်းထားသောရေပေးရေးနှင့် အညစ်အကြေးသန့်ရှင်းရေးဆိုင်ရာနည်းဥပဒေများနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်စေခြင်း၊ စွန့်ပစ်ပစ္စည်းများနှင့် ရေဆိုးရေညစ်များကို မြစ်၊ ချောင်း၊ အင်း၊အိုင်၊ တူးမြောင်း၊ ရေတွင်းနှင့် ရေကန်များသို့ တိုက်ရိုက်စွန့်ပစ်မှုမပြုစေခြင်း၊ စွန့်ပစ်ပစ္စည်းများကြောင့်သဘာဝပတ်ဝန်းကျင်ကို ညစ်ညမ်းမှုမရှိစေရေးနှင့် အိုဇုန်းလွှာပျက်စီးခြင်းမှ ကာကွယ်ရန်နည်းလမ်းများကိုဆောင်ရွက်စေခြင်း၊ စွန့်ပစ်ပစ္စည်းများကို စွန့်ပစ်သည့်ပမာဏအားလျှော့ချခြင်း၊ ထပ်မံအသုံးပြုခြင်းနှင့် စွမ်းအင်အဖြစ်ပြန်လည်အသုံးပြုခြင်းတို့ကို ဆောင်ရွက်စေခြင်း၊ လုပ်ငန်းရှင်များအနေဖြင့်လည်း အန္တရာယ်ကင်းရှင်းရေးအတွက် စွန့်ပစ်ပစ္စည်းသန့်စင်သည့် စနစ်များကိုပုံမှန်စစ်ဆေးခြင်း၊ ရှောင်တခင်စစ်ဆေးခြင်း၊ လိုအပ်ပါကအထူးစစ်ဆေးခြင်းတို့ကို ခံယူခြင်းနှင့်မှတ်တမ်း ထိန်းသိမ်းထားရှိစေခြင်း၊ လုပ်ငန်းရှင်သည်စွန့်ပစ်ပစ္စည်းများ စွန့်ပစ်ခြင်းနှင့်စပ်လျဉ်း၍ လိုက်နာခြင်းမရှိသည့်အတွက် အန္တရာယ်ဖြစ်ပွားပါကယင်းဖြစ်ပွားမှုများကို တာဝန်ယူစေခြင်း၊ ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများ လုပ်ငန်းလုပ်ကိုင်သူများသည်မီးလောင်ပေါက်ကွဲခြင်း၊ ပတ်ဝန်းကျင်သို့မလိုလားသည့် အနေအထားဖြင့်ပျံ့နှံ့မှုမဖြစ်ပေါ်စေရန်နှင့် ဖြစ်ပေါ်လာပါက အန္တရာယ်ကင်းရှင်းရေး အတွက် လိုအပ်သလိုညွှန်ကြား၍ ကြီးကြပ်ဆောင်ရွက်ရမည်။
လုပ်ငန်းခွင်တွင် မတော်တဆဖြစ်ပွားမှုမှကာကွယ်ရန်နှင့် လျော့ပါးစေရန်အတွက် အလုပ်လုပ်ကိုင်နေသူများ အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကိုကာကွယ်ရေးတို့အတွက် ထိရောက်သောထိန်းချုပ်မှုပြု၍ လူဦးရေအနည်းဆုံးဖြင့် အလုပ်လုပ်ကိုင်ဆောင်ရွက်ရန်နှင့် မဖြစ်မနေထိတွေ့ဆောင်ရွက်ရန် လိုအပ်သည့်အချိန်နှင့် ထိတွေ့ရမည့်အန္တရာယ်ရှိပစ္စည်းများ၏ အနည်းဆုံးပမာဏဖြစ်စေရန် ကန့်သတ်ဆောင်ရွက်စေခြင်း စသည်ဖြင့်လိုက်နာဆောင်ရွက်စေလျက်ရှိသည်။
ထို့ပြင် ဤဥပဒေအရ ညစ်ညမ်းသည့်စွန့်ပစ်ရည်များကို စနစ်တကျစွန့်ထုတ်နိုင်ရန်အတွက် “အရက်၊ ဘီယာနှင့် ဝိုင်ထုတ်လုပ်သည့် စက်ရုံများလိုက်နာ ဆောင်ရွက်ရန်ညွှန်ကြားချက်”၊ “အမိုးနီးယားဓာတ်ငွေ့အသုံးပြုသော ရေခဲစက်ရုံများနှင့် အအေးခန်းစက်ရုံများမှ လိုက်နာဆောင်ရွက်ရန်”၊ “ရွှေသတ္တုထုတ်လုပ်သန့်စင်ရာတွင် အသုံးပြုသည့် ဆိုဒီယမ်ဆိုင်ယာနိုက်နှင့် ပြဒါးဓာတုပစ္စည်းများပြည်ပမှဝယ်ယူတင်သွင်းခွင့်ဆိုင်ရာမူဝါဒ”၊ “ရွှေသတ္တုထုတ်လုပ်သန့်စင်ရာတွင် ဆိုဒီယမ်ဆိုင်ယာနိုက်နှင့် ပြဒါးဓာတုပစ္စည်းများအသုံးပြုခြင်းနှင့်စပ်လျဉ်း၍ လိုက်နာရမည့်အချက်များ” အား ထုတ်ပြန်သတိပေးနိုင်ခဲ့သည်။
စက်မှုဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနနှင့် ပူးပေါင်း၍ နိုင်ငံတစ်ဝန်းရှိ ပုဂ္ဂလိကစက်မှုလုပ်ငန်း မှတ်ပုံတင်ပြုလုပ်ထားသည့် စက်ရုံ၊ အလုပ်ရုံများမှထွက်ရှိသည့် စွန့်ပစ်ပစ္စည်း၊ စွန့်ပစ်ရေဆိုး၊ အမှုန်အမွှားနှင့် မြေဆီလွှာပျက်စီးမှုတို့ကို ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည့် နည်းပညာအကူအညီနှင့် လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်များ ထုတ်ပေးလျက်ရှိပြီး အရက်ချက်စက်ရုံနှင့် ဘီယာစက်ရုံများ၌ စွန့်ပစ်ရည်အရည်အသွေးအား အချိန်နှင့်တစ်ပြေးညီ တိုင်းတာစောင့်ကြပ်ကြည့်ရှုသည့်စနစ် (Real Time Online Wastewater Monitoring System) တပ်ဆင်စေ၍ ထိန်းချုပ်ကွပ်ကဲခြင်းနှင့် ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေးဥပဒေ၊ နည်းဥပဒေများ၊ ထောက်ခံချက်၊ လိုင်စင်နှင့် မှတ်ပုံတင်လျှောက်ထားရာတွင် ဆောင်ရွက်ရမည့် အစီအစဉ်များကိုလည်း ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိစေနိုင်ရန်အတွက် အသိပညာပေးခြင်းများကို အခါအားလျော်စွာ ဆောင်ရွက်ပေးလျက်ရှိသည်။
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စွမ်းအင်အကျိုးရှိထိရောက်စွာ အသုံးပြုရေး စက်မှုဝန်ကြီးဌာနမှသဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေးနှင့် စွမ်းအင်ခြိုးခြံချွေတာသုံးစွဲနိုင်ရေးအတွက် စွမ်းအင်အကျိုးရှိထိရောက်စွာသုံးစွဲရေး လုပ်ငန်းများကို ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မြန်မာနိုင်ငံ၏ စွမ်းအင်အကျိုးရှိထိရောက်စွာသုံးစွဲရေးနှင့် ခြိုးခြံချွေတာရေးဆိုင်ရာမူဝါဒ၊ မဟာဗျူဟာနှင့် ရှေ့လုပ်ငန်းစဉ် (National Energy Efficiency and Conservation Policy, Strategy and Roadmap) ကို ၂၀၁၅ ခုနှစ်တွင် ရေးဆွဲထုတ်ပြန်ခဲ့သည်။ အဆိုပါမူဝါဒတွင် ၂၀၁၂ ခုနှစ်၏ စွမ်းအင်သုံးစွဲမှုကိုအခြေခံ၍ ၂၀၃၀ ပြည့်နှစ်တွင် စွမ်းအင်သုံးစွဲမှု ၂၀ ရာခိုင်နှုန်းလျှော့ချရန်ဟူသော ရည်မှန်းချက်များကိုချမှတ်ခဲ့ပြီး စွမ်းအင်အကျိုးရှိထိရောက်စွာသုံးစွဲရေးလုပ်ငန်းကို နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
စွမ်းအင်ကိုအကျိုးရှိထိရောက်စွာသုံးစွဲခြင်းဖြင့် စက်မှုကဏ္ဍ၌ မြန်မာနိုင်ငံ၏ စက်ရုံ၊ အလုပ်ရုံများတွင် ထုတ်လုပ်မှုကုန်ကျစရိတ်များ သက်သာနိုင်စေရန်၊ ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်လာစေရန်နှင့် စွမ်းအင်သုံးစွဲရာမှထွက်ပေါ်လာမည့် ကာဗွန်ဒိုင်အောက်ဆိုက် (CO2) ကဲ့သို့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေသည့် ဖန်လုံအိမ်အာနိသင်ဓာတ်ငွေ့ (GHG) ထုတ်လွှတ်မှုကို လျှော့ချနိုင်စေရန်နှင့် အဆောက်အအုံကဏ္ဍ၌ ဟိုတယ်များ၊ Super Market နှင့် Shopping Mall များ၊ ဆေးရုံများစသည့် စီးပွားရေးအဆောက်အအုံများ (Commercial Building) တွင် စွမ်းအင်အကျိုးရှိ ထိရောက်စွာသုံးစွဲနိုင်စေရေးနှင့် ကုန်ကျစရိတ်သက်သာစေရန် ရည်ရွယ်၍ စက်မှုဆိုင်ရာနှင့် အဆောက်အအုံဆိုင်ရာကဏ္ဍကြီး (၂)ရပ်တွင် စွမ်းအင်သုံးစွဲမှုစစ်ဆေးပေးခြင်း၊ Energy Audit ပြုလုပ်ခြင်း၊ စွမ်းအင်သုံးစွဲမှုများသော စက်ရုံများ၊ စီးပွားရေးအဆောက်အအုံများအတွက် Energy Manager များခန့်ထားနိုင်ရန် မွေးထုတ်ပေးခြင်း၊ Energy Efficiency and Conservation Technology များ လက်ဆင့်ကမ်းပို့ချပေးခြင်း၊ စွမ်းအင်သုံးစွဲမှုများသောစက်ရုံများ၊ စီးပွားရေးအဆောက်အအုံများအား ဥပဒေမူဘောင်များဖြင့် ထိန်းကျောင်းနိုင်ရေးနှင့် တစ်ဖက်မှနိုင်ငံတော်၏ အားပေးထောက်ပံ့မှုများ ရရှိနိုင်ရေးဆောင်ရွက်ပေးသွားရန်၊ လက်တွေ့အသုံးချနိုင်မည့် စွမ်းအင်သုံးစွဲမှုဆိုင်ရာလမ်းညွှန်ချက်များထုတ်ပြန်သွားရန်၊ Energy Service Companies (ESCOs) များပေါ်ပေါက်လာရေး လေ့ကျင့်ပျိုးထောင်ပေးရန်နှင့် Energy Efficiency လုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရေးအတွက် Initial Investment များရရှိနိုင်ရန် ဘဏ်များနှင့်ချိတ်ဆက်ဆောင်ရွက်နိုင်မည့် Loan Program များ ထောက်ပံ့နိုင်ရေးအတွက် လိုအပ်သော Financing Mechanism များ သတ်မှတ်ရေးဆွဲရန်တို့ကို ဆောင်ရွက်လျက်ရှိသည်။
မရှိမဖြစ်ရေနှင့်ရေထုညစ်ညမ်းမှုထိန်းချုပ်ရေး
သက်ရှိများအသက်ရှင်ရပ်တည်နိုင်ရန် မရှိမဖြစ်လိုအပ်သောအရာသည် ရေပင်ဖြစ်ပြီး နေ့စဉ်အသုံးပြုရန် လယ်ယာစိုက်ပျိုးရေး၊ မွေးမြူရေး၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး၊ သယ်ယူပို့ဆောင်ဆက်သွယ်သွားလာရေးနှင့် စက်မှုလုပ်ငန်းများတွင် နည်းအမျိုးမျိုးဖြင့်အသုံးပြုကြရသည်။ နိုင်ငံတော်၏စီးပွားရေးအရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စက်မှုကဏ္ဍသည် အရေးကြီးလိုအပ်ချက်ဖြစ်သောကြောင့် စက်မှုလုပ်ငန်းများအတွက် ကုန်ပစ္စည်းထုတ်လုပ်ရာတွင် အသုံးပြုရန် စက်မှုလုပ်ငန်းသုံးရေ (Industrial Used Water)ကို သဘာဝသယံဇာတအရင်းအမြစ်တစ်ခုဖြစ်သော မြစ်၊ ချောင်း၊ အင်း၊ အိုင်များနှင့် မြေအောက်ရေတို့မှ မဖြစ်မနေထုတ်ယူသုံးစွဲနေရသည်။ ရေအရင်းအမြစ်များမှ ကုန်ပစ္စည်းထုတ်လုပ်ရန်အတွက် လိုအပ်သောရေပမာဏကိုသာထုတ်ယူ၍ အကျိုးရှိရှိသုံးစွဲပြီး စနစ်တကျ ပြန်လည်စွန့်ထုတ်ရန်လည်းလိုအပ်သည်။
မြန်မာနိုင်ငံတွင်းရှိ အဓိကကျသော မြစ်၊ ချောင်း၊အင်း၊ အိုင်များသည် အဆိုပါစက်မှုလုပ်ငန်းများအတွက် မရှိမဖြစ်လိုအပ်သကဲ့သို့ ရေကြောင်းပြုပြင်ထိန်းသိမ်းရေးမှာလည်း အရေးကြီးသောလုပ်ငန်းတစ်ရပ်ဖြစ်သည်။ စပါးခွံဘွိုင်လာအသုံးပြုရသည့်စက်ရုံအများအပြား ကုန်ထုတ်လုပ်နိုင်မှုမရှိလျှင်လည်း ဆန်စက်များမှထွက်သည့် စပါးခွံများရောင်းချရခြင်းမရှိသောကြောင့် တောင်လိုပုံလာပြီး မီးဘေးအန္တရာယ်စိုးရိမ်ရခြင်း၊ မြစ်၊ ချောင်းများသို့ စွန့်ပစ်ခြင်းတို့ကြောင့် ရေပျက်စီးခြင်း၊ မြစ်၊ ချောင်းများကောလာခြင်း၊ မြစ်၊ ချောင်းတိမ်ကောမှုကြောင့် ရေကြီးရေလျှံဖြစ်ခြင်းတို့အပြင် ကုန်ကြမ်းမှကုန်ချော Supply Chain တစ်လျှောက်ရှိ မိသားစုများ၏စားဝတ်နေရေးကို ထိခိုက်စေနိုင်ခြင်း၊ နိုင်ငံတော်အခွန်ဝင်ငွေရရှိမှုလျော့ကျနိုင်ခြင်း အစရှိသည့် ဆိုးကျိုးများရရှိနိုင်စေသည်။
အဆိုပါ စက်မှုလုပ်ငန်းများမှ သဘာဝရေထဲတွင် ပျော်ဝင်နေသောအောက်ဆီဂျင် (Dissolved Oxygen) ကို ထိခိုက်လျော့နည်းစေမည့် ဓာတုပျော်ဝင်ပစ္စည်းများနှင့် မပျော်ဝင်ပစ္စည်းများကို မစွန့်ထုတ်စေရန်လည်း အလွန်အရေးကြီးသည်။ ထို့ကြောင့် ရေထုညစ်ညမ်းမှုသည် သဘာဝတရားကြောင့်အဖြစ်နည်းပြီး လူ့ပယောဂကြောင့်သာ ညစ်ညမ်းမှုပိုမိုများပြားကြောင်းတွေ့ရှိရသည်။ ရေထဲတွင်ရေမဟုတ်သော အခြားအရာများသည် အတိုင်းအတာတစ်ခုထက်ပိုမိုပါဝင်လာပြီး သောက်သုံးရန်နှင့် စွန့်ပစ်ရန်သင့်လျော်မှုမရှိလျှင် ရေထုညစ်ညမ်းခြင်း (Water Pollution) ဖြစ်သည်ဟု သတ်မှတ်သည်။
ရေထဲတွင်ပျော်ဝင်နေသည့် စွန့်ထုတ်ဓာတုပစ္စည်းများကြောင့် စွန့်ပစ်ရေတွင် အက်စစ်ဓာတ်(Acid)အချဉ်ဓာတ်နှင့် အယ်ကာလီဓာတ်(Alkali) အငန်ဓာတ်လွန်ကဲခြင်းကိုဖြစ်စေသည်။ ထို့ပြင် ရေ၏အပူချိန်သည် ပါဝင်ခွင့်ပြုနိုင်သော အပူချိန်ထက်မြင့်မားနေခြင်းနှင့် အဆိပ်အတောက်ဖြစ်စေမည့် ဆိုင်ယာနိုက် (CN)၊ အာဆင်းနစ် (As)၊ ပြဒါး (Hg)၊ ကဒ်မီယမ် (Cd)၊ ခဲ(Pb)၊ ခရိုမီယမ်(Cr) စသည့်ဓာတုပစ္စည်းများကို ရေထဲသို့တိုက်ရိုက်မစွန့်ထုတ်ရန် အလွန်အရေးကြီးသည်။ ပတ်ဝန်းကျင်နှင့်သက်ရှိတို့၏ ကျန်းမာရေးအန္တရာယ်ကိုဖြစ်စေမည့် ဤအဆိပ်အတောက်များ ပါဝင်မှုမရှိစေရေးနှင့် ပါဝင်မှုကိုအန္တရာယ်ကင်းစွာ စွန့်ထုတ်နိုင်သော နည်းစဉ်သစ်များနှင့် စက်များကိုရွေးချယ်အသုံးပြုရန်လိုအပ်သည်။
သင့်လျော်သော စွန့်ပစ်ရေသန့်စင်မှုနည်းစနစ်များ (Waste Water Treatment System)ကိုအသုံးပြုပြီး စွန့်ပစ်ကွန်ကရစ်ကန်များမှ ထုတ်လွှတ်ခြင်း၊ မြေသားကန်များတွင် စိမ့်ဝင်စေခြင်း၊ အငွေ့ပြန်ခန်းခြောက်စေခြင်း ဓာတ်တိုးရေမြောင်းများဖြင့် အဆင့်ဆင့်စစ်ထုတ်ကိရိယာနည်းစဉ်များ အသုံးပြုစွန့်ထုတ်နည်းများဖြင့် ယခင်မြန်မာ့စက်မှုလုပ်ငန်းများနှင့် ယခုပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ သတ်မှတ်ထားသည့် စွန့်ပစ်ရေ အရည်အသွေးသတ်မှတ်ချက် စံချိန်စံညွှန်းအတိုင်းရရှိအောင်သန့်စင်ပြီးနောက် ဗေဒါကန်များဖြင့် အဆင့်ဆင့်စစ်ထုတ်ပြီးမှသာ နီးစပ်ရာ ကန်၊ ချောင်း၊ အင်း၊ အိုင်များသို့ စွန့်ထုတ်ရမည်ဖြစ်သည်။ ထိုကဲ့သို့ ရေကိုစနစ်တကျနှင့် လိုအပ်သောပမာဏခန့်သာထုတ်ယူ၍ အကျိုးရှိရှိသုံးစွဲရန်နှင့် ပြန်လည်စွန့်ထုတ်သည့်အခါ၌လည်း စနစ်တကျဖြစ်စေရန် စက်ရုံစတင်တည်ဆောက်ရန် အစီအစဉ်ရေးဆွဲစဉ်ကပင်ပါဝင်၍ တိုင်းတာတွက်ချက်တည်ဆောက်ထားရန် လိုအပ်သည်။
စီမံကိန်းအသစ်များနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းမှု ထည့်သွင်းဆောင်ရွက်ရေး
စက်ရုံစီမံကိန်းအသစ်များ အကောင်အထည်ဖော်သည့်အခါ ရေနှင့်လေထုကို ညစ်ညမ်းခြင်းမရှိသော သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်စေမည့် စက်ကိရိယာများနှင့် ထုတ်လုပ်မှုနည်းစဉ်များဖြစ်စေရန် အလေးထားဂရုပြုဆောင်ရွက်သင့်သည်။ စွန့်ပစ်ရေဆိုးများကြောင့် ရေထုညစ်ညမ်းမှုမရှိစေရေးနှင့် အဆက်မပြတ်သုတေသနပြုလုပ်၍ ညစ်ညမ်းမှုမှကာကွယ်ရေးအတွက် လိုအပ်မည့်အစီအစဉ်များ လုပ်ဆောင်ခြင်းဖြင့် မြစ်၊ ချောင်းများအနီးတစ်ဝိုက်တွင်တည်ရှိသော စက်ရုံ၊ အလုပ်ရုံများမှ စွန့်ထုတ်ရေဆိုးများကြောင့် ထိုရေကိုအသုံးပြုနေသူများ၊ မြစ်၊ ချောင်းထဲရှိရေနေသတ္တဝါများ၊ အပင်များစသည့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမှ ကာကွယ်နိုင်မည်ဖြစ်သည်။ စက်မှုလုပ်ငန်းများအနေဖြင့်လည်း စက်ရုံများမှစွန့်ထုတ်သော အစိုင်အခဲစွန့်ပစ်ပစ္စည်းများ (Solid Wastes)အား စနစ်တကျစွန့်ပစ်စေရန် အထူးသတိပြုစောင့်ရှောက်သင့်သည်။ ထို့ပြင် စွန့်ပစ်ရေဆိုးများ (Waste Water)ကိုလည်း သတ်မှတ်စံနှုန်းများရအောင် သေချာစွာသန့်စင်ပြုပြင်ပြီးမှသာ စွန့်ပစ်စေခြင်းဖြင့် မြေအောက်ရေ၊ မြစ်၊ ချောင်း၊ အင်း၊ အိုင် စသည့်ရေအရင်းအမြစ်များ မပျက်စီးစေရန်ကာကွယ်နိုင်ပြီး သဘာဝပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းပြီးဖြစ်ကြောင်းနှင့် သာယာလှပသော နိုင်ငံတော်ကိုရရှိစေမည်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။ ။
MWD
