ကောင်းကင်ပြာ အိပ်မက်နှင့် အနာဂတ်ကြယ်ပွင့်များ

Posted_Date

Image

ကောင်းကင်ပြာ အိပ်မက်နှင့် အနာဂတ်ကြယ်ပွင့်များ

Body

      မြန်မာနိုင်ငံ၏  လေကြောင်းပညာသမိုင်းကြောင်းကို  ပြန်လည်လေ့လာကြည့်လျှင် လွန်ခဲ့သော နှစ်ပေါင်း ၇၀ ကျော် ၁၉၅၄ ခုနှစ် ကာလကတည်းက ခိုင်ခိုင်မာမာ အခြေတည်ခဲ့သည်ကို တွေ့ရှိရမည်ဖြစ်သည်။ အဆိုပါသမိုင်းဦးအစသည်  တပ်မတော်(လေ)၏   ပြည်ပနိုင်ငံလေ့လာရေး ခရီးစဉ်တစ်ခုနှင့် တိုက်ရိုက်ဆက်နွှယ်ခဲ့သည်။

၁၉၅၄-၁၉၅၅ ခုနှစ်များအတွင်း တပ်မတော်(လေ) ကိုယ်စားလှယ်အဖွဲ့သည် အစ္စရေးနိုင်ငံသို့ Spitfire လေယာဉ်များနှင့်ပတ်သက်၍ လေ့လာရေးခရီး သွားရောက်ခဲ့ကြသည်။  အဆိုပါခရီးစဉ်တွင် ထူးခြားသောမြင်ကွင်းတစ်ခုက တပ်မတော်(လေ)ကိုယ်စားလှယ်များ၏အာရုံကိုဖမ်းစားနိုင်ခဲ့သည်။   အစ္စရေးလူငယ်များအား လေကြောင်းပညာရပ်များတွင် စိတ်ဝင်စားလာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ထားသော စက်မဲ့လေယာဉ်မောင်း သင်တန်းများပင်ဖြစ်သည်။    အစ္စရေးလူငယ်များ   စက်မဲ့လေယာဉ်များကို ကျွမ်းကျင်စွာ  ကိုင်တွယ်ပျံသန်းနေသည့်မြင်ကွင်းကို   မြင်တွေ့ရသောအခါ တပ်မတော်(လေ) ကိုယ်စားလှယ်များက အလွန်သဘောကျခဲ့ကြသည်။   ထိုမှတစ်ဆင့်   မြန်မာလူငယ်များကိုလည်း လေကြောင်းနှင့် အာကာသသိပ္ပံပညာရပ်များတွင်  စိတ်ဝင်စားမှုတိုးပွားလာစေရန်၊ လေယာဉ်ပျံသန်းမှုနှင့် သက်ဆိုင်သော ဘာသာရပ်များကို တတ်သိနားလည်ခြင်းဖြင့် နိုင်ငံတော်ကာကွယ်ရေး လုပ်ငန်းများတွင်   အထောက်အကူဖြစ်လာစေရန်၊ စိတ်ဓာတ်၊  စည်းကမ်းနှင့် ကိုယ်လက် ကြံ့ခိုင်မှု ကောင်းမွန်မြင့်မားပြီး စည်းလုံးညီညွတ်စွာ  စုပေါင်းဆောင်ရွက်မှု အလေ့အကျင့်ရရှိစေရန်၊ လူငယ်များ၏ ဝါသနာပါရာ လေ့ကျင့်မှုအနေဖြင့် မြှင့်တင်ပေးရန်နှင့် မျိုးဆက်သစ်လူငယ်မောင်မယ်များကို  ယုံကြည်ချက်၊ ခံယူချက်မြင့်မားမှန်ကန်စေပြီး အနာဂတ်တပ်မတော်နှင့် နိုင်ငံတော် တည်ဆောက်နိုင်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရန် အစရှိသည့်  ရည်ရွယ်ချက်ကောင်းများဖြင့် ထိုကဲ့သို့သော လေကြောင်းလူငယ်သင်တန်းမျိုး  မြန်မာနိုင်ငံတွင် ဖွင့်လှစ်နိုင်ရန် စတင်အကောင်အထည်ဖော် စဉ်းစားခဲ့ကြခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ လေကြောင်းသမိုင်းတွင် လူငယ်များအတွက် အခြေခံအုတ်မြစ်ကို ၁၉၅၄  ခုနှစ်  နှစ်ကုန်ပိုင်းကတည်းက စတင်ချမှတ်ခဲ့ခြင်းဖြစ်သည်။ အစ္စရေးနိုင်ငံ၏   စက်မဲ့လေယာဉ်မောင်းသင်တန်း များကို နမူနာယူကာ မြန်မာ့မြေပေါ်တွင် အကောင်အထည်ဖော်ရန် ကြိုးပမ်းခဲ့ကြသည့်ဖြစ်စဉ်မှာအလွန်စိတ်ဝင်စားဖွယ်ကောင်းလှသည်။   တပ်မတော်(လေ) ကိုယ်စားလှယ်များသည်  ၁၉၅၄  ခုနှစ် နိုဝင်ဘာလ ၂၉ ရက်တွင် မြန်မာနိုင်ငံ၌ စက်မဲ့လေယာဉ်အသင်းတစ်သင်း ဖွင့်လှစ်သင်ကြားပေးရန်     အဆိုပြုလွှာကို ကာကွယ်ရေးဌာနသို့ စနစ်တကျတင်သွင်းခဲ့သည်။   အဆိုပါ  အဆိုပြုချက်ကို ကာကွယ်ရေးဌာနကောင်စီ၊ အလုပ်အမှုဆောင်အဖွဲ့အစည်းအဝေးတွင် အကျေအလည် ဆွေးနွေးခဲ့ကြပြီးနောက် ခွင့်ပြုမိန့်ရရှိခဲ့သည်။ အဆိုပါအမိန့်အရ ပထမဦးဆုံးခြေလှမ်းအဖြစ် စက်မဲ့လေယာဉ် ခြောက်စင်းကို စတင်ဝယ်ယူခဲ့ကြသည်။

သင်တန်းများ  စနစ်တကျစတင်လည်ပတ်နိုင်ရန်အတွက် လိုအပ်သည့်လူ့စွမ်းအား အရင်းအမြစ်အတတ်ပညာရှင်များ မွေးထုတ်ရန်လိုအပ်လာသည်။ ထို့ကြောင့်     တပ်မတော်(လေ)မှ ဗိုလ်ကြီးဝင်းမြင့်နှင့် အခြားအဆင့် စစ်သည်ငါးဦးတို့ကို ယူဂိုဆလားဗီးယားနိုင်ငံသို့စေလွှတ်ကာ  စက်မဲ့လေယာဉ်မောင်းသင်ဆရာဖြစ် သင်တန်းတက်ရောက်စေခဲ့သည်။

အဆိုပါအရာရှိနှင့်စစ်သည်များ  ပြန်လည်ရောက်ရှိလာချိန်တွင် စက်မဲ့လေယာဉ် တည်ဆောက်ရေးအင်ဂျင်နီယာ Frank Marchette လည်း အတူတကွလိုက်ပါလာခဲ့သည်။ Frank Marchette သည် မြန်မာ့လေတပ်သားများကို စက်မဲ့လေယာဉ်တည်ဆောက်ရေး အတတ်ပညာရပ်များ(Glider Construction) လက်ဆင့်ကမ်း သင်ကြားပေးခဲ့ပြီး မြန်မာ့လေကြောင်းနည်းပညာကဏ္ဍကို တစ်ဖက်တစ်လမ်းမှ မြှင့်တင်ပေးခဲ့သည်။

မကြာမီကာလအတွင်းမှာပင်  လေကြောင်းကင်းထောက် (Air Scouts) ဟူသောအမည်ဖြင့် လေယာဉ်ပုံစံငယ် တည်ဆောက်ခြင်းအသင်း (Aero Modelling Club)ကို      စတင်ဖွဲ့စည်းနိုင်ခဲ့သည်။

ဤအသင်းသည် လူငယ်များကြားတွင် လေယာဉ်များ၏ တည်ဆောက်ပုံနှင့် ပျံသန်းမှုသဘောတရားများကို လက်တွေ့ကျကျ လေ့လာနိုင်သည့် အချက်အချာနေရာဖြစ်လာခဲ့သည်။

စက်မဲ့လေယာဉ်များနှင့် သင်တန်းဆရာများ စုံလင်စွာရောက်ရှိလာသည့် ၁၉၅၆ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်တွင် တပ်မတော်(လေ)၏  ဦးစီးချုပ်ဖြစ်သူ ဒုတိယကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်မှူးချုပ် သရေစည်သူ သူရ တီကလစ်ဖ် ကိုယ်တိုင်တက်ရောက်၍  မြန်မာနိုင်ငံစက်မဲ့လေယာဉ်အသင်း ကို တရားဝင်ဖွင့်လှစ်ပေးခဲ့သည်။   အဆိုပါအသင်း၏ ပထမဆုံး တာဝန်ခံအရာရှိအဖြစ် ယူဂိုဆလားဗီးယားနိုင်ငံတွင်   သင်တန်းတက်ရောက်ခဲ့သည့် ဗိုလ်ကြီးဝင်းမြင့်က တာဝန်ယူဆောင်ရွက်ခဲ့သည်။

အဆိုပါကာလ၌ မြန်မာ့လေကြောင်းသမိုင်းတွင် အထူးမှတ်တမ်းတင်ခဲ့ရသည့် ဖြစ်စဉ်တစ်ခုမှာ   အမျိုးသမီးအရာရှိတစ်ဦး၏ စွမ်းဆောင်ရည်ပင်ဖြစ်သည်။ ၁၉၅၆ ခုနှစ်   ဇွန်လ  ၂၉  ရက်တွင် တပ်မတော်(လေ)မှ အမျိုးသမီးအရာရှိ ဗိုလ်ဒေါ်လှသန်းသည် စက်မဲ့လေယာဉ်ကို တစ်ဦးတည်း မောင်းနှင်ပြသနိုင်ခဲ့သည်။

ဤသည်မှာ မြန်မာအမျိုးသမီးများ၏ လေကြောင်းစွမ်းရည်ကို သက်သေပြ ခဲ့ခြင်းဖြစ်ပြီး ထိုခေတ်ကာလ လေကြောင်းလူငယ်သင်တန်းများ၏ အဆင့်အတန်းနှင့် အောင်မြင်မှုကို ဖော်ပြနေခြင်းလည်းဖြစ်သည်ဟုမှတ်ယူနိုင်သည်။

မြန်မာနိုင်ငံ၌   လေကြောင်းလူငယ်သင်တန်းများအစပြုခဲ့သည့်    နှစ်ဦးကာလများမှာပင် စနစ်တကျ အသင်းအဖွဲ့ ဖွဲ့စည်းနိုင်ခြင်း၊ ပြည်ပ  ပညာတော်သင်များနှင့် ကျွမ်းကျင်သူများ၏ ပံ့ပိုးမှုရှိခြင်း၊ အမျိုးသမီးအရာရှိများအထိ အောင်မြင်စွာလေ့ကျင့်ပေးနိုင်ခြင်း စသည့်အချက်များကြောင့် အလွန်အရှိန်အဟုန်ကောင်းသော အစပျိုးမှုဖြစ်ခဲ့သည်ဟုဆိုရမည်ဖြစ်သည်။  ထိုကဲ့သို့ အစပျိုးမှုကောင်းများ ကြောင့်ပင်  ယနေ့ထက်ထိတိုင် မြန်မာလူငယ်မောင်မယ်များကြားတွင် လေကြောင်းပညာရပ်အပေါ် စိတ်အားထက်သန်မှုများ ရှင်သန်နေခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် လေကြောင်းလူငယ်သင်တန်းများကို   ၁၉၅၄  ခုနှစ်မှစတင်၍ ဖွင့်လှစ်ပို့ချခဲ့ပြီးနောက် ခေတ်အဆက်ဆက်တွင် အဖွဲ့အစည်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများနှင့် နည်းပညာမြှင့်တင်မှုများကို အရှိန်အဟုန်မပြတ်  ဆောင်ရွက်ခဲ့သည်ကို   တွေ့ရှိနိုင်သည်။  ၁၉၆၇   ခုနှစ်   ဖေဖော်ဝါရီလတွင် လေကြောင်းပညာရပ်ဆိုင်ရာ အသိပညာ၊ အတတ်ပညာ ဖြန့်ဝေလှုပ်ရှားမှုများကို ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရန်အတွက် ပညာရေးဝန်ကြီးဌာန၊ လူငယ်ရေးရာဌာနခွဲနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ) တို့ပူးပေါင်းကာ   လူငယ်(လေကြောင်း)” အမည်ဖြင့် အသစ်တစ်ဖန်ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ ထိုသို့ ပြင်ဆင်ဖွဲ့စည်းပြီးနောက်  ရန်ကုန်၊ မိတ္ထီလာ၊ မြစ်ကြီးနားနှင့် နမ့်စန်မြို့ကြီးများတွင် လေယာဉ်ပုံစံငယ် တည်ဆောက်ခြင်းနှင့် စက်မဲ့လေယာဉ်မောင်းနှင်ခြင်း အတတ်ပညာရပ်များကို ဒေသအလိုက် တိုးချဲ့ ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့သည်။ ၁၉၈၃ ခုနှစ်သို့ရောက်ရှိသောအခါ  လမ်းစဉ်လူငယ်စည်းရုံးရေး   ဗဟိုကော်မတီနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး  (လေ) တို့ ပူးပေါင်းညှိနှိုင်း၍ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိလူငယ်များ  လေကြောင်းပညာရပ်ကို လေ့လာနိုင်ရန် စနစ်တကျ ဆက်လက်ပို့ချပေးခဲ့သည်။ ထိုစဉ်ကာလက သင်ကြားမှုအဆင့်မှာ ကြိုးဖြင့်ထိန်းချုပ်ပျံသန်းခြင်း (Line Control) အဆင့်အထိသာရှိခဲ့သည်။ ကမ္ဘာ့လေကြောင်းနည်းပညာ

တိုးတက်လာသည်နှင့်အမျှ နိုင်ငံတကာတွင် အဝေးထိန်းစနစ်ဖြင့်  ပျံသန်းခြင်း (Radio Control - RC) ခေတ်သို့ ရောက်ရှိနေပြီဖြစ်ရာ မြန်မာ့လေကြောင်းလူငယ်များကိုလည်း   ရင်ပေါင်တန်းနိုင်စေရန် ရည်ရွယ်၍   နိုင်ငံတော်က  ငွေကြေးအကုန်အကျခံကာ     အဆင့်မြှင့်တင်မှုများပြုလုပ်ခဲ့သည်။  ထိုသို့ပံ့ပိုးပေးမှုကြောင့် မြန်မာ့လေကြောင်းလူငယ်သင်တန်းများတွင် အဝေးထိန်းစနစ်ဖြင့်ပျံသန်းခြင်းနည်းပညာကို ထည့်သွင်းသင်ကြားပေးနိုင်ခဲ့ပြီး  လူငယ်များ၏ နည်းပညာအရည်အသွေးကို နိုင်ငံတကာအဆင့်မီ တိုးမြှင့်ပို့ချပေးနိုင်ခဲ့သည်။

မြန်မာ့လေကြောင်းလူငယ်လှုပ်ရှားမှုသည် ၁၉၉၀ ပြည့်လွန်နှစ်များတွင် အဖွဲ့အစည်းဆိုင်ရာ အပြောင်းအလဲများနှင့်အတူ လက်တွေ့ကျသော အဆင့်မြင့်ပျံသန်းမှုပညာရပ်များဆီသို့ တက်လှမ်း နိုင်ခဲ့သည်။ ၁၉၉၄  ခုနှစ်တွင် လူငယ်(လေကြောင်း)   သင်တန်းများကို လေကြောင်းမျိုးဆက်သစ် ဟု အမည်ပြောင်းလဲခဲ့သည်။  အဆိုပါနှစ်တွင် ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့၌ စတင်ဖွင့်လှစ်ခဲ့ပြီး သင်ကြားမှုပုံစံကို ခေတ်မီစွာအဆင့်မြှင့်တင်ခဲ့သည်။ နည်းပညာပိုင်းအရ   ကြိုးဖြင့်ထိန်းချုပ်ပျံသန်းခြင်း (Line Control)၊ အဝေးထိန်းစနစ်သုံး ရဟတ်ယာဉ်ငယ် (KYOSHO CONCEPT - RC Helicopter) နှင့် အဝေးထိန်းစနစ်သုံးလေယာဉ်ငယ် (GRAUPNER TAXI II - RC Aircraft)  စသည်တို့ကို  အသုံးပြုကာ သရုပ်ပြလေ့ကျင့်သင်ကြားပေးခဲ့သည်။ 

အဆိုပါသင်တန်းများသည် အောင်မြင်မှုများစွာရရှိခဲ့သဖြင့်  ၁၉၉၇  ခုနှစ်အထိ ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ တောင်ငူ၊ မြစ်ကြီးနား၊ ပြည်၊ မကွေးနှင့် ပုသိမ်မြို့များအထိ နှစ်စဉ်တိုးချဲ့ဖွင့်လှစ်ပေးခဲ့သည်။

၁၉၉၈ ခုနှစ်တွင် တပ်မတော်(လေ)နှင့်  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း(ဗဟို)တို့   ပူးပေါင်းကာ   လေကြောင်းရဲညွန့်လောင်း   အမည်ဖြင့်   အဆင့်မြှင့်တင်ဆောင်ရွက်ခဲ့သည်။ 

သင်တန်းဖွင့်လှစ်ရာမြို့များကိုလည်း မိတ္ထီလာနှင့် ဟင်္သာတမြို့များအထိတိုးချဲ့ခဲ့သည်။ ထိုကာလတွင် သင်တန်းသားများအနေဖြင့် လေယာဉ်ပျံသန်းမှုအတွေ့အကြုံနှင့် လေကြောင်းဆိုင်ရာအာရုံခံစားမှု (Air Sense) ရရှိစေရန်အတွက် တပ်မတော်လေယာဉ်များကို  ကိုယ်တိုင်လိုက်ပါစီးနင်းစေသည့် သင်ကြားမှုစနစ်များကိုလည်း ထည့်သွင်းကျင့်သုံးခဲ့သည်။ မြန်မာ့လေကြောင်းလူငယ်သမိုင်းတွင် ထူးခြားသောမှတ်တိုင်တစ်ခုအဖြစ် ၂၀၀၂ ခုနှစ်မှ ၂၀၀၄ ခုနှစ်အထိ တန်းမြင့်လေကြောင်းရဲညွန့်လောင်း သင်တန်းများကိုဖွင့်လှစ်ခဲ့သည်။    မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် ပြင်သစ်နိုင်ငံထုတ် အပေါ့လွန်လေယာဉ်ငယ် (ULTRA LIGHT) များဖြင့် သင်တန်းသားများကိုယ်တိုင် လက်တွေ့မောင်းနှင် ပျံသန်းခွင့်ပြုခဲ့ခြင်းဖြစ်သည်။      ဤသည်မှာ လူငယ်များအား     သီအိုရီအဆင့်မှ  လက်တွေ့မောင်းနှင်ပျံသန်းသည့်အဆင့်သို့ ကူးပြောင်းပေးနိုင်ခဲ့သည့်   သမိုင်းဝင်ခြေလှမ်းတစ်ခုဖြစ်ခဲ့သည်။

မြန်မာ့လေကြောင်းလူငယ်သင်တန်းများသည် ခေတ်အဆက်ဆက် အဆင့်ဆင့်ပြောင်းလဲတိုးတက်လာခဲ့ရာ၂၀၁၄ ခုနှစ်မှစတင်၍ တပ်မတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီကာကွယ်ရေးဦးစီးချုပ်ရုံး(လေ)ကကြီးမှူးကာ လေကြောင်းလူငယ် အမည်ဖြင့် သင်တန်းများကို စနစ်တကျပြန်လည်အကောင်အထည်ဖော်ဆောင်ရွက်ပေးခဲ့သည်။   ၂၀၂၀ ပြည့်နှစ်တွင်   ကိုဗစ်-၁၉ ရောဂါကြောင့်   သင်တန်းများခေတ္တ ရပ်နားခဲ့ရသော်လည်း၂၀၂၃ ခုနှစ်တွင် ပိုမိုကျယ်ပြန့်သော  အရှိန်အဟုန်ဖြင့်  ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့သည်။   အခြေခံလေကြောင်း လူငယ်သင်တန်းစခန်းများကို ရန်ကုန်၊ မန္တလေး၊ မိတ္ထီလာ၊ မှော်ဘီ၊ မော်လမြိုင်၊ မြစ်ကြီးနား၊ နမ့်စန်၊ တောင်ကြီး၊ တောင်ငူ၊ ပြည်၊ မြိတ်၊ မကွေး၊ ဟုမ္မလင်း၊ ပုသိမ်၊ ကျိုင်းတုံနှင့် လားရှိုး စသည့်မြို့ပေါင်း ၁၅ မြို့ကျော်တွင်  ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး တန်းမြင့်သင်တန်းများကိုမူ မိတ္ထီလာနှင့် မှော်ဘီမြို့များတွင် အထူးပြုသင်ကြားပေးခဲ့သည်။  သင်တန်းကာလအတွင်း သင်တန်းသားလူငယ်များ    ဒေသန္တရဗဟုသုတတိုးပွားစေရန်အတွက်   သက်ဆိုင်ရာဖွင့်လှစ်ပို့ချလျက်ရှိသော မြို့ကြီး၌ လေ့လာရေးများပို့ဆောင်ပေးသည့်အပြင် ရန်ကုန်နှင့် နေပြည်တော်သို့ ပြင်ပလေ့လာရေးခရီးစဉ်များ ပို့ဆောင်ပေးခဲ့သည်။ ထို့ပြင် အဖွဲ့အစည်းစိတ်ဓာတ် မြင့်မားလာစေရန်နှင့် စုပေါင်းလုပ်ကိုင်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ သင်တန်းစခန်းအလိုက် ပြိုင်ပွဲများကိုလည်း နှစ်စဉ်စည်ကားသိုက်မြိုက်စွာ ကျင်းပပေးလျက်ရှိသည်။

လေကြောင်းလူငယ်သင်တန်း၏ အထူးခြားဆုံးအစီအစဉ်တစ်ခုမှာ သင်တန်းနှစ်အလိုက် ထူးချွန်သင်တန်းသားများကိုရွေးချယ်ပြီး ယခင်က CH-601 အပေါ့စားလေယာဉ်ကို လက်တွေ့လိုက်ပါစီးနင်းခွင့်ပြုခဲ့သည်။ ယခုအခါတွင်မူ လေယာဉ်မောင်းသင်ကျောင်းရှိ ခေတ်မီလေယာဉ်/ ရဟတ်ယာဉ်များဖြင့်   လက်တွေ့လိုက်ပါစီးနင်းပျံသန်းခွင့်ပြုထားသည်။ ဤသို့ ကိုယ်တိုင်ကိုယ်ကျပျံသန်းရခြင်းကြောင့်   သင်တန်းသားများသည်   လေယာဉ်များ၏  ပျံသန်းမှုအခြေခံသဘောတရားများကို လက်တွေ့ကျကျ   နားလည်လာကြပြီး ပျံသန်းမှုအတတ်ပညာ၏ အနှစ်သာရနှင့်ပီတိကို ပြည့်ဝစွာခံစားရရှိစေသည်။

မြန်မာ့လေကြောင်းလူငယ်သင်တန်း သမိုင်းကြောင်းတစ်လျှောက် အစ္စရေးနိုင်ငံမှစတင်ခဲ့သော Glider  စိတ်ကူးစိတ်သန်းသည် ဆယ်စုနှစ်ခုနစ်ခုကျော်ကာလဖြစ်သည့် ယနေ့ ၂၀၂၆ ခုနှစ်သို့ရောက်ရှိလာသောအခါ  ခေတ်မီနည်းပညာများ၊ လက်တွေ့ကျသော လေ့ကျင့်မှုများနှင့်အတူ   နည်းပညာအဆင့်ဆင့် မြင့်မားလာခဲ့ပြီး   ယခုအခါ   ခေတ်မီလေယာဉ်/ရဟတ်ယာဉ်များဖြင့် လက်တွေ့ပျံသန်းလေ့ကျင့်ပေးနိုင်သည့်အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ ၁၉၅၄ ခုနှစ်မှ ယနေ့အထိ  ခေတ်အဆက်ဆက် အမည်နာမများပြောင်းလဲခဲ့သော်လည်း နိုင်ငံတော်အတွက်  အဖိုးတန်သော လေကြောင်းမျိုးဆက်သစ်များပျိုးထောင်ပေးရန်  ဟူသည့်ရည်မှန်းချက်မှာ ပိုမိုခိုင်မာလာခဲ့သည်။ အတိတ်ကာလက စက်မဲ့လေယာဉ်ငယ်များမှသည် ယနေ့ခေတ် အဝေးထိန်းစနစ်သုံးလေယာဉ်များနှင့် အဆင့်မြင့်လေ့ကျင့်ရေး လေယာဉ်များအထိ လူငယ်များအတွက် လေ့လာသင်ယူခွင့်လမ်းကြောင်းများ  ပွင့်လင်းလျက်ရှိသည်။  ဤသင်တန်းများသည် လူငယ်များအား နည်းပညာဗဟုသုတနှင့် ရဲစွမ်းသတ္တိများ   ပေးစွမ်းနိုင်ရုံသာမက အမိနိုင်ငံတော်၏   ဝေဟင်ပိုင်နက်ကို ကာကွယ်စောင့်ရှောက်မည့် အနာဂတ်လေသူရဲကောင်းများနှင့် လေကြောင်းပညာရှင်များဖြစ်လာစေရန် အကောင်းဆုံးသော မြေတောင်မြှောက်ပေးရာ နေရာတစ်ခုအဖြစ် သမိုင်းမှတ်တိုင် စိုက်ထူလျက်ရှိသည်ကို မျက်ဝါးထင်ထင်တွေ့မြင်နိုင်မည်ဖြစ်သည်။ 

ယနေ့တိုင်   အစဉ်အလာမပျက် ဖွင့်လှစ်ပေးလျက်ရှိသော လေကြောင်းလူငယ်သင်တန်းများ၏ နောက်ကွယ်တွင် ရှေ့ဆောင်လမ်းပြဆောင်ရွက်ခဲ့ကြသူများနှင့် လက်ဆင့်ကမ်းအမွေခံယူကာ ဆက်လက်ဆောင်ရွက်ခဲ့ကြသူများ၏ ဇွဲ၊ လုံ့လနှင့် အမြော်အမြင်များ ရှိနေခဲ့သည်မှာ ငြင်းဖွယ်ရာမရှိပေ။   ဤလေကြောင်းလူငယ် သင်တန်းများသည် လူငယ်များ၏ ရဲစွမ်းသတ္တိနှင့် နည်းပညာဗဟုသုတကို မြှင့်တင်ပေးနိုင်ရုံသာမက နိုင်ငံတော်အတွက် အားကိုးထိုက်သော အနာဂတ်လေကြောင်းပညာရှင်များ ပေါ်ထွက်လာစေရန် အကောင်းဆုံး ပျိုးထောင်ပေးလျက်ရှိသည့် ဂုဏ်ယူဖွယ်ရာသင်တန်းများပင် ဖြစ်ပါတော့သည်။

ကောင်းကင်ပြာကို ချစ်မြတ်နိုးပြီး  စွန့်စားရဲသည့် စိတ်ဓာတ်ရှိသူ လူငယ်များအတွက် နွေရာသီကျောင်းပိတ်ရက် ကာလများ၌ဖွင့်လှစ်သည့် လေကြောင်းလူငယ် သင်တန်းသို့ တက်လှမ်းရင်း ကောင်းကင်ပြာအိပ်မက်များကို   အတောင်ပံဖြန့်ကာ စတင်ပျံသန်းကြည့်ရန် အနာဂတ်ကြယ်ပွင့်များသို့   တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။    ။

MWD