စံချိန်တင် ရပ်ဆိုင်းမှုအပြီး အမေရိကန် အစိုးရဌာနများ ပြန်လည်ဖွင့်လှစ်

News Image

  • စံချိန်တင် ရပ်ဆိုင်းမှုအပြီး အမေရိကန် အစိုးရဌာနများ ပြန်လည်ဖွင့်လှစ်

အမေရိကန်အောက်လွှတ်တော်သည် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့အထိ အစိုးရအား ရန်ပုံငွေထောက်ပံ့ရန် ဥပဒေကြမ်းတစ်ရပ်ကို အတည်ပြုခဲ့ပြီး နိုင်ငံ၏သမိုင်းတွင် အရှည်ကြာဆုံး အစိုးရယန္တရားများ ရပ်ဆိုင်းမှုကို အဆုံးသတ်ရန် လမ်းခင်းပေးခဲ့သည်။

NPR သတင်းဌာန၏ ဖော်ပြချက်အရ အဆိုပါဥပဒေကြမ်းကို ၂၂၂ မဲ - ၂၀၉ မဲဖြင့် အတည်ပြုခဲ့ပြီး ဒီမိုကရက်တစ်အမတ် ခြောက်ဦးသည် အမတ် အရေအတွက် အနည်းငယ်သာ သာလွန်သည့် ရီပတ်ပလီကန်အမတ်များ နှင့်အတူ မဲပေးခဲ့ကြောင်း သိရှိရသည်။ ရီပတ်ပလီကန်အမတ် နှစ်ဦးကမူ ယင်းဆုံးဖြတ်ချက်ကို ကန့်ကွက်မဲပေးခဲ့သည်။ ထို့နောက် ဗုဒ္ဓဟူးနေ့ (နိုဝင်ဘာ ၁၂) ညနေပိုင်းတွင် သမ္မတ ဒေါ်နယ်ထရမ့်က ယင်း ဥပဒေကြမ်း ကို လက်မှတ်ရေးထိုးအတည်ပြုကာ ဥပဒေအဖြစ် ပြဋ္ဌာန်းခဲ့သည်။

Affordable Care Act အောက်ရှိ ကျန်းမာရေးအခွန်အခဆိုင်ရာ အကျိုး အမြတ်များနှင့် ပတ်သက်သည့် အချေအတင်ငြင်းခုံမှုတစ်ရပ်ကြောင့်အောက်တိုဘာလ ၁ ရက်နေ့တွင် ဖက်ဒရယ်အစိုးရ ရပ်ဆိုင်းသွားခဲ့ ရခြင်းဖြစ်ပြီး ဒီမိုကရက်များသည် ယင်း ကျန်းမာရေးအခွန်အခဆိုင်ရာ အကျိုးအမြတ်များကို လာမည့်နှစ်အထိ တိုးချဲ့ဆောင်ရွက်ရန် ကြိုးပမ်းခဲ့ ကြသည်။

ဖက်ဒရယ်ဝန်ထမ်းများ အလုပ်ဖြုတ်ခံရမှုများနှင့် လေယာဉ်ခရီးစဉ်မှုများ ပယ်ဖျက်ခံရမှုများ မြင့်တက်လာချိန်တွင် သီတင်းပတ်အတန်ကြာ ပြင်းထန်သော အပြစ်တင်မှုများအပြီး ဆီးနိတ်လွှတ်တော်ရှိ ဒီမိုကရက်တစ် အမတ် ရှစ်ဦးသည် တနင်္လာနေ့ (နိုဝင်ဘာ ၁၀) တွင် ၎င်းတို့၏ပါတီ သဘောထားကို စွန့်လွှတ်ကာ ရီပတ်ပလီကန်များနှင့်အတူ မဲပေးခဲ့ကြပြီး အစိုးရအား ပြန်လည်လည်ပတ်နိုင်ရန် ဆုံးဖြတ်ခဲ့ကြသည်။

ထင်ရှားသော ဒီမိုကရက်အများအပြားက လွှတ်တော်နှစ်ရပ်စလုံးရှိ ၎င်းတို့၏ အမတ်အချို့အား "MAGA အစွန်းရောက်များ" (သမ္မတ ထရမ့် ၏ Make America Great Again လှုပ်ရှားမှုကို ထောက်ခံသူများ) ဘက်မှ ရပ်တည်ခဲ့ကြသည်ဟု ပြစ်တင်ဝေဖန်ခဲ့ကြသည်။ ကယ်လီဖိုးနီးယား ပြည်နယ်မှ အုပ်ချုပ်ရေးမှူး Gavin Newsom က ဒီမိုကရက်ပါတီတွင်း သစ္စာဖောက်မှုခံခဲ့ရသည်ဟု X တွင်ရေးသားခဲ့သည်။

ဒီမိုကရက်တစ်အမတ်များအနက်မှ ဆန့်ကျင်မဲပေးခဲ့သူများသည် ၎င်းတို့၏ လုပ်ရပ်ကို ကာကွယ်ပြောဆိုကာ အလုပ်ဖြုတ်ခံရမှုများသည် သာမန် အမေရိကန်ပြည်သူများကို ထိခိုက်နစ်နာစေနေခြင်းကြောင့် ဖြစ်သည်ဟု တုံ့ပြန်ခဲ့ကြသည်။

ကိုယ်စားလှယ်များလွှတ်တော်တွင် မဲပေးခြင်းမပြုမီ ၎င်းတို့၏ပါတီ သဘောထားကို စွန့်လွှတ်ခဲ့သည့် အခြားဒီမိုကရက်အမတ် Marie Gluesenkamp Perez က "ကျန်းမာရေးအာမခံ ပရီမီယံများကို ရပ်တန့်ရန် တိုက်ပွဲသည် ဆာလောင်မွန် သိပ်နေသော အမေရိကန်များ ကို ဓားစာခံအဖြစ် လုပ်ဆောင်စေခြင်းဖြင့် အနိုင်ရမည်မဟုတ်" ဟု ပြောကြား ခဲ့သည်။

ရက်ပေါင်း ၄၀ ကျော်ကြာ အနှောင့်အယှက်ဖြစ်စေမှုအတွက် ဒီမိုကရက် များကို အပြစ်တင်ခဲ့သော ထရမ့်က အစိုးရပြန်လည်ဖွင့်လှစ်ရန်ဥပဒေကြမ်း ကို လက်မှတ်ရေးထိုးစဉ် ရပ်ဆိုင်းမှုသည် ဒီမိုကရက်တို့ကို “အလွန်ဆိုးရွားသောပုံပေါက်စေသည်” ဟု ပြောကြားခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂