ကျောက်ဆည်မြို့ မြန်မာ့ရိုးရာဆင်အကအလှပြိုင်ပွဲတွင် ဆုရရှိခဲ့သော ပြိုင်ပွဲဝင်ဆင်များအား ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

News Image

  • ကျောက်ဆည်မြို့ မြန်မာ့ရိုးရာဆင်အကအလှပြိုင်ပွဲတွင် ဆုရရှိခဲ့သော ပြိုင်ပွဲဝင်ဆင်များအား ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

ကျောက်ဆည်၊ အောက်တိုဘာ-၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၌ မြန်မာ့ရိုးရာဆင်အကအလှ ပြိုင်ပွဲ ကျင်းပ ပြုလုပ်ခဲ့ပြီး ဆုရရှိခဲ့သောပြိုင်ပွဲဝင်ဆင်များအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ(၉)နာရီက ရွှေသာလျောင်း တောင် ဆင်အကအလှပြိုင်ပွဲဗဟိုမဏ္ဍပ်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆုချီးမြှင့်ပွဲအခမ်းအနားတွင် မြို့မိမြို့ဖ ဦးစန်းယုနှင့် တာဝန်ရှိသူတို့က ဂုဏ်ပြုဆင်များနှင့် သက်ကြီးဆင်များအား ဂုဏ်ပြုဆုများချီးမြှင့်ပေးခဲ့ပြီး ကျောက်ဆည်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဟိန်းအောင် နှင့်အဖွဲ့ဝင်များ၊ကျောက်ဆည်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထိုက်ထိုက်ဇော်နှင့် အဖွဲ့ဝင် တို့က ရိုးရာဆင်(လူကြီး) ပြိုင်ပွဲတွင် ပထမရရှိသော ရွှေပြည်သာ၊ ဒုတိယဆုရရှိသော မင်းထင်ရှား၊ တတိယဆု ရရှိသော မြင်စိုင်းဇာနည် ဆင်များကို လည်းကောင်း၊ ရိုးရာဆင်(လူကြီး) ပြိုင်ပွဲတွင် နှစ်သိမ့်ဆု ရရှိသော ဇာနည်ဘွား၊ ပိတောက်မြိုင်ဆင်များကို လည်းကောင်း၊ ရိုးရာဆင် (ကလေး)ပြိုင်ပွဲတွင် ပထမဆုရရှိသောဒို့မဟာ၊ ဒုတိယဆုရရှိသော အောင်ဖြိုးခန့်၊ တတိယဆုရရှိသော စိမ်းလန်းစိုပြည်ဘိုကေဆင်နှင့်နှစ်သိမ့်ဆု ရရှိသော ရွှေဆည်သစ်ဆင်များကိုလည်းကောင်း၊ ဘော်ကြယ်ဆင်ပြိုင်ပွဲတွင်ပထမဆုရရှိသော ခေတ်သစ်မာန်၊ ဒုတိယဆု ရရှိသော အောင်မြင်သူ၊ တတိယဆုရရှိသော ဒွေးဆင်များကို လည်းကောင်း၊ ရိုးရာတီထွင်ဆန်းသစ်မှု သဘာဝ ဆင်ပြိုင်ပွဲတွင် ပထမဆုရရှိသော ကရုဏာရှင်၊ ဒုတိယဆုရရှိသော ပဏ်ဆင်များအား ဆုများအသီးသီး ပေးအပ် ချီးမြှင့်ခဲ့ကြောင်းသိရှိရသည်။

ဆင်အကအလှပြိုင်ပွဲတွင် ဧည့်ခံဆင်(၁)စီး၊ ဂုဏ်ပြုဆင်(၂)စီး၊ သက်ကြီးဆင်(၄)စီး၊ ပြိုင်ပွဲဝင် ဆင်(၁၄)စီး၊ မြို့မ ဈေးပတ်ဆင်(၆၂)စီး၊ စုစုပေါင်း(၈၃)စီးပါဝင်ခဲ့ကြောင်းနှင့် ပြိုင်ပွဲအမျိုးအစား(၄)မျိုးခွဲ၍ ကျင်းပခဲ့ပြီး ဆုများ ချီးမြှင့် ခဲ့ခြင်းဖြစ်ကြောင်း  သိရသည်။

 

                                                                                                      သက်မောင်(ကျောက်ဆည်)