ချယ်ရီရိပ်မေတ္တာ ချယ်ရီရိပ်အလှ

Posted_Date

Image

ချယ်ရီရိပ်မေတ္တာ ချယ်ရီရိပ်အလှ

Body

ချယ်ရီရိပ်ဟူသော စကားလုံးလေးက လှပ၏။ ချစ်စရာကောင်း၏။ လှပပြီးချစ်စရာကောင်းသော စကားလုံးကလေး၏  အဓိပ္ပာယ်မှာလည်း  ရိုးစင်းသကဲ့သို့ ကျယ်ပြန့်သော အဓိပ္ပာယ်ကိုလည်းဆောင်သည်။ အေးမြသောဒေသမှ အေးမြသောရာသီဥတုတွင် ဝေနေအောင်ပွင့်လေ့ရှိသော ချယ်ရီပန်းများ၏သဘာဝကပင်  အေးမြခြင်းကိုဆောင်လျက်ရှိ၏။ အေးမြခြင်းနှင့်အတူ လှပခြင်းကိုလည်း ဖြစ်စေ၏။

ပန်းနုရောင်အသွေးဖြင့်  တစ်ပင်လုံးဝေနေအောင်ပွင့်နေသော   ချယ်ရီပင်တန်းတစ်လျှောက် လမ်းလျှောက်ခွင့်ရသော ကာလသည် အေးမြသည့် ဆောင်းဦးကာလပင်ဖြစ်၏။ သည်အချိန် သည်ကာလမျိုးကို လွန်ခဲ့သော နှစ်ပေါင်း ၄၀ ကျော်က ဖြတ်သန်းခဲ့ဖူးသည်။   ထိုစဉ်က   အသက်အရွယ်ကလည်းငယ်ငယ်မို့ နှလုံးသားက နုပျိုတက်ကြွဆဲ။ မိမိချစ်ရသူက ချယ်ရီမြေမှာ တာဝန်ထမ်းဆောင်နေသည်ဖြစ်၍ မိမိကလည်း ချယ်ရီမြေသို့ ရောက်ချင်နေမိ၏။

အေးမြလှသော ချယ်ရီမြေတွင် နှစ်ယောက်အတူတကွ တာဝန်ထမ်းဆောင်ခွင့်ကြုံရပါလျှင် မည်မျှပျော်စရာကောင်းလိုက်ပါမည်နည်း။ ဤအတွေးဖြင့် ချယ်ရီမြေသို့ အပြေးသွားချင်နေမိ၏။ သို့သော် ကံဇာတ်ဆရာက ခွင့်မပြုခဲ့။   တကယ်တမ်း  ချယ်ရီမြေမှာ တာဝန်ထမ်းဆောင်ခွင့်ရတော့ မိမိချစ်ရသူက ချယ်ရီမြေမှာမရှိတော့။

ပိတောက်တွေ  ဝေဝေမြိုင်အောင်  ပွင့်တတ်တဲ့ တစ်နေရာဆီမှာရောက်သွားခဲ့လေပြီ။ သည်လိုနှင့် ယောင်ချာချာနှင့် ချယ်ရီမြေကိုရောက်ခဲ့ရသော ကျွန်တော်သည် ကိုယ်တစ်ယောက်တည်း...

ချယ်ရီလမ်းမှာလျှောက်လှမ်းရပြီကွယ်...လို့ ငိုညည်းချင်စရာဖြစ်ခဲ့ပါ၏။  ဤသို့ဖြင့် ကျွန်ုပ်၏နှလုံးသားမှ သိင်္ဂါရ ရသကို ပိုမိုနက်ရှိုင်းစေခဲ့သော ချယ်ရီ  ကို  ယနေ့တိုင်မမေ့နိုင်စရာဖြစ်ခဲ့သည်။ 

ထိုစဉ်က လှပလွန်းသော ချယ်ရီရိပ်ဝယ် ချစ်သူကို တမ်းတမိရင်း ကျွန်တော့်ရင်မှာ အေးမြခြင်းနှင့်အတူ ဆွေးမြည့်ခြင်းတို့ ရောယှက်ခံစားခဲ့ရသည်မှာ သေချာသည်။

ဤကား ချယ်ရီရိပ်နှင့်ဆက်နွှယ်သော ပထမဆုံးခံစားချက်ပင်ဖြစ်ပါ၏။ သို့သော် ခံစားချက်ဟူသည် ခံစားချက်သာဖြစ်သည်။ လက်တွေ့ဘဝနှင့်ထပ်တူမကျနိုင်ပါ။ ကျွန်တော်၏  လက်တွေ့ဘဝကတော့ စစ်တက္ကသိုလ် မှာ အမှုထမ်းရခြင်းပင်ဖြစ်ပါ၏။ သည်ကိုမရောက်ခင်ကမူ ချစ်သူရှိရာ ချယ်ရီမြေကို လှမ်းမျှော်ရင်း-

တောင်မြင့်ဗွေ သွယ်စီတန်းလေတဲ့ 

မောင်ဖြင့်လေ... ချယ်ရီနန်းဆီသို့ 

ရွယ်ရည်မှန်းကာပ လွမ်းစိတ်ဖြာ...။

စသည့်စာတိုပေစများဖြင့် ချစ်သူထံ အလွမ်းသယ်ခဲ့ဖူးပါ၏။ ယခုကိုယ်တိုင်ရောက်လာရတော့ ခုတ်ရာတခြား၊ ရှရာတလွဲဖြစ်သွားပြန်သမို့ ဘာမျှမတတ်နိုင်။ ရောက်ရာအရပ်မှတောင်မြင့်ဗွေ ချယ်ရီနန်းဆီက မောင်ဖြင့်လေ ဘယ်ဆီမှန်းပါလို့ လွမ်းရမယ်လို့ မသိနိုင် ဟုပင် သီကြွေးရမလို ဖြစ်ခဲ့ရပါ၏။

သို့သော် အချိန်သည် အကောင်းဆုံးဆေးသမားပင်။ ကြာတော့လည်း အတွေးစပြယ်သွားစမြဲ။ တာဝန်ကျရာ စစ်တက္ကသိုလ်မှာနေသားကျလာခဲ့၏။ ထို့အတူ ချယ်ရီရိပ်၏အလှကို ဆွေးမြည့်စရာမဖက်ဘဲ စွဲမက်စရာသဘာဝအလှအဖြစ်   ထာဝရမြတ်နိုးတတ်သူဖြစ်လာခဲ့လေသည်။

သည်နောက်တော့ ဘဝ၏ဇာတ်ဆရာစေခိုင်းရာ ဒေသအသီးသီးသို့သွားရောက် တာဝန်ထမ်းဆောင်ခဲ့ရသည်နှင့် ချယ်ရီရိပ်နှင့် ဝေးကွာသွားပြန်သည်။ တစ်ခါတစ်ရံ ချယ်ရီမြေသို့ရောက်ရှိဖြတ်သန်းခွင့်ကြုံသော်လည်း  လှပသောချယ်ရီပွင့်ချိန်မဟုတ်။ ချယ်ရီလမ်းမှာ လျှောက်လှမ်းခွင့်မကြုံနိုင်ခဲ့။ သို့သော် ချယ်ရီရိပ်ကိုတော့ သတိရမိဆဲ။

နှစ်ပေါင်း ၄၀ ကျော်ကြာပြီးနောက် ချယ်ရီရိပ်ကို အမှတ်ရစရာကြုံလာပြန်သည်။ ထိုအမှတ်ရစရာသည် ဝမ်းသာစရာနှင့်အတူ ရောက်ရှိလာခြင်းဖြစ်၏။ စစ်တက္ကသိုလ် ကျောင်းဆင်းတပည့်များက ဆရာ ကန်တော့ပွဲ တက်ရောက်ရန်  ဖိတ်ကြားခြင်းဖြစ်သည်။ ကျွန်တော်က စစ်တက္ကသိုလ်မှာ စာပေပညာ

သင်ကြားပေးခဲ့သူ။ အပတ်စဉ်တစ်ခုပြီးတစ်ခု။ အမှတ်စဉ် (၁၆) မှ (၁၉) ထိ။ ထို့နောက် စစ်တက္ကသိုလ်မှ အရပ်ဘက်တက္ကသိုလ်သို့ပြောင်းရွှေ့ထမ်းဆောင်ခွင့်ရခဲ့သည်။ တက္ကသိုလ်တစ်ခုပြီးတစ်ခု။ မန္တလေး၊ မြစ်ကြီးနား၊ မိတ္ထီလာ၊ မုံရွာ၊ ပညာရေး (မန္တလေး)၊ ရတနာပုံ။ နေရာစုံရောက်ပြီးနောက် အချိန်ကအရွယ်ရင့်ပြီမို့ အငြိမ်းစားယူခွင့်ရခဲ့ပြီ။ အတိတ်ကာလတို့သည် ဝေး၍ဝေး၍ မှေးမှိန်သွားကြ၏။ စစ်တက္ကသိုလ်မှ တပည့်များသည်လည်း ကျောင်းဆင်းသွားကြပြီး တာဝန်ကိုယ်စီထမ်း နေကြသည်ကို   သိပါ၏။  သို့သော်  အရပ်ဘက်တက္ကသိုလ်သို့ ရောက်ရှိကျင်လည်နေခဲ့သော ကျွန်တော်နှင့် အဆက်ပြတ်သွားကြသည်။   ဘယ်သူတွေဘယ်ရောက်နေသည်ဟုမသိတော့။

ယခုတော့ အဆက်ပြတ်နေသော  တပည့်များက မရရအောင်စုံစမ်းကာ ဆရာကန်တော့ပွဲတက်ရောက် ရန်ဖိတ်ကြားလာသည်။ ဝမ်းသာမိသည်မှာ အတိုင်းထက်အလွန်ပင်။ တွေ့ဆုံကြရတော့လည်း အံ့ဩစရာဖြစ်ရပြန်၏။ ကျွန်တော်တို့ မျက်စိထဲမှာတော့ လွန်ခဲ့သော နှစ်ပေါင်း ၄၀ ကျော်ကာလ စာသင်ခန်းထဲမှ ဗိုလ်လောင်းများ။ ယခုမျက်မှောက်မှာ မြင်ရသူတွေက အသက် ၆ဝ ဝန်းကျင် ပုဂ္ဂိုလ်ကြီးများ။ ခြားနားမှုက ကြီးမားလွန်း၏။ ရာထူးကြီးများ လက်ရှိထမ်းဆောင်နေသူများနှင့် ရာထူးကြီးများမှ အငြိမ်းစားအနားယူပြီးသူများ။ ဆရာသည် တပည့်အားလုံးကို မမှတ်မိနိုင်ပါ။ ကျွန်တော်ဘယ်သူပါ ဘယ်ဝါပါဟုပြောလာလျှင်တော့ မှတ်မိသတိရသွားတတ်ပါ၏။ တပည့်အားလုံးကတော့ ဆရာ့ရင်ထဲမှာ ရှိနေစမြဲပင်။

တပည့်အချင်းချင်း၊ ဆရာအချင်းချင်း၊ ဆရာနှင့်တပည့် တစုတဝေးဆုံကြ၊ တွေ့ကြရသည့်ပွဲဖြစ်၍ အားလုံးရွှင်လန်းနေကြသည်။ ပြန်လည်နုပျိုသွားသလို ခံစားကြရသည်။ အရွယ်တွေက ဇရာအို ဖြစ်နေပေမယ့် ပြောကြတဲ့စကားတွေက နုပျို လို့နေသည်။ 

ပြုံးရွှင်လန်းဆန်းသော မျက်နှာကိုယ်စီနှင့် ရယ်သံမောသံတွေ စီစီညံနေတော့၏။ တပည့်များအားလုံးကို ကျေးဇူးတင်နေကြသည်။ ဇရာဖိစီး၍ မှေးမှိန်ခဲ့ပြီဖြစ်သော အတိတ်မှအရိပ်များသည် တပည့်တို့ကြောင့် ပြန်လည်ရှင်သန်နိုးကြားခဲ့ရပြီမဟုတ်ပါလား။

ဤကန်တော့ပွဲမှ  အခြေခံကာ  တပည့်တို့၏ စေတနာ ထပ်မံဖူးပွင့်လာပြန်သည်ကား ချယ်ရီရိပ် ဖောင်ဒေးရှင်း ပင်ဖြစ်၏။ ဆရာများ၏ဝမ်းမြောက်ဝမ်းသာခံယူအားပေးမှု၊  တပည့်တို့၏ တက်ကြွထက်သန်သော စေတနာမေတ္တာတို့ဖြင့် ပေါင်းစပ်လျက် ၂၀၁၄ ခုနှစ်မှစတင်၍ လူမှုရေးသက်သက်ဖြစ်သောချယ်ရီရိပ် ပရဟိတဖောင်ဒေးရှင်းကို တည်ထောင်လိုက်ကြ၏။  စစ်တက္ကသိုလ်၌ စာပေပညာ၊ စစ်ပညာများသင်ကြားပေးခဲ့ကြသော   အာစရိယနွယ်ဝင် အငြိမ်းစား အသက် ၆၀ ကျော် ဆရာကြီး၊ ဆရာမကြီးများ၏ ကျန်းမာရေးနှင့်လူမှုရေးကိစ္စများတွင်  အကူအညီလိုအပ်နေပါက  စစ်တက္ကသိုလ်ကျောင်းသားဟောင်းများ၏  စုစည်းအားဖြင့်ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန်ဖြစ်ပါ၏။ နတ်လူသာဓုခေါ်ကြမည့်လုပ်ငန်းဖြစ်သော်လည်း လောကသဘာဝအရ အကဲ့အရဲ့၊ အဖိအနှိပ်၊ မလိုမလားရှိတတ်ကြသည်။ ဤသို့ဖြစ်တတ်သည်ကို သိသဖြင့်လည်း စစ်ကိုင်းရွှေဟင်္သာဆရာတော်ဘုရားကြီးကအများအကျိုး၊ ရွက်သယ်ပိုးကခနိုးခနဲ့၊ ဆိုကဲ့ရဲ့လည်းမဖဲ့မစောင်း၊ ကိုယ့်လမ်းကြောင်းကိုစိတ်ကောင်းနှင့်ယှဉ်၊ ရှေးရှုနှင်လော့...ဟူသည့်    ဩဝါဒစကားကို   ဦးထိပ်ပန်ဆင်ကာ အားထည့်ထားကြသည်ကို  တွေ့ရပေရာ တပည့်တို့၏ စေတနာနှင့်အမြော်အမြင်ကို လေးစားချီးကျူးမိပါ၏။ ဤလုပ်ငန်းသည် တစ်ခဏလုပ်ငန်းမဟုတ်။ 

ထာဝရလုပ်ငန်းဖြစ်၏။ စေတနာရှိရမည်။ ထို့ပြင် တတ်နိုင်သည့်ဘက်မှ ပါဝင်ဆောင်ရွက်လိုစိတ်ရှိရမည်။

တစ်ဦးတစ်ယောက်တည်းလုပ်၍ရနိုင်သော အလုပ်မဟုတ်။ စုပေါင်းအားနှင့်သာ အောင်မြင်နိုင်မည်ဖြစ်၏။ ပါဝင်သူများအားလုံး  စိတ်ဓာတ်သည်  အမြဲတမ်းရှင်သန် တက်ကြွနေရပေလိမ့်မည်။ သို့မှသာ လုပ်ငန်းစဉ်များပီပြင်အောင် ဆောင်ရွက်နိုင်ကြမည်ဖြစ်သည်။ ထို့ကြောင့် အဖွဲ့အစည်း အမြဲတမ်းရှင်သန်နိုးကြားစေဖို့အတွက် တစ်လလျှင်တစ်ကြိမ် အစည်းအဝေးပြုလုပ်၏။ ဆောင်ရွက်ပြီးသမျှ တင်ပြခြင်း၊ ရှေ့ဆက်လုပ်ဆောင်ရန် လျာထားညှိနှိုင်းခြင်း၊ လုပ်ဆောင်ချက်များအပေါ်  သုံးသပ်ခြင်း၊  အဖွဲ့ဝင်အချင်းချင်းအကြံပြု ဆွေးနွေးခြင်း၊   လုပ်ငန်းလိုအပ်ချက်များအတွက် ဖြည့်ဆည်းဆောင်ရွက်နိုင်ရန်  တိုင်ပင်ညှိနှိုင်းခြင်း  စသည်တို့ကို ပြုလုပ်ကြသည်။ အစည်းအဝေးဆိုသော်လည်း မိသားစုညီအစ်ကိုများပမာ  နေခဲ့ကြသူများဖြစ်၍ ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ပြောကြဆိုကြ၊ ထောက်ပြကြ၊ အကြံပြုကြ၊ ဆွေးနွေးကြ၊ ရယ်ကြမောကြနှင့် ပျော်စရာပင်ကောင်းပါသေး၏။ အဖွဲ့အစည်း၏စိတ်ဓာတ်အင်အားကို  အမြဲတမ်းရှင်သန်နေအောင် အားဖြည့်ပေးနေသော အစည်းအဝေးပင်ဖြစ်သည်ဟု ဆိုရပါမည်။

ဤအစည်းအဝေးများကိုတက်ရောက်ရန် မန္တလေးဝန်းကျင်ရှိ အငြိမ်းစားဆရာကြီးများကိုလည်း ဖိတ်ကြားသည်။ ထို့ကြောင့် ကျွန်တော်လည်း တက်ရောက်ပါ၏။  အခြားဆရာကြီးများလည်း  စိတ်ဝင်စားစွာ တက်ရောက်လာကြသည်။   တပည့်တို့ကလည်း ဝမ်းပန်းတသာဖြစ်ကြသည်။ 

ကျွန်တော်တို့တစ်တွေသည် အသက် ၇၀  ကျော်နေသူများဖြစ်၏။ အင်အားကုန်ခန်း၊ အိုမင်းမစွမ်းအရွယ်များဖြစ်နေကြပါ၏။ မိမိတို့ကိုယ်တိုင် ဘာကိုမှမစွမ်းဆောင်နိုင်ကြတော့ပါ။  သို့သော်လည်း တပည့်တို့ကို အားပေးချင်၏။ 

တပည့်တို့၏ မြင့်မြတ်ကောင်းမွန်သော လုပ်ငန်းကြီးတစ်ခုအောင်မြင်စေချင်၏။ ထို့ကြောင့်ပင် ဆရာအိုကြီးတို့က နောက်ဆုံးအရွယ် လက်ကျန်ဉာဏ်ကလေးများဖြင့် တပည့်တို့ကို အကြံဉာဏ်ပေးရန် ရည်သန်တက်ရောက်ကြခြင်းဖြစ်၏။ မိုးရွာသောတစ်နေ့တွင် သရက်ပင်စိုက်နေသော အဘိုးအိုကို ကလေးတစ်ယောက်က မေးသလိုပါတည်း   အဘိုးစိုက်တဲ့သရက်ပင် သီးတဲ့အချိန်ထိ အဘိုးရှိနေဦးမှာမို့လား ဟု ကလေးက မေးလိုက်တဲ့အခါ အဘိုးသိပါတယ် မြေးရယ်၊ အဘိုးအတွက်မဟုတ်ပါဘူး၊ မင်းတို့အတွက်ပဲ အဘိုးစိုက်နေတာပါလို့ပြန်ဖြေလိုက်ပါသတဲ့။

မန္တလေးမှာ    လစဉ်အစည်းအဝေးလုပ်တိုင်း ချယ်ရီရိပ်ဥက္ကဋ္ဌ (၁၂)နှင့်အဖွဲ့တို့လာရောက်ကြသည်။ 

တစ်ကြိမ်ပြီးတစ်ကြိမ် သူတို့၏လှုပ်ရှားဟန်၊ ပြောဆိုဟန်များကို ကျွန်တော်သတိထားကြည့်မိ၏။  စိတ်အားထက်သန်မှုဖြင့်  စိတ်ပါလက်ပါပြောဆိုလှုပ်ရှားဟန်သည် အမြဲရှင်သန်နေ၏။ သည်တစ်ကြိမ်တော့ အလုပ်ဖြစ်ရုံမျှ ပြောသွားကြတာပါ။ တက်တက်ကြွကြွမရှိလှဟု မှတ်ချက်ပေးရမည့်အကြိမ်မရှိဖူးချေ။ ဤအချက်သည်ပင် အရေးကြီးသည်ဟု ကျွန်တော်ထင်သည်။ 

ဦးဆောင်သူများ  စိတ်အားတက်ကြွကာ  စိတ်ပါလက်ပါ ဦးဆောင်နေသမျှ ဤအဖွဲ့အစည်းသည် ရှင်သန်တိုးတက်နေလိမ့်မည်သာဖြစ်၏။

အစည်းအဝေးတိုင်းတွင်   ဤအဖွဲ့အစည်း၏ စေတနာတို့မှာပေါ်လွင်၏။ ငွေအားဖြင့် ပါဝင်လှူဒါန်းကာ ကျောထောက်နောက်ခံပြုသူများ တိုးလာသည်ကို ကြားသိရ၏။ အစည်းအဝေးပြုလုပ်ရန်နေရာ၊ အဖွဲ့၏ရုံးခန်းဖွင့်လှစ်ရန်နေရာတို့ကို ထောက်ပံ့ကူညီပေးသူ၊ နာမကျန်းဖြစ်၍   ဆေးရုံဆေးခန်း   တက်ရသော ဆရာကြီးများ  သတင်းထပ်မံရရှိသည်နှင့်  ချက်ချင်းသွားရောက်ကူညီခဲ့ပုံ  စသည့် သတင်းသစ်များကို ဦးခင်မောင်ထွန်းက တင်ပြလေ့ရှိ၏။ ကြားရသမျှတို့သည် အားရစရာပင်ဖြစ်၏။   သူတို့အားလုံးသည်အရွယ်အိုဆရာများအတွက် လိုအပ်သမျှ ပေးဆပ်ကူညီရန် ကြံစည်အားထုတ်နေကြပုံမှာ အပြောမဟုတ်၊အလုပ်နှင့်သက်သေထူနေကြပါ၏။ တစ်ကြိမ်သော အစည်းအဝေးတွင် မန္တလေး၊ စစ်ကိုင်း စသောဒေသများ၌  နေထိုင်ကြသော   ဆရာအိုကြီးများသည် နွေအပူဒဏ်ကို အပြင်းအထန်ခံစားနေကြရကြောင်း၊ အပူဒဏ်ကိုရှောင်ရန် ပြင်ဦးလွင်သို့ တက်ရောက်ခိုလှုံလိုသော်လည်း နေ၊ စားစရိတ်မတတ်နိုင်၍ မသွားနိုင်ဘဲ ကြိတ်မှိတ်ခံစားနေကြရကြောင်း။  ဤသို့သော အခက်အခဲကို  မည်သို့ကူညီဖြေရှင်းပေးနိုင်မလဲဟု စဉ်းစားနေပါကြောင်း ထည့်သွင်းပြောကြားသွားသည်ကို ကြားရသည်။ ဆရာအိုများအတွက် ဤမျှထိ သူတို့စဉ်းစားပေးနေပါလားဟုတွေးကာ လှိုက်လှဲသော ပီတိခံစားမိရသည်။

ဤအချက်နှင့်ပတ်သက်၍ မည်သို့အကြံပြုရမည် မသိသေးသော်လည်း မိမိအတွေ့အကြုံကလေးကိုတော့  ပြောပြချင်ပါ၏။  ကျွန်တော့်သူငယ်ချင်း အငြိမ်းစားတစ်ဦး၏အိမ်သို့   ကျွန်တော်အလည်ရောက်သွား၏။ ကျန်းမာရေးအသင့်အတင့်ကောင်း၏။ မျက်စိမှုန်၊ နားလေးသဖြင့် ဘယ်မှမထွက်၊ အိမ်တွင်းအောင်းဖြစ်နေ၏။ သူ့အိမ်က တစ်ထပ်တိုက်ကလေး။ မင်းနေ့လယ်ပူတဲ့အခါ ဘယ်မှာနေလဲ ဟု ကျွန်တော်ကမေးမိ၏။ သူငယ်ချင်းဖြစ်သဖြင့် ရယ်စရာနှောကာပြောပါ၏။ ဘယ်မှသွားနေစရာ  မရှိပါဘူးကွာ။ ကိုယ့်အိမ်မှာပဲ နေရတာပေါ့။ ဒါပေမဲ့  ခွေးအိုကြီးလိုပေါ့ကွာ၊ အေးတဲ့နေရာလေးရှာပြီး ဝပ်နေရတာပဲ ဟ တဲ့။ သို့သော် ကျွန်တော်မရယ်နိုင်ခဲ့ပါ။ ကျွန်တော်ကိုယ်တိုင်လည်း ထိုနည်းလည်းကောင်းပင် မဟုတ်ပါလား။

အဲဒါပေမဲ့ ကျွန်တော်က နည်းနည်းသာသွားပြီဗျ။ အငြိမ်းစားယူပြီး  သိပ်မကြာခင်မှာ  ကြီးလာရင် နွေအပူရှောင်နိုင်အောင်ဆိုပြီး ပြင်ဦးလွင်ဧရိယာမှာ  တစ်အိမ်စာ မြေကွက်ကလေးတစ်ကွက် ဝယ်ထားမိသဗျ။ အမြော်အမြင်ကြီးသူပီပီပေါ့ဗျာ။ ပြီးတော့မှ အိမ်သေးသေးလေး ဆောက်ထားမယ်ပေါ့။ နွေမှာသွားနေမယ်ပေါ့လေ။ သို့သော်လည်း အမြော်အမြင်ကြီးသလောက် ကုသိုလ်က ချာတူးလံသူမို့  ယနေ့အချိန်ထိ တဲကလေးတောင်မှ မထိုးနိုင်သဖြင့် သွားနေဖို့ ဝေးနေဆဲပါ။ ထို့ကြောင့်ပင် သူငယ်ချင်းနည်းတူ ထိုနည်းလည်းကောင်း လို့ ပြောရမှာပဲပေါ့။ အသက်ကလည်း ၇၀ ကျော်လွန်လာခဲ့ပြီဆိုတော ့ ဘာမှသိပ်မစွမ်းဆောင်နိုင်တော့ပြီမို့ စိတ်ကူးကလေးက ရွှေပြည်တော်မျှော်တိုင်းဝေး ထင်ပါရဲ့ဗျာ။ ဒီတော့ ကိုယ့်အိမ်မှာပဲ အေးတဲ့နေရာရှာပြီး နေရဦးမှာပါပဲ။ ချယ်ရီရိပ်ရဲ့   စေတနာကိုကြားရတော့   ဝမ်းသာလွန်းလို့ ကိုယ့်အတွေ့အကြုံကိုပြောပြမိတာပါ။

ကျွန်တော်တို့ထက်   အသက်အရွယ်ကြီးတဲ့ စရိတ်မတတ်နိုင်ရှာတဲ့ ဆရာအိုကြီးများရှိကြပါသေးတယ်။ သူတို့ကိုကူညီနိုင်ရင် အင်မတန်ကုသိုလ်ဖြစ်နိုင်ပါတယ်။  အသက်အန္တရာယ်ဘေးက  ဝေးအောင်ကူညီတာပဲ မဟုတ်လား။

ကျွန်တော်ကတော့ တပည့်ဟောင်းများလည်းဖြစ်၊ မန္တလေးတစ်ဝိုက်မှာရှိနေကြတဲ့   ကိုတင်အောင်၊ ကိုလှခင်၊ ကိုညွန့်ရှိန်တို့နဲ့ အမြဲလိုလို ဆုံတွေ့နေသမို့ သူတို့ရဲ့ လှုပ်ရှားဆောင်ရွက်သမျှတွေကို တွေ့နေရပြီး ဝမ်းသာနေရပါ၏။ လူရင်းတွေမို့ ကို တပ်ခေါ်မိပေမယ့် သူတို့လည်း အငြိမ်းစားတွေပါ။ ဗိုလ်ချုပ်ကျော်ညွန့် (ငြိမ်း) အပတ်စဉ်(၁၆)ကလည်းဖြစ်ပြန် စာရေးဆရာ (ရင်ငြိမ်းပန်း) လည်းဖြစ်ပြန်မို့  သူရေးတဲ့စာတွေထဲမှာ ဤအဖွဲ့အတွက် အားပေးမှု၊ ကူညီမှုတွေကိုလည်း ဖတ်ရသိရတော့လည်း ကြည်နူးဝမ်းသာဖြစ်ရသည်။ သူကိုယ်တိုင်ကလည်း ဆရာဇော်ဂျီ၏ သင်သေသွားသော် ကဗျာလေးထဲက ခံယူချက်အတိုင်း ထာဝရအကျိုးပြုမယ့် လုပ်ရပ်ကလေးတွေကျန်ရစ်အောင် ကြိုးစားနေသူဖြစ်ကြောင်း သိရတော့ ပို၍အားတက်စရာဖြစ်တော့သည်။ ချယ်ရီရိပ် အတွက် ဝမ်းသာ ခြင်း၊ ကြည်နူးခြင်း၊ ဂုဏ်ယူခြင်းများ ခံစားနေမိသူဖြစ်၍ ရေးစရာတွေများနေမိခြင်းဖြစ်သည်။   ကျွန်တော်ငယ်စဉ်   ချယ်ရီမြေကိုရောက်၊ ချယ်ရီရိပ်ကိုခိုနားစဉ် ချယ်ရီရိပ်သည် အေးမြခြင်းကိုဆောင်၏။ လှပခြင်းကိုဆောင်၏ဟု ခံစားမိခဲ့ကြောင်း ဦးစွာဆိုခဲ့ပြီးဖြစ်သည်။ ထိုခံစားချက်သည် ယခုအခါတွင် ချယ်ရီရိပ်တွင် လူလားမြောက်ခဲ့ကြသော တပည့်တို့၏စုပေါင်းအားဖြင့် အဓိပ္ပာယ်သက်ရောက်လာခဲ့ပြီဖြစ်သည်။ မိမိတို့ကို ပညာသင်ကြားပေးခဲ့ဖူးသော ဆရာတို့၏ကျေးဇူးကို တပည့်တို့ တုံ့ပြန်ပေးဆပ်နေကြပြီ။ ကျေးဇူးရှိလျက် အဆပ်ခက်ဟူသော ဆိုရိုးစကားကိုကျော်လွှားကာ  ဘဝနေဝင်ချိန်သို့ တရွေ့ရွေ့ချဉ်းကပ်နေကြရပြီဖြစ်သော ဆရာအိုတို့၏ ဘဝငြိမ်းချမ်းသက်သာပါစေခြင်းအကျိုးငှာ အင်အားရှိသမျှ ဝိုင်းဝန်းစောင့်ရှောက်ပေးနေကြပြီ။ တပည့်တို့မေတ္တာ၏ အေးမြခြင်းသဘော ကို ဆရာတို့ခံစားကြည်နူးနေကြရပြီ။ မေတ္တာဖြင့်ပြည့်ဝနေသော တပည့်တို့၏ ဆောင်ရွက်ချက်များသည်လည်း အမြဲထာဝရ လှပခြင်းကို ဆောင်နေလိမ့်မည်သာဖြစ်ပါ၏။

ဆရာအိုတို့အတွက် လိုအပ်ချိန်တွင် လိုအပ်သော ငွေကြေးအကူအညီသာမက  အားပေးခြင်း၊ စောင့်ရှောက်ခြင်း၊ ကူညီခြင်းများစွာဖြင့် ဆရာတို့၏ကျေးဇူးကိုပေးဆပ်နေကြသော တပည့်တို့အတွက် ဆရာတို့စိတ်ဝယ်  ငြိမ်းချမ်းခြင်း၊  ကြည်နူးခြင်း၊ ဝမ်းသာခြင်းများ   ခံစားနေကြရမည်မှာလည်း အမှန်ပင်ဖြစ်ပါသည်။ ဤကဲ့သို့သော တပည့်တို့၏ အားရကြည်နူးစရာ လုပ်ဆောင်ချက်များကို ဆရာတိုင်းကပင် နောက်ဆုံးအချိန်ထိ မြင်တွေ့သာဓုခေါ်သွားချင်ကြပေလိမ့်မည်ဟု ယုံကြည်မိသည်။

ဤတွင်  လယ်တီပဏ္ဍိတ   ဦးမောင်ကြီးအား ရဟန်းပြန်ဝတ်စေချင်သော ပြင်စည်ထိပ်ခေါင်တင် မင်းသမီးကြီး (ထိုစဉ်က အသက် ၇၀ ကျော်) ၏ ဆန္ဒနှင့် စိတ်ထားကို  သွားသတိရမိသည်။ လယ်တီပဏ္ဍိတဦးမောင်ကြီးသည် ရဟန်းဘဝက ပရိယတ္တိအလွန်တော်သူဖြစ်၍ လယ်တီဆရာတော်ကြီး အားကိုးရသူဖြစ်၏။ လူ့ဘဝတွင်လည်း အလွန်တော်သော စာရေးဆရာကြီးဖြစ်၏။ သူ့စာအရေးအသားများကြောင့် ပြင်စည်မင်းသမီးကြီးက အလွန်ကြည်ညိုသဖြင့် ခေါ်ယူတွေ့ဆုံချီးကျူး၏။ အိမ်ထောင်ဖက်ဆုံးသွားပြီဖြစ်ကြောင်းသိရသေ မင်းသမီးကြီးက ဆရာ့ကို သာသနာအတွက် အလွန်အကျိုးများနိုင်သူဖြစ်၍ ရဟန်းပြန်ဝတ်စေလို၏။   လိုအပ်သမျှသူထောက်ပံ့မည်။   ငြိမ်းချမ်းသောမြင့်မြတ်သော ရဟန်းဘောင်သို့ရောက်ရှိသွားသည်ကို ဝမ်းသာအားရမြင်တွေ့ချင်လှပါသည်ဟု   ကဗျာရေး၍ ဆရာ့အား တိုက်တွန်းခဲ့ဖူးလေသည်။ မင်းသမီးကြီး၏ ဆန္ဒနှင့်စေတနာသည် ကြည်နူးစရာဖြစ်ပါ၏။

မေတ္တာဥက္ကဋ္ဌ၊ သစ္စာနှုတ်ဝစန

ပစ္စယာနုဂ္ဂဟ၊ မနှောင့်နှေးဖွယ်ငယ်

မောင်ထောင့်မွေးမယ် တာဝန်ထားတော့

ရတနာတံခွန်အလား၊ သားမြတ်မထေရ်ကျော်

အများမှတ်ဖို့နော်"

...ရွှေနားချိုပ၊ သွေမပြင်လျှင် 

ရဝေခွင်တွင် သင်္ကန်းဆင်ပါ့မနှေး

အမေမသေခင် မြင်စမ်းချင်လှလေး တဲ့။

လိုသမျှ ဖြည့်ဆည်းပေးနေကြမည့် တပည့်တို့အပေါ် ဆရာတို့၏ စေတနာဆန္ဒသည်လည်း ပြင်စည် မင်းသမီးကြီး၏   စေတနာဆန္ဒနှင့်ထပ်တူထပ်မျှ ဖြစ်လိမ့်မည်သာတည်း။      ။

MWD