မလေးရှားက အသက် ၁၆ နှစ်အောက်များကို လူမှုမီဒီယာ အသုံးပြုမှု တားမြစ်မည်
မလေးရှားနိုင်ငံက အသက် ၁၆ နှစ်နှင့် အောက်ရှိသူများကို လူမှုမီဒီယာ အသုံးပြုမှုတားမြစ်ရန် လုပ်ဆောင်သွားမည်ဖြစ်ပြီး ယင်းတားမြစ်မှုကို ၂၀၂၆ ခုနှစ်တွင် စတင်အသက်သွင်းမည်ဖြစ်ကြောင်း ဆက်သွယ်ရေးဝန်ကြီး ဖာမီဖတ်ဇေကပြောသည်။
အစိုးရအနေဖြင့် ကလေးငယ်များ၏ အွန်လိုင်းလုံခြုံရေး တိုးတက်စေရန် ရည်ရွယ်၍ ယခုအစီအစဉ်ကို အကောင်အထည်ဖော်ခြင်းဖြစ်ကြောင်း၊ လူမှုမီဒီယာပလက်ဖောင်းများသည် ၎င်းတို့၏ပလက်ဖောင်းကို အသုံးပြုသူများအပေါ် စိစစ်မှုများလုပ်ဆောင်သွားမည်ဟု မျှော်လင့်ထားကြောင်း ဆက်သွယ်ရေးဝန်ကြီးက ဆက်ပြောသည်။
မလေးရှားအစိုးရအနေဖြင့် ၂၀၂၆ ခုနှစ်ဇန်နဝါရီလ ၁ ရက်မှစ၍ အွန်လိုင်းလုံခြုံရေး ဥပဒေကို စတင်အကောင်အထည် ဖော်သွားမည်ဖြစ်ပြီး ထိုဥပဒေနှင့်အတူ အသက် ၁၆ နှစ်အောက်ကလေးများကိုပါ လူမှုမီဒီယာ အသုံးပြုမှု တားမြစ်သွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေးဝန်ကြီးက ပြောသည်။
ဩစတြေးလျနိုင်ငံက လူမှုမီဒီယာ အသုံးပြုသူများကို အသက်အရွယ် ကန့်သတ်လိုက်ပြီးနောက် မလေးရှားနိုင်ငံအပါအဝင် အခြားနိုင်ငံများကပါ ဩစတြေးလျ နိုင်ငံကဲ့သို့ လိုက်ပါလုပ်ဆောင်လာခြင်း ဖြစ်ကြောင်း သိရသည်။
MWD
