တရုတ်သမ္မတက ထိုင်းဘုရင်ကို အခမ်းအနားဖြင့်ကြိုဆို ၊ နှစ်နိုင်ငံဆက်ဆံရေးက ဆွေမျိုးကောင်း၊ မိတ်ဆွေကောင်းဟုပြော
တရုတ်သမ္မတ ရှီကျင့်ဖျင်က တရုတ်နိုင်ငံသို့ချစ်ကြည်ရေးခရီး လာရောက်သောထိုင်းနိုင်ငံဘုရင် မဟာဝဇီရာလောင်ကွန်းကို အခမ်းအနားဖြင့်ကြိုဆိုကြောင်းနှင့် နှစ်နိုင်ငံကြားဆက်ဆံရေးသည် ဆွေမျိုးကောင်း၊ မိတ်ဆွေကောင်းနှင့် မိတ်ဖက်ကောင်းအဖြစ် တည်ရှိနေသည်ဟု ရှီကျင့်ဖျင်ကပြောသည်။
တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ကြား သံတမန်ဆက်ဆံရေး နှစ်(၅၀)ပြည့် အထိမ်းအမှတ်အဖြစ် ထိုင်းဘုရင်က တရုတ်နိုင်ငံသို့ နိုဝင်ဘာလ ၁၄ ရက်တွင် ချစ်ကြည်ရေး ခရီးလာရောက်ခြင်းဖြစ်သည်။ ယခုခရီးစဉ်သည် ထိုင်းဘုရင်တစ်ပါး၏ ပထမဆုံးသော တရုတ်နိုင်ငံသို့ ခရီးစဉ်လည်းဖြစ်သည်။
ထို့နောက် တရုတ်နိုင်ငံအနေဖြင့် ထိုင်းနိုင်ငံမှ လယ်ယာထွက်ကုန်ပစ္စည်းများကို ပိုမိုတင်သွင်းသွားမည်ဖြစ်ကြောင်း၊မီးရထားလမ်းဖွံ့ဖြိုးတိုးတက်ရေး၊ ဉာဏ်ရည်တုနည်းပညာနှင့် လေကြောင်းအာကာသနည်းပညာတို့ကဲ့သို့သော နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွားမည်ဖြစ်ကြောင်း ရှီကျင့်ဖျင်ကပြောသည်။
အလားတူ ထိုင်းနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကို ညီရင်းအစ်ကိုပူးပေါင်း ဆောင်ရွက်မှုအဖြစ် သတ်မှတ်ထားကြောင်းနှင့် နယ်ပယ်အသီးသီးတွင် ဖလှယ်မှုများကို ပိုမိုတိုးမြှင့်သွားမည်ဖြစ်ကြောင်း ထိုင်းဘုရင်ကပြောသည်ဟု သိရသည်။
MWD
