အိမ်ဖြူတော်သို့ လာရောက်လည်ပတ်ခဲ့သည့် ဆီးရီးယား ခေါင်းဆောင် ကို စိတ်ဓာတ်ခိုင်မာသူဟု ထရမ့်က ချီးကျူး

News Image

  • အိမ်ဖြူတော်သို့ လာရောက်လည်ပတ်ခဲ့သည့် ဆီးရီးယား ခေါင်းဆောင် ကို စိတ်ဓာတ်ခိုင်မာသူဟု ထရမ့်က ချီးကျူး

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် တနင်္လာနေ့ (နိုဝင်ဘာ ၁၀) က ဆီးရီးယားသမ္မတ Ahmed al-Sharaa အား အိမ်ဖြူတော်သို့ ဖိတ်ကြား တွေ့ဆုံပြီးနောက် ၎င်းအား စိတ်ဓာတ်ခိုင်မာသော ခေါင်းဆောင်တစ်ဦး အဖြစ် ချီးကျူးခဲ့သည်။

အယ်လ်ခိုင်ဒါနှင့် ဆက်နွှယ်မှုရှိသော ဂျီဟတ်ခေါင်းဆောင်ဟောင်း Sharaa သည် တစ်ချိန်က အမေရိကန်အစိုးရ၏ Black list စာရင်းသွင်း ခံခဲ့ရပြီး ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ဆီးရီးယား၏ ကာလရှည် ခေါင်းဆောင် Bashar Assad ကို ဖြုတ်ချခဲ့သည်။ ၎င်းသည် စစ်ဒဏ်ကြောင့် ပျက်စီးနေသော နိုင်ငံကို ပြန်လည်တည်ဆောက်ရန်နှင့် တိုင်းရင်းသား လူမျိုးစုများနှင့် ဘာသာရေးအသိုင်းအဝိုင်းများကို ကာကွယ်ရန် ကတိပြု ထားသည်။

သမ္မတထရမ့်က Oval Office တွင် သတင်းထောက်များအား " ၎င်းက စိတ်ဓာတ်ခိုင်မာသည့် ခေါင်းဆောင်တစ်ယောက်ပါ။ ၎င်းက အလွန် ခက်ခဲသည့် နေရာကနေ လာခဲ့ခြင်းဖြစ်ပြီး ခက်ထန်သည့် လူတစ်ယောက် ပါ။ မိမိအနေဖြင့် ၎င်းကို သဘောကျပါသည်" ဟု ပြောကြားခဲ့သည်။ "ဆီးရီးယားကို အလွန်အောင်မြင်သည့် နိုင်ငံတစ်နိုင်ငံ ဖြစ်လာစေချင် ပါသည်။ အဆိုပါခေါင်းဆောင်အနေဖြင့် ထိုသို့ဖြစ်မြောက်အောင် လုပ်ဆောင်နိုင်မည်ဟု မိမိတို့ ယုံကြည်ပါသည်" ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

ထရမ့်သည် နောက်ပိုင်းတွင် ၎င်း၏ Truth Social Media တွင် "ဆီးရီးယားသမ္မတသစ် Ahmed Hussein al-Sharaa နှင့်အတူ အချိန် ကုန်ဆုံးရသည်မှာ ဂုဏ်ယူစရာဖြစ်ပါသည် ၊ အရှေ့အလယ်ပိုင်းတွင် ငြိမ်းချမ်းရေးအတွက် ရှုပ်ထွေးသောကိစ္စရပ်အားလုံးကို ဆွေးနွေးခဲ့ကြပြီး ၎င်းသည် ထိုငြိမ်းချမ်းရေးအတွက် အဓိကထောက်ခံသူတစ်ဦးဖြစ်သည်" ဟု ရေးသားခဲ့သည်။

၎င်းက "တည်ငြိမ်ပြီး အောင်မြင်သော ဆီးရီးယားတစ်နိုင်ငံရှိရန်သည် ထို ဒေသရှိ နိုင်ငံအားလုံးအတွက် အလွန်အရေးကြီးပါသည်" ဟု ဖြည့်စွက် ရေးသားခဲ့သည်။

al-Sharaa က အားလုံးပါဝင်သော လူ့အဖွဲ့အစည်းတစ်ရပ် တည်ဆောက်ရန် ကတိပြုထားသော်လည်း ၎င်း၏ အုပ်ချုပ်မှုသည် Druze နှင့် ခရစ်ယာန် အသိုင်းအဝိုင်းများကို ထိခိုက်စေသော ဂိုဏ်းကွဲအကြမ်းဖက်မှု လှိုင်းတံပိုး များကြောင့် ပျက်စီးခဲ့ရပြီး ယင်းကြောင့် အမေရိကန်မှ ရှုတ်ချခဲ့သည်။

အဆိုပါခရီးစဉ်မတိုင်မီ ရက်ပိုင်းအတွင်းတွင် အမေရိကန်၊ ယူကေ နှင့် ကုလသမဂ္ဂတို့သည် al-Sharaa အား ၎င်းတို့၏ အကြမ်းဖက်စာရင်းမှ ပယ်ဖျက်ခဲ့သည်။ တနင်္လာနေ့ (နိုဝင်ဘာ ၁၀) တွင် ဝါရှင်တန်သည် ဆီးရီးယားနှင့် နှစ်ဖက်ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်ရန်နှင့် လုံခြုံရေး ပူးပေါင်း ဆောင်ရွက်မှုချဲ့ထွင်ရန် ကြိုးပမ်းနေချိန်တွင် ဆန့်ကျင်ဘက် အရေးယူမှု များကို နောက်ထပ် ရက်ပေါင်း ၁၈၀ ကြာ ရွှေ့ဆိုင်းခဲ့သည်။

အမေရိကန်မီဒီယာများ၏ သတင်းများအရ ဆီးရီးယားသည် Islamic State (IS, ယခင်က ISIS) ကို တိုက်ဖျက်ရန် အမေရိကန်ဦးဆောင်သော မဟာမိတ်အဖွဲ့သို့ တရားဝင် ဝင်ရောက်မည်ဖြစ်သည်။ ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက တနင်္လာနေ့ (နိုဝင်ဘာ ၁၀)တွင် အမေရိကန်၊ ဆီးရီးယားနှင့် တူရကီသံတမန်များသည် အမေရိကန်မှ ထောက်ခံသော ကဒ်ရှ်ဦးဆောင်သည့် ဆီးရီးယား ဒီမိုကရက်တစ် တပ်များ (SDF) ကို ဆီးရီးယားတပ်မတော်ထဲသို့ ပေါင်းစည်းရန် အစီအစဉ်ကို သဘောတူညီ ခဲ့ကြောင်း ကြေညာခဲ့သည်။ SDF သည် ၂၀၁၀ ပြည့်လွန်နှစ်များ အလယ်ကတည်းက နိုင်ငံ၏မြောက်ပိုင်းနှင့် အရှေ့ပိုင်းဒေသကြီး များစွာ ကို ထိန်းချုပ်ထားသည်။

Al-Sharaa သည် ပြီးခဲ့သည့်လက မော်စကိုတွင် ရုရှားသမ္မတ Vladimir Putin နှင့် တွေ့ဆုံခဲ့ပြီးနောက် Bloomberg သတင်းဌာနက ၂၀၂၄ ခုနှစ် တွင် ရွှေ့ဆိုင်းထားခဲ့သော အနောက်ဆီးရီးယားရှိ Khmeimim လေတပ် စခန်းသို့ ရုရှား၏ ပျံသန်းမှုများ ပြန်လည်စတင်ခဲ့ကြောင်း သတင်း ထုတ်ပြန်ခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂