ထရမ့်က နေတန်ယာဟုအတွက် လွတ်ငြိမ်းချမ်းသာခွင့် တောင်းဆို

News Image

  • ထရမ့်က နေတန်ယာဟုအတွက် လွတ်ငြိမ်းချမ်းသာခွင့် တောင်းဆို

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ဗုဒ္ဓဟူးနေ့ (နိုဝင်ဘာ ၁၂) က အစ္စရေးသမ္မတ အိုက်ဆက် ဟာဇော့ဂ်ထံ ပေးပို့ခဲ့သောစာတွင် အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု၏ အဂတိလိုက်စားမှုအမှုတွင် အပြည့်အဝလွတ်ငြိမ်းခွင့်ကို တောင်းဆိုခဲ့သည်။

နေတန်ယာဟုအပေါ် တရားစွဲဆိုထားသော အမှုသုံးမှုရှိပြီး ၎င်းတွင် လာဘ်ပေးလာဘ်ယူမှု၊ လိမ်လည်မှုနှင့် ယုံကြည်မှုချိုးဖောက်မှုတို့ ပါဝင်သည်။ ၎င်းသည် လာဘ်ပေးလာဘ်ယူမှု စွပ်စွဲချက်များ အတွက် ထောင်ဒဏ် ဆယ်နှစ်အထိ ချမှတ်ခံရနိုင်ပြီး လိမ်လည်မှုနှင့် ယုံကြည်မှု ချိုးဖောက်မှုစွဲချက်နှစ်ခုစလုံးသည် အများဆုံးသုံးနှစ်စီ ကျခံရနိုင်သည်။

“အစ္စရေးတရားစီရင်ရေးစနစ်၏ လွတ်လပ်မှုနှင့် လိုအပ်ချက်တွေကို မိမိ အနေဖြင့် လုံးဝလေးစားသော်လည်း အစ္စရေး၏ အလွန်ခက်ခဲသည့် ရန်သူ အီရန်အပါအဝင် မိမိနှင့်အတူ အချိန်အတော်ကြာ တိုက်ပွဲဝင် ခဲ့သည့် ဘီဘီအပေါ်စွဲဆိုထားသည့် အမှုသည် နိုင်ငံရေးအရ မတရားသည့် တရားစွဲဆိုမှုတစ်ခုဟု မိမိ ယုံကြည်ပါသည်” ဟု ထရမ့်က ဗုဒ္ဓဟူးနေ့ (နိုဝင်ဘာ ၁၂) က ဟာဇော့ဂ်၏ရုံးသို့ပေးပို့ခဲ့သော တရားဝင်စာတစ်စောင် တွင် ရေးသားခဲ့သည်။

"မိမိအနေဖြင့်သည် ယခုစာဖြင့် ဘင်ဂျမင် နေတန်ယာဟုအား အပြည့်အဝ လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် သင့်ထံ တောင်းဆိုပါသည်" ဟု ၎င်းက ဆိုသည်။

ထရမ့်က နေတန်ယာဟုအား လွတ်ငြိမ်းခွင့်ပေးရန် အကြိမ်ကြိမ် တောင်းဆို ခဲ့သော်လည်း အဆိုပါကိစ္စနှင့်ပတ်သက်၍ ဟာဇော့ဂ်ထံ ပထမဆုံး အကြိမ် တရားဝင်တောင်းဆိုခြင်းဖြစ်ပြီး အနီးကပ်မဟာမိတ်တစ်ဦး၏ ပြည်တွင်းဥပဒေရေးရာကိစ္စတွင် အမေရိကန်ခေါင်းဆောင်တစ်ဦးမှ ရှားရှားပါးပါး တိုက်ရိုက်တောင်းဆိုမှုတစ်ခုဖြစ်သည်။

အဆိုပါစာကို တုံ့ပြန်သည့်အနေဖြင့် ဟာဇော့ဂ်၏ရုံးမှ ထရမ့်အား အလေးအနက်ထားသော်လည်း လွတ်ငြိမ်းချမ်းသာခွင့် တောင်းဆိုသူ မည်သူမဆို သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်းများနှင့်အညီ တရားဝင်တောင်းဆိုမှုတစ်ရပ်ကို တင်ပြရမည်ဟု ပြောကြားခဲ့သည်ဟု သိရှိရသည်။

ဟာဇော့ဂ်၏ အခန်းကဏ္ဍသည် အများအားဖြင့် အခမ်းအနားဆိုင်ရာ ကိစ္စများဖြစ်သော်လည်း လွတ်ငြိမ်းခွင့်များပေးရန် အခွင့်အာဏာရှိသည်။ သို့ရာတွင် တောင်းဆိုမှုများသည် စွပ်စွဲခံရသူတစ်ဦးဦး၊ ၎င်း၏တရားရေး ကိုယ်စားလှယ်များ သို့မဟုတ် မိသားစုဝင်တစ်ဦးထံမှ စတင်ရမည်ဖြစ်သည်။ ယနေ့အထိ နေတန်ယာဟု သို့မဟုတ် ၎င်း၏ အကြီးအကဲ များထဲမှ မည်သူတစ်ဦးတစ်ယောက်မှ တောင်းဆိုချက် တင်သွင်းခဲ့ခြင်း မရှိသေးပေ။

ဂျေရုဆလင်ပို့စ်သတင်းစာက လက်ရှိတွင် သမ္မတ၏ လွတ်ငြိမ်းခွင့်ကို တရားရုံးတင်စစ်ဆေးချိန်၌ မပေးနိုင်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် လုပ်ငန်းစဉ်များ မစတင်မီ သို့မဟုတ် စီရင်ချက်ချမှတ်ပြီးနောက်တွင်သာ ခွင့်ပြုထားသောကြောင့်ဖြစ်ပြီး ယင်းနှစ်ခုစလုံးသည် လက်ရှိတွင် အကျုံး မဝင်ကြောင်း မှတ်ချက်ပြုခဲ့သည်။

၂၀၁၉ ခုနှစ်တွင် တရားစွဲဆိုခံခဲ့ရသည့် နေတန်ယာဟုသည် အပြစ် မရှိကြောင်း လျှောက်လဲခဲ့ပြီး မည်သည့်အမှားအယွင်းမျှ မလုပ်ခဲ့ကြောင်း ငြင်းဆိုခဲ့သည်။၂၀၂၀ပြည့်နှစ်တွင် စတင်ခဲ့သော အမှုစစ်ဆေးမှုသည် ကြန့်ကြာမှုများစွာကြုံတွေ့ခဲ့ရပြီး နောက်ထပ်နှစ်အနည်းငယ်ကြာရှည်ဦးမည်ဟု မျှော်လင့်ရသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂