ကမ္ဘောဒီးယားနိုင်ငံ၏ အန်ကောဝပ်ဘုရားကျောင်းက ၂၀၂၅ ခုနှစ် အတွက် TripAdvisor ၏ အာရှ၌ ဆွဲဆောင်မှုအရှိဆုံး ခရီးသွားနေရာအဖြစ် သတ်မှတ်ခံရကြောင်း ဝန်ကြီးချုပ် ပြောကြား
ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်က အန်ကောဝပ်ဘုရားကျောင်း ကို အာရှ၏ဆွဲဆောင်မှုအရှိဆုံး ခရီးသွားနေရာအဖြစ် ကမ္ဘာ့ထိပ်တန်း ခရီးသွားလာမှုဆိုင်ရာ အကြံပေးဝက်ဘ်ဆိုက် TripAdvisor မှ အဆင့် သတ်မှတ်လိုက်ကြောင်း သြဂုတ် ၃၀ ရက်၌ ပြောကြားခဲ့သည်။ ဝန်ကြီးချုပ် က TripAdvisor ၏ အာရှထိပ်တန်း ခရီးသွားနေရာ ၂၀ စာရင်းနှင့်အတူ ၎င်း၏တရားဝင် ဆိုရှယ်မီဒီယာ ပလက်ဖောင်းများ၌ ပို့စ်တင်ရေးသား၍ ကြေညာခဲ့ခြင်းဖြစ်သည်။
အန်ကောဝပ်ဘုရားကျောင်းမှာ နိုင်ငံအနောက်မြောက်ပိုင်း ဆီယမ်ရိ (ပ်) ပြည်နယ်ရှိ ယူနက်စကို (UNESCO) စာရင်းဝင် အန်းကော ရှေးဟောင်း သုတေသနဥယျာဥ်ရှိ အဓိက ဘုရားကျောင်းများအနက် တစ်ခုဖြစ်သည်။ ၄၀၁ စတုရန်းကီလိုမီတာ ကျယ်ဝန်းသော ၎င်းရှေးဟောင်း သုတေသန ဥယျာဥ်မှာ ကိုးရာစုမှ ၁၃ ရာစုအကြား တည်ဆောက်ခဲ့သော ရှေးဟောင်း ဘုရားကျောင်း ၉၁ ခု တည်ရှိရာ နေရာဖြစ်သည်။
အရှေ့တောင်အာရှနိုင်ငံဖြစ်သော ကမ္ဘောဒီးယားနိုင်ငံရှိ လူကြိုက်များ ရေပန်းအစားဆုံး ခရီးသွားနေရာဖြစ်သည့် ၎င်းရှေးဟောင်းသုတေသန ဥယျာဥ်မှာ ၂၀၂၅ ခုနှစ် ပထမခုနစ်လတာအတွင်း နိုင်ငံတကာ ခရီးသွား ဧည့်သည် စုစုပေါင်း ၆၁၈,၇၇၁ ဦးကို ဆွဲဆောင်ခဲ့ပြီး ယမန်နှစ်ကာလ တူထက် ၅.၈ ရာခိုင်နှုန်း မြင့်တက်လာကြောင်း နိုင်ငံပိုင် Angkor Enterprise ဌာန၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
ထိုရှေးဟောင်းသုတေသနဥယျာဥ်က ယခုနှစ် ဇန်နဝါရီမှ ဇူလိုင်လ အတွင်း လက်မှတ်ရောင်းချမှုမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၂၈.၆ သန်းရရှိခဲ့ပြီး ယမန်နှစ်ကာလတူထက် ၅.၃ ရာခိုင်နှုန်း တိုးလာကြောင်း အစီရင်ခံစာ၌ ဖြည့်စွက်ဖော်ပြခဲ့သည်။
ကိုးကား- Xinhua

,
,
,
,
,
,
,