ပြည်ထောင်စုနယ်မြေ နေပြည်တော် ဥတ္တရသီရိမြို့နယ် ၃၃ ကေဗွီ ဓာတ်အားခွဲရုံ အမှတ် (၂) ရှိ ၃၃/၁၁ ကေဗွီ၊ ၁၀ အမ်ဗွီအေ ထရန်စဖော်မာလောင်ကျွမ်းမှုဖြစ်ပွား
နေပြည်တော် မေ ၂၂
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဥတ္တရခရိုင် ဥတ္တရသီရိမြို့နယ် ၃၃ ကေဗွီ ဓာတ်အားခွဲရုံ အမှတ် (၂) ရှိ ၃၃/၁၁ ကေဗွီ၊ ၁၀ အမ်ဗွီအေ ထရန်စဖော်မာ အမှတ် (၁) သည် မေ ၂၁ ရက် မွန်းလွဲ ၃ နာရီ ၄၂ မိနစ်တွင် ဓာတ်အားပြတ်တောက်ခဲ့ပြီး လျှပ်စစ်စမ်းသပ်ရေးဆိုင်ရာ စမ်းသပ်ချက်များအရ ထရန် စဖော်မာ လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသည်။
ဖော်ပြပါ ထရန်စဖော်မာလောင်ကျွမ်းမှုကို သိလျှင်သိချင်း အဆိုပါထရန်စဖော်မာဖြင့် ဓာတ်အား ဖြန့်ဖြူးထားသည့် အစိုးရဌာနရုံးများနှင့် အများပြည်သူဆိုင်ရာ နေရာအချို့အား ယင်းဓာတ်အားခွဲရုံရှိ ကျန်ထရန်စဖော်မာ အမှတ် (၂) ဖြင့် ဝန်အားမျှ၍ လျှပ်စစ်ဓာတ်အားယာယီ ပြန်လည် ဖြန့်ဖြူးပေးခဲ့သည်။
လောင်ကျွမ်းခဲ့သည့် ထရန်စဖော်မာ အမှတ် (၁) ကို ၂၀၀၃ ခုနှစ် ကတည်းက ထုတ်လုပ်သုံးစွဲခဲ့ပြီး အလေးချိန် ၂၁ တန်ရှိသည်။ အဆိုပါ ထရန်စဖော်မာအား ၁၀ အမ်ဗွီအေ ထရန်စဖော်မာ တစ်လုံးဖြင့် အစားထိုးလဲလှယ်နိုင်ရေးအတွက် တန် ၇၀ ကရိန်းယာဉ်နှင့် ယန္တရားများ အသုံးပြု၍ မေ ၂၁ ရက် ၄ နာရီ မိနစ် ၂၀ မှ စတင်၍ စီစဉ်ဆောင်ရွက်ခဲ့ရာ မေ ၂၂ ရက် မွန်းလွဲပိုင်းတွင် ရွှေ့ပြောင်းခြင်း၊ တပ်ဆင်ခြင်းနှင့် စမ်းသပ်စစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပြီးစီးခဲ့ပြီး ယနေ့ည ဓာတ်အား သုံးစွဲမှု လျော့ကျသွားသောအချိန်မှစ၍ ပုံမှန်အတိုင်းဓာတ်အားပြန်လည် ဖြန့်ဖြူးပေးသွားမည် ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနမှ သိရသည်။
သတင်းစဉ်
MDN
