ပဲခူးမြို့နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု
ပဲခူး မေ ၂၂
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီး ဝန်ကြီးများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ပဲခူးမြို့နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကွင်းဆင်း ကြည့်ရှုပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဦးစွာ ပဲခူးမြို့နယ် ကင်းပိုင်ကျုံကျေးရွာအုပ်စု ရေကြီးရေနက်ကွင်း လယ်မြေများအား ရေတော်မိုးတော် လယ်မြေအဖြစ် မိုးရာသီအမီ မိုးစပါးစိုက်ပျိုးနိုင်ရေး ကင်းပိုင်ကျုံရိုး အရှည်ပေ ၃၅၀၀ တူးဖော်နေမှုကို လည်းကောင်း၊ အခြေခံပညာအလယ်တန်းကျောင်း (ကင်းပိုင်ကျုံ) ကျောင်းဆောင်သစ် တိုးချဲ့တည်ဆောက်မည့် မြေနေရာနှင့် ကျောင်းသားနှင့် ကျောင်းဆောင် လိုအပ်ချက်အခြေအနေကို လည်းကောင်း ကွင်းဆင်းကြည့်ရှုပြီး သတ်မှတ်ထားသည့် မြေဧကအတိုင်း ပြည့်ဝစွာရရှိရေး ပေါင်းစပ် ဆောင်ရွက်ပေးကာ ချီးမြှင့်ငွေများ ပေးအပ်သည်။
ယင်းနောက် ကင်းပိုင်ကျုံကျေးရွာ ကမ်းပြိုမှုကာကွယ်ရေး ရေလွှဲကာတည်ဆောက်မည့် သတ်မှတ် မြေနေရာနှင့် ဦးထောင်ဘိုးရိုးအရှည်ပေ ၄၅၀၀ ဆောင်ရွက်ပြီးစီးမှုကို ကွင်းဆင်းကြည့်ရှုပြီး လိုအပ်သည်များ မှာကြားသည်။
ထို့နောက် ကျောက်တန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ဆရာ ဆရာမ များနှင့် တွေ့ဆုံ အမှာစကားပြောကြားပြီး ပဲခူးမြို့နယ် ဘူးလယ်အင်းကျေးရွာအုပ်စု မေတ္တာမြေ ကုမ္ပဏီလီမိတက်၏ အုပ်ကြွပ်အမိုးပြားလုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)
MDN
