အမေရိကန်နိုင်ငံရောက် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအနေဖြင့် အမိ နိုင်ငံကို ပြန်လာနိုင်ကြောင်းနှင့် ကြိုဆိုပါကြောင်း အမျိုးသား ကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ပြောကြား
အမေရိကန်နိုင်ငံရောက် မြန်မာနိုင်ငံသူ နိုင်ငံသားများအနေဖြင့် အမိ နိုင်ငံကို ပြန်လာနိုင်ကြောင်းနှင့် ကြိုဆိုပါကြောင်း အမျိုးသား ကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံအစိုးရ၏ မြန်မာနိုင်ငံသားများအပေါ် Temporary Protected Status (TPS) ပေးထားရာမှ ရပ်ဆိုင်းခဲ့ကြောင်း သတင်း ထုတ်ပြန်ခဲ့မှုနှင့် ပတ်သက်၍ မီဒီယာများ၏ မေးမြန်းမှုအပေါ် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြန်လည်ဖြေကြားရာတွင် ထိုသို့ ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
အမေရိကန် ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာန Department of Homeland Security ၏ ထုတ်ပြန်ကြေညာချက်နှင့် အမေရိကန်နိုင်ငံသားနှင့် လူဝင်မှုကြီးကြပ်ရေးအဖွဲ့၏ ထုတ်ပြန်ကြေညာချက်အရ အမေရိကန် နိုင်ငံရောက် မြန်မာနိုင်ငံသားများကို TPS ပေးထားရာမှ ရပ်ဆိုင်း လိုက်သည်ဆိုသည့်သတင်း ကြားသိရကြောင်း၊ ယင်းကိစ္စရပ်နှင့် ပတ်သက်ပြီး လေ့လာကြည့်ရာတွင် TPS ရပ်ဆိုင်းရသည့် အကြောင်းရင်း သည် မြန်မာနိုင်ငံ၏ အခြေအနေတိုးတက်လာမှုကြောင့်ဆိုသည်ကိုပြောဆိုထားသည်ကို တွေ့ရကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြား ခဲ့သည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက "အဆိုပါအချက်များတွင် မြန်မာနိုင်ငံအစိုးရ အနေဖြင့် အရေးပေါ်အခြေအနေက ရုပ်သိမ်းပေးခဲ့မှု၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရန် ဆောင်ရွက်နေမှု၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲပြီး ငြိမ်းချမ်းရေး ဆောင်ရွက်နိုင်မှု၊ မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တည်ငြိမ်လာမှု နှင့် တိုးတက်မှုတို့ကြောင့် TPS အခွင့်အရေးရထားသည့် မြန်မာနိုင်ငံသား များအနေဖြင့် မြန်မာနိုင်ငံကို လုံခြုံစွာ ပြန်နိုင်ပြီဖြစ်ကြောင်း သုံးသပ်ပြီး ရပ်ဆိုင်းခဲ့သည်ဟု သိရပါသည်၊ အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ မိမိတို့ မြန်မာနိုင်ငံအစိုးရအနေဖြင့် အမေရိကန်အစိုးရ၏ ထိုထုတ်ပြန်ချက်သည် အပြုသဘောဆောင်သည့် ထုတ်ပြန်ချက်ဖြစ်သည်ဟု မှတ်ယူပါသည်၊ အမေရိကန်နိုင်ငံရောက် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအနေဖြင့် အမိ နိုင်ငံကို ပြန်လာနိုင်ပါသည်။ ကြိုဆိုပါသည်" ဟုပြောကြားခဲ့သည်။
ထို့ပြင်၂၀၂၁ ခုနှစ် ဧပြီ ၂ ရက်ကတည်းက အကြောင်းအမျိုးမျိုးကြောင့် နေရာဒေသအသီးသီးကို ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက တရားဝင်ကြေညာချက်ထုတ်ပြီး ဖိတ်ခေါ်ခဲ့ကြောင်း၊ ထိုသို့ဖိတ်ခေါ်ရာတွင် လူသတ်မှု၊ မုဒိမ်းမှု စသည့် ပြစ်မှုကြီးများ ကျူးလွန်သူများသည် တရားဥပဒေအရ တရား ရင်ဆိုင် ရမည်ဖြစ်ပြီး ကျန်သူများသည် အထူးသက်ညှာစွာ ဖြေလျှော့ ဆောင်ရွက် ပေးသွားမည်ဟု ကြေညာချက်တွင် ပါခဲ့ပြီးဖြစ်ကြောင်း၊ အဆိုပါ ကြေညာချက်ကြောင့်လည်း ထွက်ပြေးတိမ်းရှောင်သူ အတော်များများ ပြန်လည်ဝင်ရောက်ခဲ့ပြီး ၎င်းတို့အနေဖြင့်လည်း မြန်မာနိုင်ငံအတွင်း၌ကောင်းမွန်စွာ နေထိုင်လျက်ရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြား ခဲ့သည်။
ထို့အတူ၂၀၂၅ ခုနှစ် ဇူလိုင် ၄ ရက်တွင်လည်း ပြည်ထောင်စု အကျိုး အတွက် ဖိတ်ခေါ်ချက်များအရ PDF လက်နက်ကိုင်အုပ်စုများကို တရား ဥပဒေဘောင်အတွင်း ဝင်ရောက်နိုင်ရန် ဖိတ်ခေါ်ခဲ့ကြောင်း၊ ယင်း ဖိတ်ခေါ်ချက်ကြောင့်လည်း PDF လက်နက်ကိုင်အဖွဲ့ဝင် ရာပေါင်း များစွာ တရားဥပဒေဘောင်အတွင်း ဝင်ရောက်ခဲ့ပြီးဖြစ်ကြောင်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ဆိုသည်။
ယင်းအပြင် မိမိနိုင်ငံတွင် ရွေးကောက်ပွဲကျင်းပတော့မည် ဖြစ်သည့် အတွက် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် ကမ်းလှမ်းချက် ကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၆ ရက်တွင်လည်း ထုတ်ပြန်ပြီး ဖိတ်ခေါ် ခဲ့ကြောင်း၊ ယခု မိမိတို့နိုင်ငံတွင် မကြာမီအချိန်အတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပမည်ဖြစ်ကြောင်း၊ အမေရိကန် ရောက် မြန်မာနိုင်ငံသားများအနေဖြင့် မြန်မာနိုင်ငံကို ပြန်လာပြီး အထွေထွေ ရွေးကောက်ပွဲတွင် မဲပေးနိုင်ကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်တည်ဆောက်ရေးတွင် ပါဝင်နိုင်ရန် လက်ကမ်းကြိုဆိုကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သည်။
ကိုးကား- Eleven Media Group
