ရေကဏ္ဍစုံဖွံ့ဖြိုးဖို့ ကျား၊ မတန်းတူပါဝင်စို့
Posted_Date
Image
Body
အကန့်အသတ်ဖြင့်ရှိနေသော ကျွန်ုပ်တို့၏ ရေချိုအရင်းအမြစ် ကမ္ဘာမြေပေါ်ရှိ ရေသည် အလွန်များပြားသည်ဟု ထင်မြင်ရသော်လည်း လူသားများတိုက်ရိုက်အသုံးချနိုင်သည့် ရေချိုပမာဏမှာ အကန့်အသတ်ဖြင့်သာရှိနေသည်။ သိပ္ပံဆိုင်ရာသုတေသနများအရ ကမ္ဘာပေါ်ရှိ ရေအားလုံး၏ ၉၇ ရာခိုင်နှုန်းခန့်သည် ရေငန်ဖြစ်ပြီး ပင်လယ်များ၊ သမုဒ္ဒရာများ အတွင်းတွင် တည်ရှိသည်။ ကမ္ဘာပေါ်ရှိ ရေအားလုံးထဲတွင် ရေချိုပမာဏမှာ ၃ ရာခိုင်နှုန်းခန့်သာရှိပြီး ထိုရေချိုထဲမှလည်း လူသားများတိုက်ရိုက်အသုံးချနိုင်သည့် ရေချိုပမာဏမှာ ၁ ရာခိုင်နှုန်းခန့်သာရှိသည်ကိုပုံ(၁)တွင်ဖော်ပြထားသည်။
ထို့ကြောင့် ရေချိုအရင်းအမြစ်များသည် လူသားများ၏ အသက်ရှင်ရပ်တည်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါဆုံးသော အခြေခံအရင်းအမြစ်တစ်ခုဖြစ်သော်လည်း စနစ်တကျစီမံခန့်ခွဲမှုမရှိပါက အလွယ်တကူ ချို့ယွင်းပျက်စီးနိုင်သည့် အရင်းအမြစ်လည်းဖြစ်လာနိုင်သည်။ အထူးသဖြင့် ရာသီဥတုပြောင်းလဲမှု၊ လူဦးရေတိုးပွားလာမှု၊ မြို့ပြဖွံ့ဖြိုးတိုးတက်လာမှုနှင့် စိုက်ပျိုးရေးလုပ်ငန်းများ တိုးချဲ့လာမှုတို့ကြောင့် ရေလိုအပ်ချက်သည် ပိုမိုမြင့်တက်လာနေပြီး ရေအရင်းအမြစ်များအပေါ်တွင် ဖိအားများစွာ ရှိနေတာကိုတွေ့ရှိရသည်။ ထို့ကြောင့် ရေကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးတွင် အစိုးရအဖွဲ့အစည်းများ၊ ပုဂ္ဂလိကကဏ္ဍ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ပြည်သူလူထုတို့ ပူးပေါင်းပါဝင်ခြင်းသာမက ကျား၊ မတန်းတူပါဝင်မှုကိုလည်း အဓိကထားဆောင်ရွက်ရန်လိုအပ်လာသည်။ အသုံးချနိုင်သည့် ရေချိုပမာဏမှာ အလွန်နည်းပါးနေသည့်အတွက် ရေကဏ္ဍစုံကို ဖွံ့ဖြိုးတိုးတက်စေရန် ရေကိုစနစ်တကျစီမံခန့်ခွဲရန် မဖြစ်မနေ လိုအပ်သည်။ ထိုစီမံခန့်ခွဲမှုအတွင်း လူထုအဆင့်မှ အတွေ့အကြုံများကို ပိုင်ဆိုင်ထားသော အမျိုးသမီးများ၏ အမြင်နှင့်အသံကို မပါဝင်စေပါက ရေကို ထိရောက်စွာအသုံးချနိုင်မည်မဟုတ်ပါ။ ရေသည် လူသားဘဝ၏ အခြေခံအကျဆုံးသော သဘာဝအရင်းအမြစ်တစ်ရပ်ဖြစ်ပြီး သောက်သုံးရေး၊ စိုက်ပျိုးရေး၊ စက်မှုလုပ်ငန်းများ၊ စွမ်းအင်ထုတ်လုပ်ရေး၊ ကျန်းမာရေးနှင့် သန့်ရှင်းရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး စသည့် လူမှုဘဝကဏ္ဍအားလုံးနှင့် တိုက်ရိုက်ဆက်နွှယ်နေသည်။ ထို့ပြင် ကမ္ဘာ့ရေအရင်းအမြစ်များ အဆင့်ဆင့် ဖြန့်ကြက်တည်ရှိမှုကို ပုံ(၂)တွင်ပြသထားသည်။ ထို့ကြောင့် ရေကဏ္ဍစုံကို ရေရှည်တည်တံ့စွာဖွံ့ဖြိုးတိုးတက်လိုပါက နည်းပညာနှင့် မူဝါဒများသာမက ကျား၊ မ တန်းတူပါဝင်ရေးကို အဓိကအခြေခံအချက်တစ်ခုအဖြစ် မဖြစ်မနေထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။
၂၁ ရာစုတွင်ကြုံတွေ့နေရသည့် ရေအသုံးချမှုဆိုင်ရာစိန်ခေါ်မှုများ
၂၁ ရာစုတွင် လူဦးရေတိုးပွားလာခြင်း၊ မြို့ပြဖွံ့ဖြိုးတိုးတက်မှုများမြန်ဆန်လာခြင်း၊ စက်မှုလုပ်ငန်းများ တိုးချဲ့လာခြင်းနှင့် ရာသီဥတုပြောင်းလဲမှုတို့ကြောင့် ကမ္ဘာအနှံ့တွင် ရေအရင်းအမြစ်ဆိုင်ရာစိန်ခေါ်မှုများသည်ပိုမိုပြင်းထန်လာနေသည်။ ရေရှားပါးမှု၊ ရေအရည်အသွေးကျဆင်းမှု၊ ရေအလဟဿသုံးစွဲမှုများ၊ ရေသယံဇာတမညီမျှမှုများနှင့် ရာသီဥတုဖောက်ပြန်မှုတို့ကြောင့် ဖြစ်ပေါ်လာသော ရေဘေးအန္တရာယ်များ (ခြောက်သွေ့မှု၊ ရေကြီးမှု)တို့သည် လူသားတစ်ရပ်လုံးကိုခြိမ်းခြောက်လျက်ရှိသည်။
ထိုကဲ့သို့သောအခြေအနေများအောက်တွင် ရေကဏ္ဍကို ရေရှည်တည်တံ့စွာ ဖွံ့ဖြိုးနိုင်ရန်အတွက် နည်းပညာ၊ အရင်းအမြစ်နှင့် မူဝါဒများအပြင် လူသားအရင်းအမြစ်ကို မျှတစွာအသုံးချနိုင်ရေးသည် အလွန်အရေးပါလာသည်။ အထူးသဖြင့် ကျား၊ မတန်းတူပါဝင်ရေး (Gender Equality) သည် ရေကဏ္ဍဖွံ့ဖြိုးရေး၏ အဓိကအခြေခံအချက်တစ်ရပ်အဖြစ်ထင်ရှားလာနေသည်။ ထို့ကြောင့် ကမ္ဘာ့ကုလသမဂ္ဂမှ မတ်လ ၂၂ ရက်နေ့ကို “ကမ္ဘာ့ရေနေ့(World Water Day)” အဖြစ် သတ်မှတ်ခဲ့ကြပြီး လူသားတိုင်း ရေကိုစနစ်တကျထိန်းသိမ်းရန်တာဝန်ရှိကြောင်းကို သတိပေးလျက်ရှိသည်။ရေကဏ္ဍ၏အရေးပါမှုနှင့် “ကဏ္ဍစုံ” သဘောတရား ရေကဏ္ဍဟု ဆိုရာတွင် သောက်သုံးရေထောက်ပံ့ရေးတစ်ခုတည်းကိုမဆိုလိုပါ။ ရေအရင်းအမြစ် စီမံခန့်ခွဲမှု၊ စိုက်ပျိုးရေးအတွက် ရေသုံးစွဲမှု၊ လျှပ်စစ်စွမ်းအင်ထုတ်လုပ်ရေး၊ စက်မှုလုပ်ငန်းများတွင် ရေသုံးစွဲမှု၊ ရေဆိုးစနစ်နှင့် သန့်ရှင်းရေး (WASH)၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပတ်ဝန်းကျင်စနစ်များအားလုံးပါဝင်သည်။ ထိုကဏ္ဍများသည် တစ်ခုနှင့်တစ်ခုအပြန်အလှန် အကျိုးသက်ရောက်မှုရှိပြီး ကဏ္ဍတစ်ခု၏ အားနည်းမှုသည် အခြားကဏ္ဍများကိုပါ ထိခိုက်စေနိုင်သည်။ ဥပမာအားဖြင့် စိုက်ပျိုးရေးအတွက် ရေလွန်ကဲစွာသုံးစွဲမှုသည် မြစ်၊ ချောင်းများ၏ သဘာဝရေစီးဆင်းမှုကို ထိခိုက်စေပြီး ငါးမွေးမြူရေးနှင့် ရေအရည်အသွေးကိုလည်းထိခိုက်စေနိုင်သည်။ ထို့ကြောင့် ရေကဏ္ဍစုံဖွံ့ဖြိုးရေးသည် အစိုးရဌာနများ၊ ပညာရှင်များ၊ ပုဂ္ဂလိကလုပ်ငန်းများနှင့် လူထုအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်နိုင်သည်။ ထိုပူးပေါင်းဆောင်ရွက်မှုအတွင်း ကျား၊ မ တန်းတူပါဝင်ရေးကို လျစ်လျူရှုထားပါက ရေစီမံခန့်ခွဲမှုသည် အပြည့်အဝထိရောက်နိုင်မည်မဟုတ်ပါ။
ကျား၊ မ တန်းတူပါဝင်ရေး၏အယူအဆနှင့်ရေကဏ္ဍတွင်အရေးပါမှု
ကျား၊ မ တန်းတူပါဝင်ရေးဆိုသည်မှာ အမျိုးသားနှင့် အမျိုးသမီးတို့အား အခွင့်အရေး၊ အာဏာနှင့် တာဝန်များကို မျှတစွာပေးအပ်ခြင်းကိုဆိုလိုသည်။ ယင်းအယူအဆသည် လူ့အခွင့်အရေး၏ အခြေခံယူဆချက်တစ်ရပ်ဖြစ်ပြီး လူမှုရေး၊ စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် အရေးပါသောအခန်းကဏ္ဍကိုလုပ်ဆောင်သည်။ ရေကဏ္ဍတွင် ကျား၊ မ တန်းတူပါဝင်ရေးကို အကောင်အထည်ဖော်ခြင်းသည် လူမှုရေးအရ တရားမျှတမှုကိုသာမက ရေစီမံခန့်ခွဲမှု၏ ထိရောက်မှုကိုပါ တိုးတက်စေနိုင်သည်။ အမျိုးသားနှင့် အမျိုးသမီးတို့၏ အတွေ့အကြုံ၊ လိုအပ်ချက်နှင့် အမြင်များသည် ကွဲပြားမှုရှိသောကြောင့် နှစ်ဖက်စလုံးပါဝင်မှသာ ပြီးပြည့်စုံသောဆုံးဖြတ်ချက်များကိုချမှတ်နိုင်ပါမည်။
ရေနှင့်အမျိုးသမီးများ၏နီးကပ်သောဆက်နွှယ်မှု
အခြေခံလူမှုအသိုင်းအဝိုင်းအဆင့်တွင် ရေနှင့်အနီးစပ်ဆုံးဆက်နွှယ်နေသူများမှာ အမျိုးသမီးများဖြစ်ကြသည်။ ကျေးလက်ဒေသများတွင် အိမ်သုံးရေကို ရှာဖွေရန်၊ သယ်ဆောင်ရန်နှင့်စီမံခန့်ခွဲရန်တို့ကို အမျိုးသမီးများက အဓိကတာဝန်ယူလေ့ရှိသည်။ ထို့ပြင် မိသားစုကျန်းမာရေး၊ အိမ်သန့်ရှင်းရေးနှင့် ကလေးများ၏ သန့်ရှင်းကျန်းမာရေးကိုလည်း အမျိုးသမီးများက အဓိကစောင့်ရှောက်ပေးလေ့ရှိသည်။ ထို့ကြောင့် သန့်ရှင်းသောရေရရှိမှု မလုံလောက်ခြင်းနှင့် ရေဆိုးစနစ်မကောင်းမွန်ခြင်းတို့၏ ပထမဆုံးသော ထိခိုက်ခံရသူများမှာလည်း အမျိုးသမီးများနှင့်ကလေးသူငယ်များပင်ဖြစ်သည်။
သို့သော် လက်တွေ့တွင် အမျိုးသမီးများသည် ရေစီမံခန့်ခွဲမှုနှင့် အနီးကပ်ဆုံးဆက်နွှယ်နေသူများဖြစ်ကြသော်လည်း ရေအရင်းအမြစ် စီမံခန့်ခွဲရေးနှင့် မူဝါဒချမှတ်ရေးကဲ့သို့သော ဆုံးဖြတ်ချက်ချမှုအဆင့်များတွင် ပါဝင်နိုင်ခြင်းမှာ နည်းပါးနေဆဲဖြစ်သည်။ ထိုကဲ့သို့သော ပါဝင်မှုမလုံလောက်ခြင်းသည် ဒေသခံလိုအပ်ချက်နှင့်ကိုက်ညီသောရေစနစ်များကိုဖန်တီးရာတွင် အခက်အခဲများဖြစ်စေပြီး ရေကဏ္ဍဖွံ့ဖြိုးရေး၏ ထိရောက်မှုနှင့်ရေရှည်တည်တံ့မှုကိုလည်း လျော့နည်းစေသည့် အရေးကြီးသော အားနည်းချက်တစ်ရပ်ဖြစ်သည်။
ရေကဏ္ဍတွင် ကျား၊ မ မညီမျှမှု၏အကျိုးဆက်များရေကဏ္ဍတွင် ကျား၊ မ မညီမျှမှုများရှိနေပါက စီမံကိန်းများ၏ ထိရောက်မှုလျော့နည်းခြင်း၊ အမျိုးသမီးများ၏ အချိန်နှင့်အခွင့်အလမ်းဆုံးရှုံးခြင်း၊ ကျန်းမာရေးနှင့် ပညာရေးထိခိုက်မှုများကဲ့သို့သော လူမှုရေးနှင့်စီးပွားရေးဆိုင်ရာအကျိုးဆက်များ များစွာဖြစ်ပေါ်လာနိုင်သည်။
(၁) စီမံကိန်းများထိရောက်မှုနည်းခြင်း။
ရေစီမံကိန်းများကို အမျိုးသားများသာ ဆုံးဖြတ်ပါက အမျိုးသမီးများ၏ လက်တွေ့လိုအပ်ချက်များ (ဥပမာ - ရေသုံးစွဲမှုနေရာ၊ အချိန်၊ ပမာဏ၊ သန့်ရှင်းရေးဆိုင်ရာ လိုအပ်ချက်များ)ကို ထည့်သွင်းမစဉ်းစားနိုင်ခြင်းကြောင့် စီမံကိန်းများသည်
အသုံးဝင်မှုနည်းပါးလာနိုင်သည်။
(၂) အမျိုးသမီးများ၏ အချိန်နှင့်အခွင့်အလမ်းဆုံးရှုံးခြင်း။ UNICEF နှင့် WHO (၂၀၂၃) အစီရင်ခံစာများအရ ရေရှာဖွေရန် အချိန်
အလွန်ပေးနေရခြင်းသည် အမျိုးသမီးများ၏ ပညာရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းကို ဆုံးရှုံးစေသည်။ ထို့ပြင် ကိုဗစ်-၁၉ ရောဂါကာလအတွင်း လက်ဆေးခြင်းကဲ့သို့သော WASH အလေ့အထများ၏ အရေးပါမှု ပိုမိုမြင့်တက် လာခဲ့သော်လည်း လူထု၏ စီးပွားရေးအခက်အခဲများကြောင့် သန့်ရှင်းသောရေ ဝယ်ယူနိုင်စွမ်းကျဆင်းခြင်းနှင့် စုပေါင်းရေရရှိရေး လုပ်ငန်းများ ရပ်ဆိုင်းသွားခြင်းတို့ကြောင့် အမျိုးသမီးများသည် မိသားစုအတွက် ရေမလုံလောက်သည့် ဒဏ်ကိုခံစားခဲ့ကြရသည်။ ၂၀၂၃ ခုနှစ် JMP အစီရင်ခံစာအရ ကမ္ဘာ့လူဦးရေ၏ ၂၆ ရာခိုင်နှုန်းသည် အိမ်တွင်းသန့်ရှင်းသောရေ မရရှိသေးဘဲ ရေရှားပါးမှုနှင့် ရာသီဥတု ပြောင်းလဲမှုသည် ရေဆိုင်ရာ ကျား၊ မ ကွာဟချက်ကို ပိုမိုချဲ့ထွင်စေနိုင်သည်ဟု UN-Water က သတိပေးထားသည်။
(၃) ကျန်းမာရေးနှင့်ပညာရေးထိခိုက်ခြင်း။
သန့်ရှင်းသောရေရရှိမှု မလုံလောက်သောဒေသများတွင် ရေကြောင့်ဖြစ်ပေါ်သော ရောဂါများကြောင့် လေးငယ်များ၏ ကျန်းမာရေးနှင့် ပညာရေးထိခိုက်မှုများမြင့်မားနေဆဲဖြစ်သည်။ အမျိုးသမီးများ သည်လည်း မိသားစုအတွက် ကျန်းမာရေး စောင့်ရှောက်သူများ ဖြစ်သောကြောင့် ထိုရောဂါများ၏ ဝန်ထုပ်ဝန်ပိုးကို ပိုမိုခံစားရသည်။ ထို့ကြောင့် ရေကဏ္ဍတွင် ကျား၊ မ မညီမျှမှုများ ဆက်လက်တည်ရှိနေပါက လူမှုရေးနှင့်စီးပွားရေးဆိုင်ရာ ဆိုးကျိုးများကို ပိုမိုဖြစ်ပေါ်စေမည်ဖြစ်သည်။
ကျား၊ မတန်းတူပါဝင်မှု၏အကျိုးကျေးဇူးများ
ရေကဏ္ဍတွင် ကျား၊ မ တန်းတူပါဝင်ရေးကို အကောင်အထည်ဖော်ခြင်းသည် ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်ရေး (Sustainable Development)အတွက်အလွန်အရေးပါသည်။
(၁) ထိရောက်မှုတိုးတက်ခြင်း။ လူထုအဆင့်တွင် အမျိုးသမီးများပါဝင်လာပါက ရေစုဆောင်းသောစနစ်များကို ပိုမိုကောင်းမွန်စွာ
ထိန်းသိမ်းနိုင်ပြီး ရေသုံးစွဲမှုကိုလည်း ထိရောက်စွာစီမံနိုင်သည်။
(၂) လူထုယုံကြည်မှုတည်ဆောက်နိုင်ခြင်း။
ကျား၊ မ တန်းတူပါဝင်ရေးသည် လူမှုရေးတည်ငြိမ်မှုနှင့် လူထုယုံကြည်မှုကိုလည်း တိုးတက်စေသည်။ ထိုယုံကြည်မှု သည် ရေကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများကို ရေရှည်အောင်မြင်စေသော အခြေခံအချက်တစ်ရပ်ဖြစ်လာနိုင်သည်။
ရေကဏ္ဍတွင်“အမည်ခံပါဝင်မှု”ပြဿနာ
အချို့သော ရေကဏ္ဍစီမံကိန်းများတွင် အမျိုးသမီးများပါဝင်သည်ဟု ဖော်ပြထားကြသော်လည်း လက်တွေ့တွင် ဆုံးဖြတ်ချက်ချသောအဆင့်များတွင် ပါဝင်ခွင့်မပေးဘဲ အမည်သဘောအရသာပါဝင်ထားခြင်းများကိုတွေ့ရှိရသည်။ ဥပမာအားဖြင့် ကျေးရွာရေကော်မတီတစ်ခုတွင် အမျိုးသမီးအဖွဲ့ဝင်များပါဝင်နေသော်လည်း စက်ရေတွင်းတည်နေရာရွေးချယ်ခြင်း၊ အိမ်သာစနစ်ဒီဇိုင်းပြုလုပ်ခြင်း၊ ငွေကြေးအသုံးချမှုဆုံးဖြတ်ခြင်း စသည့်အလွန်အရေးကြီးသော အစည်းအဝေးများတွင် အမျိုးသမီးများ၏ သဘောထားကိုမယူဘဲ အမျိုးသားများသာဆုံးဖြတ်သည့်အခြေအနေများရှိနေသည်။ ထိုကဲ့သို့သော ပါဝင်မှုမျိုးသည် ကျား၊ မတန်းတူပါဝင်ရေး၏အဓိပ္ပာယ်ကို မပြည့်စုံစေသကဲ့သို့ ရေစီမံခန့်ခွဲမှု၏ အရည်အသွေးကိုလည်း မတိုးတက်စေနိုင်ပါ။ ထို့ကြောင့် ကျား၊ မတန်းတူပါဝင်ရေးသည် အရေအတွက်တစ်ခုအဖြစ်သာမသတ်မှတ်ဘဲ အာဏာနှင့်ဆုံးဖြတ်ချက်ချနိုင်စွမ်းအထိ ပါဝင်လာနိုင်စေရန်မှာ အရေးကြီးသည်။
နိုင်ငံတကာအတွေ့အကြုံ – ဘင်္ဂလားဒေ့ရှ်မှသင်ခန်းစာ
နိုင်ငံတကာအတွေ့အကြုံများအရ ရေကဏ္ဍတွင် အမျိုးသမီးများကို ဆုံးဖြတ်ချက်ချမှုအဆင့်အထိ ပါဝင်စေသော စီမံကိန်းများသည် ရေရှည်အောင်မြင်မှုများရရှိကြောင်းကို တွေ့ရှိရသည်။ ဥပမာအားဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် Gender Equality and Social Inclusion (GESI) ကို ထည့်သွင်းထားသော WASH စီမံကိန်းများ (ဥပမာ SHOMOTA Project)သည် အမျိုးသမီးများ၏ “အဓိပ္ပာယ်ပြည့်ဝသောပါဝင်မှု” (meaningful participation)ကိုတိုးတက်စေပြီး ရေစနစ်ထိန်းသိမ်းမှုနှင့် လူထု၏ စိတ်ကျေနပ်မှုအပေါ် အပြုသဘောသက်ရောက်မှုရှိကြောင်းကိုဖော်ပြထားသည်။ ထို့ပြင် ကျေးလက်ဒေသ ရေသုံးစနစ်စီမံကိန်း တစ်ခုတွင် ရေစီမံခန့်ခွဲရေးကော်မတီအဖွဲ့ဝင်များအနက် ၄၀ ရာခိုင်နှုန်းကို အမျိုးသမီးများဖြင့်ဖွဲ့စည်းခဲ့သည်။ ထိုစီမံကိန်း၏ ထိန်းသိမ်းနိုင်စွမ်းနှင့် အသုံးချမှုအဆင့်တို့သည် ယခင်အမျိုးသားအခြေခံစီမံကိန်းများထက် သိသာစွာတိုးတက်လာခဲ့သည်ကို တွေ့မြင်ရသည်။
မြန်မာနိုင်ငံ အခြေအနေနှင့် Dry Zone(မကွေးဒေသ)တွင် ရေပြဿနာမြန်မာနိုင်ငံတွင် ရေအရင်းအမြစ်များစွာရှိသော်လည်း ဒေသအလိုက် မညီမျှမှုများရှိနေသည်။ အထူးသဖြင့် မကွေးတိုင်းဒေသကြီးအပါအဝင် Dry Zone ဒေသများတွင် မိုးရေချိန် နည်းပါးခြင်းနှင့် မကြာခဏခြောက်သွေ့မှုများကြောင့် ရေရှားပါးမှုပြဿနာသည် ရေရှည်ဖြစ်ပေါ်လျက်ရှိသည်။ UNDP မှလည်း မြန်မာ Dry Zone ဒေသများအတွင်း ရေအရင်းအမြစ်ရရှိမှုတိုးတက်စေရန် ရေကန်များပြုလုပ်ခြင်း၊ ရေတွင်းများတည်ဆောက်ခြင်းနှင့် လူထုအခြေပြုစီမံခန့်ခွဲမှုများကိုဆောင်ရွက်နေကြောင်းဖော်ပြထားသည်။ Dry Zone ကျေးရွာအများစုတွင် အိမ်သုံးရေရရှိရန် ရေကန်၊ ရေတွင်း၊ လက်တွန်းပန့် သို့မဟုတ် အဝေးမှရေကိုသယ်ယူရသော အခြေအနေများကြောင့် အမျိုးသမီးများနှင့် ကလေးသူငယ်များသည် နေ့စဉ် ရေရှာဖွေရန်အတွက် အချိန်နှင့်ခန္ဓာကိုယ်အင်အားများကို များစွာအသုံးချနေရသည်။
ထို့ပြင် WASH (Water, Sanitation and Hygiene) လက်လှမ်းမီမှုနည်းပါးသော ကျေးရွာများတွင် သန့်ရှင်းရေးစနစ် ကောင်းမွန်ခြင်း မရှိသောကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါ၊ အူလမ်းကြောင်းဆိုင်ရာရောဂါများကဲ့သို့ ရေမှတစ်ဆင့်ဖြစ်ပွားသော ရောဂါများကို ဖြစ်ပွားစေနိုင်သည်။ ထို့ကြောင့် Dry Zone ရေစီမံကိန်းများတွင် ရေကန်တည်နေရာရွေးချယ်မှု၊ ရေတွင်းတူးဖော်မှု၊ ရေသိုလှောင်မှုစနစ်ဒီဇိုင်းနှင့် သန့်ရှင်းသော အိမ်သာစနစ် စီမံကိန်းများကို ဆောင်ရွက်ရာတွင် အမျိုးသမီးများ၏ လက်တွေ့အတွေ့အကြုံနှင့် ဆုံးဖြတ်ချက်ချမှုကို ထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။ သို့မှသာ ဒေသနှင့်ကိုက်ညီသော ရေစနစ်များကို ဖန်တီးနိုင်ပြီး စီမံကိန်းများ၏ ရေရှည်တည်တံ့မှုကိုပါ မြှင့်တင်နိုင်မည်ဖြစ်သည်။
ဥပမာအားဖြင့် Dry Zone ကျေးရွာ ရေစီမံကိန်းများတွင် “အမျိုးသမီးရေကော်မတီခေါင်းဆောင်မှုသင်တန်း (Women Leadership Training for Village Water Committees)” ကို စနစ်တကျ ပို့ချပေးပြီး အမျိုးသမီးများကို ငွေကြေးစီမံခန့်ခွဲမှု၊ ပြုပြင်ထိန်းသိမ်းမှုနှင့် ဆုံးဖြတ်ချက်ချမှုအဆင့်အထိ ပါဝင်နိုင်စေရန် အစီအစဉ်များချမှတ်သင့်သည်။ မြန်မာနိုင်ငံ၏ ရေလိုအပ်မှုမှာ ဒေသအလိုက် အလွန်ကွဲပြားသည်။ မြစ်ဝကျွန်းပေါ်ဒေသများတွင် ရေရှားပါးမှုထက် ရေကြီးရေလျှံမှု၊ ရေငန်ဝင်ရောက်မှုနှင့် ရေညစ်ညမ်းမှုတို့ကြောင့် အမျိုးသမီးများနှင့် ကလေးသူငယ်များအတွက် ကျန်းမာရေးနှင့် လုံခြုံရေးစိန်ခေါ်မှုများ ပိုမိုကြီးမားလာခဲ့သည်။ တောင်ပေါ်နှင့် နယ်စပ်ဒေသများတွင်မူ ရေအရင်းအမြစ်သို့ ရောက်ရှိရန် တောင်တက်တောင်ဆင်း ခရီးလမ်းကြမ်းများကြောင့် ရေသယ်ရန် အချိန်ပိုကြာခြင်းနှင့် အမျိုးသမီးများ၏ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုများကို ပိုမိုရင်ဆိုင်ရသည်။
ထို့ကြောင့် တစ်နိုင်ငံလုံးအတွက် တစ်ပုံစံတည်းသောမူဝါဒထက် ဒေသအလိုက် ကျား၊ မ ဆိုင်ရာလိုအပ်ချက်များကို ချိန်ညှိထားသော ချဉ်းကပ်နည်း (Locally Adapted Gender-Sensitive Approach) သာလျှင် အလုပ်ဖြစ်နိုင်မည်ဖြစ်သည်။
“ရေအသက်တစ်မနက်”–သဘောတရားနှင့်လူသားဘဝနှင့်ဆက်စပ်မှု“ရေအသက်တစ်မနက်” ဟူသော စကားလုံးသည် ရေ၏အရေးပါမှုကို နက်ရှိုင်းစွာဖော်ပြထားသောကြောင့် အဓိပ္ပာယ်ပြည့်စုံသည့်အယူအဆတစ်ရပ်ပင်ဖြစ်သည်။ လူသားများ၏ အသက်ရှင်ရပ်တည်မှုအစမှ သေဆုံးသည်အထိ ရေမရှိဘဲ မည်သည့်လုပ်ငန်းမျိုးကိုမျှ ဆောင်ရွက်နိုင်ခြင်းမရှိပါ။ ထို့ကြောင့် လူ့ယဉ်ကျေးမှု၊ လူ့ဘောင်အဖွဲ့အစည်းနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတို့၏အခြေခံအုတ်မြစ်မှာလည်းရေဖြစ်သည်။
SDGs Goal 5 နှင့် Goal 6 ၏ဆက်နွှယ်မှု
SDG Goal 5 (Gender Equality) သည် အမျိုးသမီးများ၏ အခွင့်အရေးနှင့်ပါဝင်မှုကိုအလေးထားခြင်းဖြစ်ပြီး ရေအသက်တစ်မနက်ကို လက်တွေ့ကျကျကာကွယ်ထိန်းသိမ်းနိုင်ရန် လိုအပ်သောလူသားအင်အားကို အပြည့်အဝအသုံးချရန်ရည်ရွယ်သည်။ SDG Goal 6 (Clean Water and Sanitation) သည် လူသားအသက်ကို ထိန်းသိမ်းရန်အတွက် မဖြစ်မနေလိုအပ်သော သန့်ရှင်းသောရေနှင့် သန့်ရှင်းရေးကို အခြေခံထားပြီး “ရေအသက်တစ်မနက်” ဟူသော အယူအဆ၏ကမ္ဘာလုံးဆိုင်ရာ အကောင်အထည်ဖော်မှု ဖြစ်သည်ဟု ဆိုနိုင်သည်။ Goal 5 နှင့် Goal 6 သည် အပြန်အလှန်မခွဲခြားနိုင်သော ဆက်နွှယ်မှုရှိသည်။ အမျိုးသမီးများပါဝင်ဆောင်ရွက်မှုမရှိပါက သန့်ရှင်းသောရေရရှိမှုသည် ရေရှည်တည်တံ့နိုင်မည်မဟုတ်ပါ။ ထို့ပြင် သန့်ရှင်းသော ရေရရှိမှုမရှိပါက အမျိုးသမီးများ၏ ကျန်းမာရေး၊ ပညာရေးနှင့် စီးပွားရေးဆိုင်ရာအခွင့်အလမ်းများကိုလည်း အပြည့်အဝကာကွယ်နိုင်မည်မဟုတ်ပါ။
မူဝါဒနှင့်အဖွဲ့အစည်းဆိုင်ရာ အရေးယူဆောင်ရွက်မှုများ
ရေကဏ္ဍတွင် ကျား၊ မတန်းတူပါဝင်ရေးကို လက်တွေ့အကောင်အထည်ဖော်ရန် အောက်ဖော်ပြပါအဆင့်များကိုလိုအပ်သည်။
(၁) မူဝါဒအဆင့်ပြုပြင်ပြောင်းလဲခြင်း။ အစိုးရ မူဝါဒများတွင် ကျား၊ မ ရေးရာအမြင် (Gender Perspective)ကို ထည့်သွင်းစဉ်းစားရန်။
ကျေးရွာသောက်သုံးရေနှင့် သန့်ရှင်းရေး ကော်မတီများတွင် အမျိုးသမီးပါဝင်မှု အနည်းဆုံး ၅၀ ရာခိုင်နှုန်းရှိစေရေး ညွှန်ကြားချက်များထုတ်ပြန်ရန်။ ရေ စီမံခန့်ခွဲရေးအဖွဲ့အစည်းများတွင် အမျိုးသမီးကိုယ်စားပြုမှုကို ဥပဒေအရ ပြဋ္ဌာန်းသတ်မှတ်ရန် (၃၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိ)။ ယခုလက်ရှိ မြန်မာနိုင်ငံတွင် လူမှုစီးပွားရေး အခြေအနေများကြောင့် ကျေးလက်ဒေသနှင့် ရေရှားပါးမှုဒဏ်ခံရသောဒေသများတွင် WASH ဝန်ဆောင်မှုများ ကျဆင်းလာနိုင်ခြေ ရှိနေသည်။ ထို့ကြောင့် CSO များ၏ လေ့လာတွေ့ရှိချက်များနှင့် UNDP, FAO စသည့် အဖွဲ့အစည်းများ၏ အစီရင်ခံစာများ အပေါ်အခြေခံ၍ ရေရှည်တည်တံ့သော ရေစီမံခန့်ခွဲမှုစနစ်များ တည်ဆောက် ရာတွင် အမျိုးသမီးများ၏ ဆုံးဖြတ်ပိုင်ခွင့်ကို ဥပဒေလမ်းကြောင်းအရပိုမိုခိုင်မာအောင် ဆောင်ရွက်သင့်သည်။
(၂) သင်တန်းနှင့် စွမ်းရည်မြှင့်တင်ရေး နည်းပညာဆိုင်ရာ ပညာပေးမှုများကို ကျား၊ မ မရွေး အညီအမျှပေးအပ်ရန်။
ရေအရင်းအမြစ်စီမံခန့်ခွဲရေးသင်တန်းများတွင် အမျိုးသမီးလေ့လာသူ ၄၀ ရာခိုင်နှုန်းပါဝင်ရေးဦးတည်ချက်ချမှတ်ရန်။
အမျိုးသမီးများအား ရေနည်းပညာ၊ စီမံခန့်ခွဲမှုနှင့်ခေါင်းဆောင်မှုဆိုင်ရာ သင်တန်းများစနစ်တကျပို့ချပေးရန်။
(၃) လူမှုရေးအသိပညာပေးခြင်း။ လူမှုရေး အယူအဆများကြောင့် ဖြစ်ပေါ်နေသော ကျား၊ မ ကန့်သတ်ချက်များကိုပညာပေးမှုမှ
တစ်ဆင့်ပြောင်းလဲပေးရန်။
(၄) သုတေသနနှင့်ပညာရေးတက္ကသိုလ်များရှိ ရေအရင်းအမြစ်စီမံခန့်ခွဲမှု ဘာသာရပ်များတွင် ကျား၊ မရေးရာသဘောတရား များကို ထည့်သွင်းသင်ကြားပေးရန်။
ထို့ကြောင့် မူဝါဒနှင့်အဖွဲ့အစည်းဆိုင်ရာ အရေးယူဆောင်ရွက်မှုများကို ကျား၊မတန်းတူအမြင်ဖြင့် လက်တွေ့ကျကျ ဆောင်ရွက်ခြင်းသည် ရေကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး၏ အခြေခံအုတ်မြစ် တစ်ရပ်ပင်ဖြစ်သည်။
ကမ္ဘာမြေပေါ်ရှိ ရေအရင်းအမြစ်များသည် ပမာဏအရများပြားသော်လည်း လူသားတို့တိုက်ရိုက်အသုံးပြုနိုင်သည့် ရေချိုပမာဏမှာ အလွန်အကန့်အသတ်ဖြင့် ရှိနေသည်ကို သိပ္ပံဆိုင်ရာသုတေသနများက ထင်ရှားစွာပြသထားသည်။ ထိုသို့ရေချိုရရှိနိုင်မှု ကန့်သတ်နေသော အခြေအနေအတွင်း ၂၁ ရာစု၏ ရာသီဥတုပြောင်းလဲမှု၊ ရေရှားပါးမှုနှင့် ရေဘေးအန္တရာယ် စိန်ခေါ်မှုများကို ရင်ဆိုင်ရန် နည်းပညာနှင့် မူဝါဒများကိုသာ မျှော်မှန်းထားခြင်းဖြင့် မလုံလောက်တော့ဘဲ ကျား၊ မတန်းတူပါဝင်နိုင်ရေးကို အဓိကအခြေခံအချက်တစ်ရပ်အဖြစ် မဖြစ်မနေထည့်သွင်းစဉ်းစားရန်လိုအပ်လာသည်။ အထူးသဖြင့် လက်ရှိမြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေးအပြောင်းအလဲများကြောင့် WASH ဝန်ဆောင်မှုများ ကျဆင်းလာနိုင်ခြေရှိသည့် အခြေအနေတွင် အမျိုးသမီးများ၏ ဆုံးဖြတ်ပိုင်ခွင့်ကို ဥပဒေလမ်းကြောင်းအရ ပိုမိုခိုင်မာအောင်ဆောင်ရွက်ခြင်းသည် ရေရှည်တည်တံ့သော ရေစီမံခန့်ခွဲမှု စနစ်များ တည်ဆောက်နိုင်ရေးအတွက် အရေးပါသော သော့ချက်တစ်ရပ်ပင်ဖြစ်သည်။ Dry Zone ၏ ရေရှားပါးမှု၊ မြစ်ဝကျွန်းပေါ်၏ ရေဘေးနှင့် တောင်ပေါ်ဒေသ၏ ရေရရှိရန်ခက်ခဲမှု စသည့် ဒေသအလိုက်ကွဲပြားသော စိန်ခေါ်မှုများကို အမျိုးသမီးများ၏အသံနှင့် အတွေ့အကြုံများမှတစ်ဆင့် ဖြေရှင်းနိုင်မှသာလျှင် ပိုမိုထိရောက်သော ရေကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်နိုင်မည်ဖြစ်သည်။ အနှစ်ချုပ်အားဖြင့် “ရေအသက်တစ်မနက်” ဟူသော သဘောတရားကို လက်တွေ့အကောင်အထည် ဖော်ရန်အတွက် SDGs Goal 5 နှင့် Goal 6 တို့ကို အပြန်အလှန်ထောက်ပံ့ပေးသော ရည်မှန်းချက်များအဖြစ် ချိတ်ဆက်စဉ်းစားရမည်
ဖြစ်သည်။ ထို့ကြောင့် ရေကဏ္ဍစုံဖွံ့ဖြိုးရေးသည် နည်းပညာရှင်များ၏ တာဝန်သာမက အမျိုးသား၊ အမျိုးသမီးအားလုံး တန်းတူညီမျှ လက်တွဲဆောင်ရွက်ရမည့် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် တင်ပြအပ်ပါသည်။ ။
MWD
