သမိုင်းအစဉ်အလာခိုင်မာသည့် ခေတ်မီစွမ်းရည် ထက်မြက်သော တပ်မတော်ဆီသို့
Posted_Date
Image
Body
နိုင်ငံတော်၏အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးနှင့် အမျိုးသားအကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရေးတို့တွင် အဓိကကျသော အခန်းကဏ္ဍမှပါဝင်နေသည်မှာ ခေတ်မီစွမ်းရည်ထက်မြက်သော တပ်မတော်ပင်ဖြစ်သည်။ မြန်မာ့တပ်မတော်သည် မိမိတို့၏သမိုင်းကြောင်း တစ်လျှောက် ခိုင်မာလှသော ရိုးရာအစဉ်အလာကောင်းများကို အခြေခံလျက် ခေတ်မီစွမ်းရည်ထက်မြက်သော တပ်မတော် (Standard Army) တစ်ရပ်အဖြစ် ကူးပြောင်းတည်ဆောက်နေသည့် အရေးကြီးသော အချိန်ကာလသို့ရောက်ရှိနေပြီဖြစ်သည်။ ကမ္ဘာ့အခြေအနေအရပ်ရပ်သည် ဘက်စုံစစ်ဆင်ရေး (Multi-Domain Operations)နှင့် နည်းပညာအသာစီး ရယူမှုများဆီသို့ ဦးတည်ပြောင်းလဲနေသည်နှင့်အညီ တပ်မတော်သည်လည်း သမားရိုးကျစစ်ဆင်ရေး စွမ်းရည်များအပြင် အဆင့်မြင့်နည်းပညာ၊ အီလက်ထရွန်နစ်နှင့် ဆိုက်ဘာစစ်ဆင်ရေးဆိုင်ရာ စွမ်းပကားများကို ပေါင်းစပ်ဖြည့်တင်းလျက်ရှိသည်။ ဤသို့တည်ဆောက်ရာတွင် “တပ်မတော်သည်အမျိုးသားရေးကို ဘယ်တော့မှသစ္စာမဖောက်”ဟူသည့် ခိုင်မာသောစိတ်ဓာတ်အစဉ်အလာကိုအရင်းခံ၍ နိုင်ငံတော်၏တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို အာမခံချက်ပေးနိုင်သော အဖွဲ့အစည်းတစ်ခုအဖြစ် ခေတ်သစ်သမိုင်းကို ရေးထိုးနေခြင်းဖြစ်သည်။ ယခုကျရောက်မည့် မတ်လ ၂၇ ရက်တွင်ကျင်းပမည့် (၈၁)နှစ်မြောက် တပ်မတော်နေ့သည် တပ်မတော်၏ စွမ်းဆောင်ရည်ကို ထုတ်ဖော်ပြသရုံသာမက အနာဂတ်တွင်ပိုမိုတောင့်တင်းခိုင်မာသော ကာကွယ်ရေးစွမ်းအားစုအဖြစ် အသွင်ကူးပြောင်းမှု၏ပြယုဂ်တစ်ခုလည်းဖြစ်ပေသည်။
တပ်မတော်၏မပြောင်းလဲသော အမျိုးသားရေးသစ္စာနှင့် ခိုင်မာသည့် အစဉ်အလာ
မြန်မာ့တပ်မတော်သည် ပေါက်ဖွားလာသည့် သမိုင်းကြောင်းမှစ၍ နိုင်ငံတော်နှင့် ပြည်သူအပေါ်ထားရှိသော သစ္စာတရားကို အသက်နှင့်လဲ၍ စောင့်ရှောက်ခဲ့သည့် ထူးမြတ်သော အစဉ်အလာရှိသည်။ မည်သည့်ခေတ်စနစ်၊ မည်သည့်အစိုးရပင် ပြောင်းလဲစေကာမူ အမျိုးသားရေးတာဝန်ဖြစ်သည့် “ဒို့တာဝန်အရေးသုံးပါး”ကို အစဉ်ဦးထိပ်ထားကာ နိုင်ငံတော်၏အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ ခိုင်မြဲရေးအတွက် မယိမ်းယိုင်သော စိတ်ဓာတ်ဖြင့် ရပ်တည်နေသည့် တစ်ခုတည်းသော အဖွဲ့အစည်းဖြစ်သည်။
ခေတ်မီစွမ်းရည်ထက်မြက်သော တပ်မတော်သို့ ဦးတည်ခြင်း
ကမ္ဘာ့အဆင့်မီစံနှုန်းများနှင့်အညီ တပ်မတော်ကို ပြန်လည်ဖွဲ့စည်း တည်ဆောက်ရာတွင် အရေအတွက်ထက် အရည်အချင်းကိုပိုမို ဦးစားပေးသည့်စနစ်ကိုကျင့်သုံးလျက်ရှိသည်။ စစ်ဘက်ဆိုင်ရာစီမံခန့်ခွဲမှုစနစ်များ၊ ဖွဲ့စည်းပုံများနှင့်လက်နက်စနစ်များကို ခေတ်သစ်စစ်ပွဲများ၏ လိုအပ်ချက်နှင့်အညီ ပြောင်းလဲကာ ကျစ်လျစ်ခိုင်မာပြီး ထိုးစစ်၊ ခံစစ်စွမ်းရည်ထက်မြက်သော အင်အားစုအဖြစ် အသွင်ကူးပြောင်းလျက်ရှိသည်။
စစ်ဘက်စွမ်းရည်မြှင့်တင်ရေးနှင့်အမြဲအသင့်ဖြစ်မှု
တပ်မတော်သားတစ်ဦးချင်းစီ၏ တစ်ဦးချင်းတိုက်ခိုက်နိုင်စွမ်းမှသည် တပ်ရင်း၊ တပ်ဖွဲ့အလိုက် စုပေါင်းတိုက်ခိုက်နိုင်စွမ်းအထိ စွမ်းရည်ထက်မြက်နေစေရန် “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ”ဆိုသည့်အတိုင်း စဉ်ဆက်မပြတ်ဆောင်ရွက်နေသည်။
မည်သည့်ရန်သူ့အန္တရာယ်၊ မည်သည့်စိန်ခေါ်မှုကိုမဆို အချိန်မရွေး၊ နေရာမရွေး ထိရောက်စွာတုံ့ပြန်နိုင်သည့် အမြဲအသင့်အနေအထား (Ready-to-Fight) ကို အစဉ်တစိုက်ထိန်းသိမ်းထားသည်။
နည်းပညာစွမ်းအားဖြင့်ကာကွယ်ရေးကဏ္ဍကို အဆင့်မြှင့်တင်ခြင်း
မျက်မှောက်ခေတ် စစ်ဆင်ရေးများသည် ဒစ်ဂျစ်တယ်နည်းပညာနှင့်အဆင့်မြင့်အီလက်ထရွန်နစ် ကိရိယာများအပေါ် များစွာမှီခိုလာရသည်။ ထို့ကြောင့် တပ်မတော်အတွင်း ဆိုက်ဘာလုံခြုံရေး၊ အီလက်ထရွန်နစ်စစ်ဆင်ရေး (Electronic Warfare) နှင့် အလိုအလျောက်ထိန်းချုပ်စနစ်သုံး လက်နက်များ (Automated Weapons) ကို အားဖြည့်လျက်ရှိကာ နည်းပညာအသာစီးရယူရေးကို မဟာဗျူဟာမြောက် ဖော်ဆောင်လျက်ရှိသည်။
(ကြည်း၊ ရေ၊ လေ)ပူးပေါင်းစစ်ဆင်ရေး စွမ်းရည်ခေတ်မီတပ်မတော်တစ်ခု၏ အောင်မြင်မှုသည် တပ်ဖွဲ့ခွဲများအကြား ဟန်ချက်ညီညီ ချိတ်ဆက်နိုင်မှုပေါ်တွင် မူတည်သည်။ (ကြည်း၊ ရေ၊ လေ)တပ်ဖွဲ့များအကြား အချိန်နှင့်တစ်ပြေးညီ သတင်းအချက်အလက် စီးဆင်းမှုမြန်ဆန်စေရန်နှင့် ပစ်ကူပေးမှုများ ထိရောက်စေရန် ပေါင်းစပ်စစ်ရေး လေ့ကျင့်မှုများကို နိုင်ငံတော်အဆင့် စနစ်တကျကျင်းပပြုလုပ်ကာ စွမ်းရည်မြှင့်တင်လျက်ရှိသည်။
လူသားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးနှင့် ပညာခေတ်တပ်မတော်
အဆင့်မြင့်စစ်လက်နက်များကို ကျွမ်းကျင်စွာ ကိုင်တွယ်မည့် တပ်မတော်သားများသည် ဗဟုသုတကြွယ်ဝပြီး ပညာတတ်များဖြစ်ရန် လိုအပ်သည်။ တပ်မတော်အတွင်း စစ်ဘက်၊ နယ်ဘက် ပညာရပ်များကို ဘွဲ့လွန်နှင့် ဒေါက်တာဘွဲ့အဆင့်ထိ သင်ကြားပေးနေသကဲ့သို့ ပြည်ပနိုင်ငံများသို့လည်း ပညာတော်သင်များစေလွှတ်ကာ နိုင်ငံတကာအဆင့်မီပညာရှင်စစ်သည်တော်များကို ပျိုးထောင်လျက်ရှိသည်။
စိတ်ဓာတ်စွမ်းရည်၏ အဓိကကျသောအခန်းကဏ္ဍ
လက်နက်ပစ္စည်းများ မည်မျှပင်သာလွန်စေကာမူ တိုက်ပွဲ၏ အဆုံးအဖြတ်သည် တိုက်ခိုက်သူ၏ စိတ်ဓာတ်ဖြစ်သည်။ တပ်မတော်သားများအနေဖြင့် လှေခွက်ချည်းကျန် အလံမလှဲသည့်စိတ်ဓာတ်၊ တုံးတိုက်တိုက် ကျားကိုက်ကိုက်စိတ်ဓာတ်၊ တပ်မတော်၏အစဉ်အလာကို အသက်ပေးစောင့်ထိန်းလိုသည့် စိတ်ဓာတ်တို့အခြေခံကာ မည်သည့်အခက်အခဲကိုမဆို ကျော်လွှားနိုင်သည့် ရဲစွမ်းသတ္တိနှင့် ဇွဲစိတ်ဓာတ်ကိုမြှင့်တင်ထားသည်။
စစ်လက်နက်ပစ္စည်းများ ကိုယ်တိုင်ထုတ်လုပ်နိုင်မှု
မိမိတို့၏ ကာကွယ်ရေးပစ္စည်းစက်ရုံများမှ အဆင့်မြင့်လက်နက်ခဲယမ်းများ၊ သံချပ်ကာယာဉ်များ၊ စစ်ရေယာဉ်များနှင့် ဒရုန်းနည်းပညာများကို သုတေသနပြုထုတ်လုပ်လျက်ရှိသည်။ ဤသည်မှာ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ကိုယ်တိုင်ကာကွယ်နိုင်သည့် ခိုင်မာသောခြေလှမ်းဖြစ်သည်။
နိုင်ငံတကာစစ်ဘက်ဆိုင်ရာဆက်ဆံရေးနှင့်ပူးပေါင်းဆောင်ရွက်မှု
အိမ်နီးချင်းနိုင်ငံများနှင့် ဒေသတွင်းတပ်မတော်များအကြား ချစ်ကြည်ရင်းနှီးစွာဆက်ဆံပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ လူသားချင်းစာနာမှုအကူအညီပေးရေးနှင့် ပူးပေါင်းစစ်ရေးလေ့ကျင့်မှုများကို တိုးမြှင့်လုပ်ဆောင်ခြင်းဖြင့် မြန်မာ့တပ်မတော်၏ ဂုဏ်သိက္ခာနှင့် အခန်းကဏ္ဍကို ကမ္ဘာ့အလယ်တွင် မြှင့်တင်လျက်ရှိသည်။
သဘာဝဘေးအန္တရာယ်ကာကွယ်ရေးနှင့်ပြည်သူ့ အကျိုးပြုလုပ်ငန်းများ
တပ်မတော်သည် စစ်ဆင်ရေးတာဝန်များအပြင် ပြည်သူလူထု သဘာဝဘေးအန္တရာယ် ကြုံတွေ့ရချိန်တိုင်းတွင် ရှေ့တန်းမှ မားမားမတ်မတ်ရပ်တည်ကာ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက်ဆောင်ရွက်သည်။
“တပ်မတော်သည် ပြည်သူ့အတွက်”ဟူသောဆောင်ပုဒ်နှင့်အညီ ပြည်သူ့အကျိုးစီးပွားကို အစဉ်တစိုက်ဖော်ဆောင်လျက်ရှိသည်။
စည်းကမ်းကောင်းမွန်မှုသည် တပ်မတော်၏ကျောရိုးစစ်စည်းကမ်းသည် တပ်မတော်၏ အသက်သွေးကြောဖြစ်သည့်အတိုင်းအမိန့်နာခံမှု၊ ကျင့်ဝတ်လိုက်နာမှုနှင့် စနစ်တကျနေထိုင်မှုများကို တင်းကျပ်စွာကျင့်သုံးသည်။ စည်းကမ်းရှိသော တပ်မတော်သားသည်သာ ပြည်သူကအားကိုးရသည့်၊ ရန်သူကကြောက်ရွံ့ရသည့် စစ်သားကောင်းဖြစ်လာနိုင်ကြောင်း လက်ကိုင်ထားကျင့်သုံးသည်။
သုတေသနနှင့် ဖွံ့ဖြိုးရေးကဏ္ဍကိုအလေးထားခြင်း
ခေတ်သစ်စစ်ပွဲဗျူဟာများ ပြောင်းလဲလာမှုအပေါ် မူတည်၍ တပ်မတော်၏သုတေသနဌာနများမှ ဆန်းသစ်သော တိုက်ပွဲဝင်နည်းစနစ်များနှင့် ကာကွယ်ရေးပစ္စည်းများကို စဉ်ဆက်မပြတ်တီထွင်ဖန်တီးလျက်ရှိသည်။ ဤသုတေသနလုပ်ငန်းများသည် တပ်မတော်ကို အနာဂတ်စိန်ခေါ်မှုများအတွက် အသင့်ဖြစ်စေသည်။
တပ်ဖွဲ့ဝင်များ၏ သက်သာချောင်ချိရေးနှင့်မိသားစုဘဝမြှင့်တင်ရေး
တပ်မတော်သားများ စိတ်အေးချမ်းသာစွာ တာဝန်ထမ်းဆောင်နိုင်ရန် မိသားစုဝင်များ၏ ပညာရေး၊ ကျန်းမာရေးနှင့် နေထိုင်မှုဘဝများကို အဆင့်မြှင့်တင်ပေးထားသည်။ စစ်မှုထမ်းဟောင်းများနှင့် ၎င်းတို့၏ မိသားစုများအတွက်လည်း သက်သာချောင်ချိရေးနှင့် ဂုဏ်ပြုထောက်ပံ့မှုများကို စနစ်တကျဖော်ဆောင်လျက်ရှိသည်။
အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍနှင့်တည်ငြိမ်ရေး
နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်များ အောင်မြင်စေရန်နှင့် ခိုင်မာသော ဒီမိုကရေစီစနစ် ဖော်ဆောင်ရာတွင် တပ်မတော်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍမှ တာဝန်သိစွာပါဝင် ထိန်းကျောင်းပေးလျက်ရှိသည်။ ဤသည်မှာ နိုင်ငံတော်မပြိုကွဲစေရန် ထိန်းသိမ်းခြင်းပင်ဖြစ်သည်။
ခေတ်မီရေတပ်နှင့် ဝေဟင်စွမ်းအားကိုဟန်ချက်ညီစွာ တည်ဆောက်ခြင်း
ပင်လယ်ပြင်အကျိုးစီးပွားကို ကာကွယ်ရန်အတွက် ဘက်စုံသုံးစစ်ရေယာဉ်များ ဖြည့်တင်းခြင်း၊ ဝေဟင်ပိုင်နက် လုံခြုံရေးအတွက် စတုတ္ထမျိုးဆက်လွန် ဘက်စုံသုံးအကြီးစား တိုက်လေယာဉ်များကိုအသုံးပြုခြင်းဖြင့် (ကြည်း၊ ရေ၊ လေ)အင်အားစုအားလုံးကို အချိုးညီညီ တည်ဆောက်လျက်ရှိသည်။
စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက် စွမ်းရည်များဟန်ချက်ညီမှု
စစ်ဆင်ရေးစွမ်းရည် (G)၊ စီမံခန့်ခွဲမှုစွမ်းရည် (A) နှင့် ထောက်ပံ့ပို့ဆောင်ရေးစွမ်းရည်(Q)တို့ကို ဟန်ချက်ညီညီ ပေါင်းစပ်ဆောင်ရွက်ခြင်းဖြင့် တပ်မတော်၏ လုပ်ငန်းတာဝန်များကို အရှိန်အဟုန်မပျက် အကောင်အထည်ဖော်နိုင်ပြီး ရေရှည်စစ်ဆင်နိုင်စွမ်းကိုမြှင့်တင်ပေးသည်။
ပြည်သူ့စစ်မဟာဗျူဟာနှင့် အမျိုးသားကာကွယ်ရေး
တပ်မတော်သည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ သဘောတူညီချက်ဖြင့် နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတွင် ပြည်သူတစ်ရပ်လုံးပါဝင်ရေးအတွက် ပြည်သူ့စစ်မဟာဗျူဟာကို ဖော်ဆောင်လျက်ရှိသည်။
ဤသို့ဖြင့် တပ်မတော်နှင့်ပြည်သူပူးပေါင်းကာ နိုင်ငံတော်ကာကွယ်ရေးအင်အားစုကို ကျယ်ပြန့်ခိုင်မာအောင်တည်ဆောက်ထားသည်။
ခေါင်းဆောင်မှုအရည်အသွေးမြှင့်တင်ရေး
အဆင့်ဆင့်သော ခေါင်းဆောင်များသည် ကိုယ်ကျင့်တရားကောင်းမွန်ပြီး ထက်မြက်သော ဆုံးဖြတ်ချက်များချမှတ်နိုင်ရန် စစ်ဘက်ခေါင်းဆောင်မှု သင်တန်းများကို စဉ်ဆက်မပြတ် လေ့ကျင့်ပေးလျက်ရှိသည်။
အနာဂတ်မျိုးဆက်သစ် တပ်မတော်သားများ၏ တာဝန်သိစိတ်
ခေတ်မီတပ်မတော်၏အခြေခံမှာ မျိုးဆက်သစ်လူငယ်များဖြစ်သည်။ နည်းပညာတတ်မြောက်ပြီး နိုင်ငံချစ်စိတ်ထက်သန်သည့် မျိုးဆက်သစ်စစ်သည်တော်များကိုပြုစုပျိုးထောင်ခြင်းဖြင့် နောင်နှစ်ပေါင်းများစွာအထိ နိုင်ငံတော်ကိုအကာအကွယ်ပေးနိုင်မည့် အင်အားစုကြီးအဖြစ် အာမခံချက်ပေးထားခြင်းဖြစ်သည်။
သို့ဖြစ်၍ တပ်မတော်သည်ခိုင်မာသည့် အစဉ်အလာကောင်းများကို အရင်းပြုလျက် ခေတ်မီစွမ်းရည်ထက်မြက်သော တပ်မတော်(Standard Army) ဆီသို့ ပြတ်သားသောခြေလှမ်းများဖြင့် လျှောက်လှမ်းလျက်ရှိသည်။ ကမ္ဘာ့အခြေအနေနှင့် ဒေသတွင်းပထဝီနိုင်ငံရေးအရပ်ရပ်ကို မျက်ခြည်မပြတ်ဘဲ ပြည်သူတို့၏အသက်အိုးအိမ်စည်းစိမ်ကို ထာဝစဉ်ကာကွယ် စောင့်ရှောက်သွားမည့် တပ်မတော်အဖြစ် ဆက်လက်ရပ်တည် သွားမည်ဖြစ်ပါသည်။ ။
MWD
