ရေအရင်းအမြစ်ပြဿနာကို အဓိကဦးစားပေး ဖြေရှင်းရမယ့် တောင်အာရှဒေသ

Posted_Date

Image

ရေအရင်းအမြစ်ပြဿနာကို အဓိကဦးစားပေး ဖြေရှင်းရမယ့် တောင်အာရှဒေသ

Body

      ဒီနှစ်မှာ တောင်အာရှဒေသရဲ့ နွေရာသီက အချိန်စောပြီး ရောက်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ဧပြီလတုန်းကဆိုရင် အပူချိန်က ပုံမှန်ထက်မြင့်တက်ခဲ့သလို အခုမေလထဲမှာလည်း မခံမရပ်နိုင်အောင်ပူပြင်းတဲ့ အပူချိန်တွေနဲ့ကြုံနေရပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ဟာ အလွန်အားကောင်းတဲ့အယ်နီညိုဖြစ်စဉ်ကို ရင်ဆိုင်ဖို့ ပြင်ဆင်နေရပါတယ်။ ဒီဖြစ်စဉ်ကြောင့် အပူလှိုင်းတွေ ပိုစိပ်လာမယ်။ ရာသီဥတုက ပိုပြီးခန့်မှန်းရခက်အောင် ပြောင်းလဲလာမယ်။ ဒါတွေက မြို့ပြဒေသ၊ စိုက်ပျိုးရေးစနစ်တွေနဲ့ ပြည်သူလူထုကျန်းမာရေးအပေါ် အတော်လေးကို ဖိအားပေးခြိမ်းခြောက် လာတော့မှာပါ။

အထူးသဖြင့် ပါကစ္စတန်၊ အိန္ဒိယနဲ့ နီပေါနိုင်ငံ တချို့နေရာတွေမှာ ဇွန်လကနေဩဂုတ်လအထိ မိုးဦးကာလအတွင်း   မိုးရွာသွန်းမှုက ပုံမှန်ထက် နည်းနိုင်ခြေရှိပါတယ်။ စိုက်ပျိုးရေးအတွက် မိုးရေကိုပဲ အဓိကအားကိုးနေရတဲ့နိုင်ငံတွေအဖို့တော့ မိုးနည်းတာနဲ့ အပူချိန်မြင့်မားတာဟာ ဆိုးဝါးတဲ့အကျိုးဆက်များစွာသယ်ဆောင်လာနိုင်တဲ့ အန္တရာယ်ကြီးတစ်ခုပါပဲ။

ဒီလိုမျိုးအန္တရာယ်တွေကြုံလာရတဲ့အခါ နိုင်ငံရေးသမားတွေက ပြဿနာကို ကိုယ့်အတွင်းထဲမှာ မဖြေရှင်းဘဲ အိမ်နီးချင်းနိုင်ငံတွေကို လက်ညှိုးထိုးအပြစ်ပုံချတတ်ကြပါတယ်။ ဒါက ပြည်တွင်းမှာ နိုင်ငံရေးအရ အနိုင်ရဖို့ လွယ်ကူတဲ့နည်းလမ်းတစ်ခုဖြစ်နေလို့ပါ။ ဒါပေမဲ့ တကယ်တမ်းမှာ တောင်အာရှရဲ့ ရေအရင်းအမြစ်ပြဿနာဟာ ပြည်ပအကြောင်းရင်းတွေကြောင့်သာမဟုတ်ဘဲ ပြည်တွင်းက စီမံခန့်ခွဲမှု အားနည်းချက်တွေနဲ့ပါ တိုက်ရိုက် သက်ဆိုင်နေပါတယ်။ နိုင်ငံများအချင်းချင်း ပူးပေါင်းဖြေရှင်းဖို့ဆိုတာက အလှမ်းဝေးနေသေးတဲ့ အိပ်မက်တစ်ခုဖြစ်နိုင်ပေမယ့် နိုင်ငံတိုင်းက ကိုယ့်ပြည်တွင်းပြဿနာတွေကိုတော့ ထိထိရောက်ရောက် ဖြေရှင်းနိုင်အောင် ကြိုးစားသင့်ပါတယ်။

ဖောက်ပြန်နေတဲ့ ရာသီဥတုဖြစ်စဉ်နဲ့ ခန့်မှန်းရခက်တဲ့ အခြေအနေတွေဟာ နောင်မှာပုံမှန်ဆိုသလို ဖြစ်လာတော့မှာမို့လို့ နိုင်ငံတိုင်းဟာ ကိုယ့်ရဲ့ပြည်တွင်းရှိ ရေစီမံခန့်ခွဲမှုမူဝါဒတွေကို အဆင့်မြှင့်တင်ပြီး ပြင်ဆင်ထားဖို့လိုပါတယ်။

အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါနဲ့ အာဖဂန်နစ္စတန်နိုင်ငံတို့ဟာ ရေအရင်းအမြစ်အရ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ခွဲခြားလို့မရအောင် ဆက်နွှယ်နေကြတာပါ။ အိန္ဒုမြစ်၊ ဂင်္ဂါမြစ်နဲ့ ဗြဟ္မပုတ္တရမြစ်ဝှမ်းတွေ ပြီးတော့ဒီမြစ်တွေကို ရေပေးဝေနေတဲ့ ဟိမဝန္တာတောင်တန်းပေါ်က ရေခဲတောင်တွေဟာ လူမှုအသိုက်အဝန်းတွေ၊ သမိုင်းကြောင်းတွေနဲ့ ဖြစ်တည်မှုတွေကို ချိတ်ဆက်ပေးထားတဲ့ဘုံအရင်းအမြစ်တွေဖြစ်ပါတယ်။ ဒါပေမဲ့ နိုင်ငံနှစ်ခု ဒါမှမဟုတ် နှစ်ခုထက်ပိုတဲ့ နိုင်ငံတွေကြားမှာ သံတမန်ရေးရာဆက်ဆံမှုအားနည်းတာ ဒါမှမဟုတ် နယ်စပ်ပြဿနာရှိနေတာမျိုး ဆိုရင် ရေဟာ အမြဲတမ်း ငြင်းခုံစရာ ကိစ္စတစ်ခုဖြစ်လာတတ်ပါတယ်။

တောင်အာရှဒေသက ကမ္ဘာပေါ်မှာ နိုင်ငံများကြား ပူးပေါင်းဆောင်ရွက်မှု အားအနည်းဆုံးဒေသတစ်ခု ဖြစ်ပါတယ်။ အထူးသဖြင့် နိုင်ငံဖြတ်ကျော် ရေအရင်းအမြစ် ပူးပေါင်းဆောင်ရွက်မှုမှာ ပိုဆိုးပါတယ်။ နိုင်ငံတွေကြားမှာ သဘောတူညီချက် တချို့ရှိပေမယ့် အများစုက နှစ်နိုင်ငံကြား သဘောတူညီချက်တွေသာ ဖြစ်ပြီး အခုအခါမှာ  ပထဝီနိုင်ငံရေးအားပြိုင်မှုတွေကြောင့် ဒီစာချုပ်တွေဟာလည်း အကျပ်အတည်းနဲ့ ရင်ဆိုင်နေရပါတယ်။

ဥပမာအားဖြင့် အနှစ် ၆၀ ကျော် ကြာမြင့်ခဲ့ပြီဖြစ်တဲ့ အိန္ဒုမြစ်ရေဝေရေလဲ စာချုပ်ကြီးဟာ အိန္ဒိယနိုင်ငံနဲ့ ပါကစ္စတန်နိုင်ငံတို့ကြား ပဋိပက္ခတွေကြောင့် လက်ရှိ ဆိုင်းငံ့ခံထားရပါတယ်။ အိန္ဒိယနိုင်ငံနဲ့ နီပေါနိုင်ငံကြားက မဟာကာလီစာချုပ်မှာဆိုရင် အကောင်အထည်ဖော်မှုပိုင်းဆိုင်ရာ အခက်အခဲတွေရှိသလို အိန္ဒိယနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကြားက ဂင်္ဂါမြစ်ရေစာချုပ်ဟာလည်း ဒီနှစ်ကုန်မှာ သက်တမ်းကုန်တော့မှာပါ။ အခုအချိန်မှာ သက်တမ်းတိုးဖို့ ဆွေးနွေးနေကြပေမယ့် ရေခွဲဝေမှုကိစ္စနဲ့တီးစတာမြစ်ရေ ခွဲဝေမှုဆိုင်ရာ သဘောတူညီချက်မရသေးတာတွေက အဓိကကျတဲ့အတားအဆီးတွေဖြစ်နေပါတယ်။

နိုင်ငံအများစုဟာ ပြည်တွင်းမှာကြုံတွေ့နေရတဲ့ ရေရှားပါးမှုနဲ့ အခက်အခဲတွေကို ရေစာချုပ်တွေ ပျက်ပြားလို့ဆိုပြီး အပြစ်ပုံချကာ ပြည်တွင်းမှာ လုပ်ဆောင်ရမယ့် ပြုပြင်ပြောင်းလဲမှုတွေကို လျစ်လျူရှုတတ်ကြပါတယ်။ တကယ်တမ်းတော့ ဒီစာချုပ်တွေကလက်ရှိ ရာသီဥတုပြောင်းလဲမှု အခြေအနေတွေနဲ့ ကိုက်ညီမှုမရှိတော့ဘဲ ခေတ်နောက်ကျနေတာ ကြာပါပြီ။ ဒီစာချုပ်တွေမှာ မြစ်ဝှမ်းတစ်ခုလုံးကို ခြုံငုံစဉ်းစားတဲ့ ချဉ်းကပ်မှုမျိုးမရှိသလို ရေရှည် ရာသီဥတုပြောင်းလဲမှုကိုလည်း ထည့်သွင်းစဉ်းစားထားခြင်းမရှိပါဘူး။ ဥပမာအားဖြင့် ပါကစ္စတန်နိုင်ငံမှာဆိုရင် အိန္ဒိယနဲ့ အာဖဂန်နစ္စတန်တို့ရဲ့မြစ်အထက်ပိုင်းမှာ    ဆည်တည်ဆောက်မှုတွေနဲ့ အိန္ဒုစာချုပ် ဆိုင်းငံ့ထားရမှုတွေကြောင့် ရေရှားပါးလာမှာကို စိုးရိမ်ပူပန်မှုတွေမြင့်တက်နေပါတယ်။

လက်ရှိ ပထဝီနိုင်ငံရေးအခြေအနေတွေအရ ကြည့်ရင် လူသားတွေနဲ့ ပတ်ဝန်းကျင်လုံခြုံရေးကို အဓိကထားတဲ့ ခေတ်မီရေစီမံခန့်ခွဲမှု စနစ်ကို ဖော်ဆောင်ဖို့ဆိုတာ အလှမ်းဝေးနေပါသေးတယ်။ ဒါပေမဲ့ ခါးသီးတဲ့ အမှန်တရားကတော့ ဒီဒေသတွင်းက နိုင်ငံတွေဟာ ကိုယ့်နိုင်ငံတွင်းမှာတင် ရေစီမံခန့်ခွဲမှုပိုင်းမှာ အလွန်အမင်းအားနည်းနေတယ်လို့     ပညာရှင်တချို့ကထောက်ပြထားပါတယ်။ အိန္ဒိယနိုင်ငံမှာဆိုရင် မြို့ပြအခြေခံအဆောက်အဦတွေကို    အလျင်အမြန်တည်ဆောက်နေပေမယ့် မြို့ပြရေစီမံခန့်ခွဲမှု၊  မိုးရေသိုလှောင်မှုနဲ့ မြေအောက်ရေပြန်လည်ဖြည့်တင်းမှုတွေကိုလုံလောက်အောင် ဂရုမစိုက်နိုင်သေးပါဘူး။ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာလည်း မြစ်ချောင်းအင်းအိုင်တွေ ပေါများပေမယ့် ရေရရှိဖို့ခက်ခဲတာ၊ ရေညစ်ညမ်းတာ စတဲ့ပြဿနာတွေကို   ဆိုးဆိုးရွားရွားကြုံနေရပါတယ်။

ပါကစ္စတန်နိုင်ငံမှာလည်း အလားတူပါပဲ။ ရေရှားပါးတဲ့ နိုင်ငံဖြစ်ပေမယ့် ရေကိုအလဟဿဖြစ်စေတဲ့ စိုက်ပျိုးရေးစနစ်တွေကိုပဲ ဆက်သုံးနေပြီး ရေသိုလှောင်နိုင်စွမ်း နည်းပါးတာနဲ့ အခြေခံအဆောက်အဦဟောင်းနွမ်းတာတွေကြောင့် ရေကြီးတာရော၊ ရေရှားတာကိုပါ တစ်လှည့်စီခံစားနေရပါတယ်။

ဒေသတွင်းမှာ ရေစီမံခန့်ခွဲမှုကို ဌာနဆိုင်ရာအသီးသီးက သက်ဆိုင်ရာ ကဏ္ဍတစ်စိတ်တစ်ပိုင်းစီကိုပဲ ကိုင်တွယ်နေကြပြီး ရာသီဥတုပြောင်းလဲမှုအတွက် ပြင်ဆင်တာကိုလည်း ဘေးအန္တရာယ် ကြုံလာမှ တုံ့ပြန်တဲ့အဆင့်မှာပဲရှိနေပါသေးတယ်။ ဒါ့အပြင် တိကျတဲ့ အချက်အလက် စောင့်ကြည့်မှုမရှိတာကြောင့် ရှိပြီးသား ရေအရင်းအမြစ်ကိုလည်း  အလွန်အကျွံသုံးစွဲပစ်နေကြပါတယ်။

အခုကြုံနေရတဲ့စိန်ခေါ်မှုတွေကြောင့်ပဲ ဦးစားပေးရမယ့်အရာတွေကို ပြန်လည်သုံးသပ်ဖို့လိုနေပါပြီ။ ပထဝီနိုင်ငံရေးက ချက်ချင်းပြောင်းလဲသွားမှာ မဟုတ်ပေမယ့် နည်းပညာနဲ့ စီမံခန့်ခွဲမှုတွေကိုတော့ ပြောင်းလဲလို့ရပါတယ်။ ဥပမာ- AI နည်းပညာသုံးပြီး ရေယိုစိမ့်မှုတွေကို ရှာဖွေတာ၊ ရေနဲ့ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်တွေကိုပေါင်းစပ်တာ၊ ရာသီဥတုနဲ့ ကိုက်ညီတဲ့ စိုက်ပျိုးရေးစနစ်တွေကို ကျင့်သုံးတာ အစရှိတဲ့ စနစ်တကျ ပြုပြင်ပြောင်းလဲမှုတွေ လိုအပ်ပါတယ်။အိမ်နီးချင်းနိုင်ငံတွေကို အပြစ်တင်နေရုံနဲ့တော့ ဘာမှထူးခြားလာမှာ မဟုတ်ပါဘူး။  အထူးသဖြင့် နိုင်ငံများ၊ နိုင်ငံရေးသမားများ အနေနဲ့ နိုင်ငံရေးစကားလုံးတွေထက် ပြည်တွင်း ရေစီမံခန့်ခွဲမှုကိုပဲ အာရုံစိုက်သင့်ပါတယ်။ ဒါဟာ ရေပမာဏကို ထိန်းသိမ်းဖို့တင် မဟုတ်ဘဲ တိုးပွားလာတဲ့ လူဦးရေအတွက် စားနပ်ရိက္ခာ၊ ကျန်းမာရေးနဲ့ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် မဖြစ်မနေ လုပ်ဆောင်ရမှာဖြစ်ပါတယ်။

နိဂုံးချုပ်အနေနဲ့ပြောရရင် နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ကလည်း အရေးကြီးတာမှန်ပေမယ့် နိုင်ငံရေးအရ ဆန္ဒမရှိသေးခင်မှာတော့ ပြည်တွင်းမှာရှိတဲ့ အရင်းအမြစ်တွေကို အားကောင်းအောင် အရင်လုပ်သင့်ပါတယ်။ အပြင်က အကြောင်းတရားတွေကို ပြောင်းလဲလို့မရနိုင်သေးပေမယ့် ကိုယ့်နိုင်ငံအတွင်းမှာတော့ ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချ လုပ်ဆောင်နိုင်ပါတယ်။ ဒါကြောင့် တောင်အာရှနိုင်ငံတွေအနေနဲ့ ဒီအချိန်မှာ အဓိကဦးစားပေးရမယ့်အရာက ရေအရင်းအမြစ် စီမံခန့်ခွဲရေးသာဖြစ်ပါတယ်။

MWD