ထရန်ဂျန်ဒါ တက်ကြွလှုပ်ရှားသူ BBC ဝန်ထမ်းများ သပိတ်မှောက်
BBCသတင်းဌာနတွင် ထရန်ဂျန်ဒါအခွင့်အရေးကို အပြည့်အဝ ထောက်ခံ သည့် တက်ကြွလှုပ်ရှားသူ ဝန်ထမ်းအချို့နှင့် စီမံခန့်ခွဲရေးဘုတ်အဖွဲ့ကြား ပြင်းထန်သော သဘောထားကွဲလွဲမှုများ ပေါ်ပေါက်လျက်ရှိသည်။ အဆိုပါ ပဋိပက္ခသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ မိန့်ခွန်းတစ်ခုကို တည်းဖြတ်ခဲ့မှုဆိုင်ရာ ပြဿနာကြောင့် အကြီးတန်းအရာရှိများ နုတ်ထွက်မှု မှ စတင်ခဲ့သည်။
ဒေါ်နယ်ထရမ့်သည် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့က အမေရိကန် ကွန်ဂရက်အဆောက်အဦ၌ မိန့်ခွန်းနှစ်ခုကို တစ်နာရီနီးပါးခြားကာ ပြောကြားခဲ့သော်လည်း ဘီဘီစီက တည်းဖြတ်ပေါင်းစပ်၍ထုတ်လွှင့်ခဲ့မှု ပေါ်ပေါက်လာပြီးနောက် ဝေဖန်မှုများမြင့်တက်လာကာ ညွှန်ကြားရေးမှူးချုပ် Tim Davie နှင့် အမှုဆောင်အရာရှိချုပ် Deborah Turness တို့ နုတ်ထွက် ခဲ့ကြောင်း BBC က တနင်္ဂနွေနေ့ (နိုဝင်ဘာ ၉) တွင် ကြေညာခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နိုဝင်ဘာ ၁၄ ရက်မတိုင်မီ အပြည့် အဝ ပြန်လည်ရုပ်သိမ်းခြင်းမပြုပါက BBC အား ဒေါ်လာ ၁ ဘီလီယံ လျော်ကြေးပေးဆောင်ရန် တရားစွဲမည်ဟု ခြိမ်းခြောက်ထားသည်။
နိုဝင်ဘာ ၁၀ ရက်နေ့တွင် လွှတ်တော်သို့ ပေးပို့ခဲ့သည့် စာတွင် BBC ဘုတ်အဖွဲ့ ဥက္ကဋ္ဌ Samir Shah က "မိန့်ခွန်းကို တည်းဖြတ်ခဲ့သည့် နည်းလမ်းသည် အကြမ်းဖက်လုပ်ရပ်အတွက် တိုက်ရိုက် တောင်းဆိုမှုတစ်ခုအဖြစ် ထင်မြင်ယူဆစရာ ဖြစ်စေခဲ့သည်" ဟု ဝန်ခံခဲ့သည်။
Daily Mail သတင်းစာ၏ ဖော်ပြချက်အရ အဆိုပါပြဿနာသည် ဘီဘီစီ အတွင်း "အကြမ်းဖက်ပဋိပက္ခ" ကို ဖြစ်ပေါ်စေခဲ့ပြီး ထရန်ဂျန်ဒါ အခွင့်အရေး ကို အပြည့်အဝထောက်ခံသည့် တက်ကြွလှုပ်ရှားသူ ဝန်ထမ်းအချို့သည် ၎င်းတို့၏အမှားကို ဝန်ခံလိုက်သည့်အတွက် ဘုတ်အဖွဲ့ကို ဆန့်ကျင် နေကြသည်။
အမည်မဖော်လိုသော ထင်ရှားသည့် တီဗွီအစီအစဉ် တင်ဆက်သူ တစ်ဦး က Davie နှင့် Turness တို့၏ ရာထူးသက်တမ်းအတွင်း BBC ကြုံတွေ့ ခဲ့ရသော အရှုပ်တော်ပုံများစွာကို ထည့်သွင်းစဉ်းစားလျှင် ၎င်းတို့ကို ဆောလျင်စွာ ရာထူးမှမထုတ်ပယ်ခဲ့ခြင်းကို အံ့အားသင့်မိကြောင်း ပြောကြား ခဲ့သည်။
အတွင်းသတင်းအရင်းအမြစ်များအရ BBC သည် လွန်ခဲ့သော နှစ် အနည်းငယ်အတွင်း လူနည်းစု၏ စီးပွားရေးအရ လွှမ်းမိုးမှုခံလာရပြီး ထရန်ဂျန်ဒါပြဿနာများနှင့် ဂါဇာပဋိပက္ခကိစ္စရပ်များကို တစ်ဖက်သတ် ဆန်သော သတင်းတင်ပြမှုများဖြင့် လှုပ်ရှားမှုအရှိန်မြင့်စေမည့် လမ်းကြောင်း သို့ ဦးတည်သွားခဲ့ကြောင်း ထောက်ပြခဲ့သည်။ Davie နှင့် Turness နှစ်ဦးစလုံးသည် BBC တွင် ဘက်လိုက်မှုကို ကိုင်တွယ်ဖြေရှင်းရန် "ပျက်ကွက်ခဲ့သည်" ဟု ၎င်းတို့၏သတင်းရင်းမြစ်ကို ကိုးကား၍ Daily Mail က ဖော်ပြခဲ့သည်။
BBC သည် ယခုနှစ်အစောပိုင်းတွင် ထုတ်လွှင့်ခဲ့သော ဂါဇာ မှတ်တမ်း ရုပ်ရှင်၏ အချို့သောအပိုင်းများကို ဟားမက်အရာရှိတစ်ဦး၏သားက ပြောပြခဲ့ကြောင်း ထုတ်ဖော်ရန်ပျက်ကွက်ခြင်းဖြင့် သတင်းစာ ကျင့်ဝတ် ကို ချိုးဖောက်ခဲ့သည်ကို တွေ့ရှိခဲ့ရသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
