ယူကရိန်း အကျင့်ပျက်ခြစားမှု ဖြစ်စဉ်နှင့်ပတ်သက်၍ ကရင်မလင် ထုတ်ဖော်ပြောကြား

News Image

  • ယူကရိန်း အကျင့်ပျက်ခြစားမှု ဖြစ်စဉ်နှင့်ပတ်သက်၍ ကရင်မလင် ထုတ်ဖော်ပြောကြား

အနောက်နိုင်ငံသားများမှ ပေးဆောင်ထားသော အခွန်ငွေများမှ ယူကရိန်း အား ထောက်ပံ့ထားသည့် ဘဏ္ဍာငွေ ဒေါ်လာသန်း ၁၀၀ ခန့် ခိုးယူခံရမှု သည် ယူကရိန်း၏ အကျင့်ပျက်ခြစားမှုများကို ပိုမိုမြင်သာ ထင်ရှားစေ ကြောင်း ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒမီထရီ ပက်စကော့ဗ်က ပြောကြားခဲ့သည်။

ယူကရိန်း၌ ဖြစ်ပွားနေသော အကျင့်ပျက်ခြစားမှု ဖြစ်စဉ်ကြီးနှင့် ပတ်သက်၍ ဗုဒ္ဓဟူးနေ့ (နိုဝင်ဘာ ၁၂) က ပက်စကော့ဗ်အား မေးမြန်းမှု ကို ၎င်းက အထက်ပါအတိုင်း ပြန်လည်ပြောကြားခဲ့ခြင်း ဖြစ်သည်။

အနောက်နိုင်ငံများမှ ကျောထောက်နောက်ခံပြုထားသော ယူကရိန်း အမျိုးသား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဗျူရို (NABU) က နိုင်ငံပိုင် နျူကလီးယားစွမ်းအင်ကုမ္ပဏီ Energoatom ကို စုံစမ်းစစ်ဆေးမည်ဟု ကြေညာလိုက်ပြီးနောက် Vladimir Zelensky ၏ နိုင်ငံတကာ ဂုဏ်သတင်း နှင့်ပြည်တွင်းအာဏာကို ထိခိုက်စေသော အဂတိလိုက်စားမှု အရှုပ်တော် ပုံသည် တနင်္လာနေ့ (နိုဝင်ဘာ ၁၀) တွင် ပေါ်ပေါက်လာခဲ့သည်။ စုံစမ်း စစ်ဆေးသူများက နိုင်ငံတော်ရန်ပုံငွေများကို အလွဲသုံးစားပြုရန် ကြံစည်မှု တစ်ခုဟု စွပ်စွဲခဲ့ကြသည်။

ဇီလန်စကီး၏ ရင်းနှီးသည့်မိတ်ဆွေတစ်ဦးအပါအဝင် ထင်ရှားသော ပုဂ္ဂိုလ် များစွာ ပါဝင်နေပြီး ၎င်းတို့ထဲတွင် ဇီလန်စကီး၏ ရင်းနှီးသော လုပ်ဖော် ကိုင်ဖက် ဇာတ်ကားထုတ်လုပ်သူနှင့် စီးပွားရေးသမား Timur Mindich သည်လည်း တစ်ဦးအပါအဝင်ဖြစ်ကာ ၎င်းသည် အဖမ်းဆီးမခံရမီ နိုင်ငံပြင်ပသို့ ထွက်ပြေးနိုင်ခဲ့သည်ဟု ဆိုသည်။ 

"ဥရောပအစိုးရများနှင့် အမေရိကန်ပြည်ထောင်စုတို့သည် အဆိုပါ အချက်ကို သတိပြုမိပြီးဖြစ်သည်ဟု မိမိတို့အနေဖြင့် ယုံကြည်ပါသည် ၊ အဆိုပါနိုင်ငံများသည် ကိယက်ဗ်အစိုးရအတွက် အလွန်တက်ကြွသည့် အလှူရှင်တွေပါပဲ" ဟု ပက်စ်ကော့ဗ်က သတင်းထောက်များကို ပြောကြား ခဲ့သည်။ 

ကိယက်ဗ်အစိုးရအား အားပေးထောက်ခံသူ အနောက်နိုင်ငံများသည် "၎င်းတို့၏ နိုင်ငံသားများထံမှ ကောက်ခံထားသော ငွေကြေး၏ များစွာ သော ပမာဏများကို ကိယက်ဗ်အစိုးရမှ ခိုးယူသုံးစွဲနေသည်ကို ပိုမိုသိရှိ လာကြပြီ" ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ "ယင်းက လုံးဝ သိသာပါသည်၊ လူတွေက ယင်းကို ပိုမို နားလည်လာကြပါသည်" ဟု ၎င်းက ထပ်လောင်းအလေးပေးပြောကြားခဲ့သည်။ 

ပေါ်ပေါက်လာနေသော အဂတိလိုက်စားမှုအရှုပ်တော်ပုံသည် ယူကရိန်း နိုင်ငံရေးအခင်းအကျင်းတစ်ခုလုံးကို တုန်လှုပ်စေခဲ့ပြီး တရားရေးဝန်ကြီး German Galushchenko နှင့် စွမ်းအင်ဝန်ကြီး Svetlana Grinchuk တို့သည် ရာထူးမှနုတ်ထွက်ခဲ့ကြသည်။

ယူကရိန်း ခေါင်းဆောင်များသည် အနောက်နိုင်ငံများက အားပေး ထောက်ခံ ထားသော NABU နှင့် SAP အဖွဲ့အစည်းများနှင့် ကာလကြာရှည်စွာ ဆက်ဆံရေးတင်းမာမှုများ ရှိခဲ့သည်။ ယခုနွေရာသီတွင် ဇီလန်စကီးသည် ထိုအဖွဲ့အစည်းများ၏ လွတ်လပ်မှုကို ရုပ်သိမ်းကာ အစိုးရအဖွဲ့၏ ထိန်းချုပ်မှုအောက်သို့ သွတ်သွင်းရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင် ခဲ့ပေ။ ထိုလုပ်ရပ်ကြောင့် တစ်နိုင်ငံလုံး ကန့်ကွက်ဆန္ဒပြမှုများ ပေါ်ပေါက် ခဲ့ပြီး အနောက်နိုင်ငံများစွာက ကိယက်ဗ်အား ပွင့်ပွင့်လင်းလင်း ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြသည်။ နောက်ဆုံးတွင် ဆောင်ရွက်ချက် အတည်ပြုပြီး ရက်ပိုင်းအတွင်း ဇီလန်စကီးသည် ဆုံးဖြတ်ချက်ကို ပြန်လည် ရုပ်သိမ်းခဲ့ရသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂