စင်ကာပူတွင် မူးယစ်ဆေးဝါးပြစ်မှုများဖြင့် နှစ်ရက်အတွင်း အမျိုးသား သုံးဦးကို ကွပ်မျက်

News Image

  • စင်ကာပူတွင် မူးယစ်ဆေးဝါးပြစ်မှုများဖြင့် နှစ်ရက်အတွင်း အမျိုးသား သုံးဦးကို ကွပ်မျက်

စင်ကာပူနိုင်ငံတွင် လွန်ခဲ့သည့်သီတင်းပတ်အတွင်း မူးယစ်ဆေးဝါးပြစ်မှု များဖြင့် အမျိုးသားသုံးဦးကို ကြိုးပေးကွပ်မျက်ခဲ့ရာ ယခုနှစ်အတွင်း ကွပ်မျက်ခံရသူ စုစုပေါင်း ၁၇ ဦး အထိရှိလာပြီး ၂၀၀၃ ခုနှစ်နောက်ပိုင်း အများဆုံး ကွပ်မျက်ခံရသည့် နှစ်တစ်နှစ် ဖြစ်လာသည်။

စင်ကာပူသည် ကမ္ဘာပေါ်တွင် အပြင်းထန်ဆုံး မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဥပဒေအချို့ရှိရာနိုင်ငံဖြစ်ပြီး ယင်းသို့အပြစ်ပေးခြင်းက အရှေ့တောင် အာရှ၏ ကြီးမားသော ပြဿနာဖြစ်နေသည့် မူးယစ်ရာဇဝတ်မှုအတွက် မရှိမဖြစ်တားဆီးကာကွယ်မှုဟု စင်ကာပူအစိုးရက ဆိုသည်။

စင်ကာပူနိုင်ငံတွင် ဘိန်းဖြူ ၁၅ ဂရမ်၊ ကိုကင်း ၃၀ ဂရမ်၊ မက်သာဖက် တမင်း ၂၅၀ ဂရမ် ၊ ဆေးခြောက် ၅၀၀ ဂရမ်ထက် ပို၍ရောင်းချခြင်း၊ ဖြန့်ဖြူးခြင်း၊ သယ်ယူပို့ဆောင်ခြင်း အပါအဝင် မူးယစ်ဆေးဝါး မှောင်ခိုမှု ဖြင့် ပြစ်ဒဏ်ချမှတ်ခံရသူ မည်သူမဆို သေဒဏ်ချမှတ် ခံရမည် ဖြစ်သည်။

စင်ကာပူလူ့အခွင့်အရေး Transformative Justice Collective က စင်ကာပူ၏ ရက်စက်ကြမ်းကြုတ်သည့် မူးယစ်ဆေးတိုက်ဖျက်ရေး စနစ် ကဲ့သို့ ပြင်းထန်သည့်စနစ်ကို ကမ္ဘာ့စင်မြင့်ထက်တွင် များစွာ မတွေ့ရ တော့ကြောင်း ရှုတ်ချထားကာ မူးယစ်ဆေးဝါးပြစ်မှုများအတွက် ကွပ်မျက် သည့်နည်းကို ဆက်လက်ကျင့်သုံးသည့် နိုင်ငံအနည်းငယ်သာ ရှိတော့ကြောင်း ထောက်ပြခဲ့သည်။

စင်ကာပူအစိုးရကလည်း သေဒဏ်ကိုဖယ်ရှားလိုက်ပါက ပိုမိုဆိုးရွားသော အကျိုးဆက်များဖြစ်သည့် ရာဇဝတ်မှု၊ အကြမ်းဖက်မှု၊ မူးယစ်ဆေးဝါး ကြောင့်ဖြစ်သည့်သေဆုံးမှု၊ အပြစ်မဲ့ကလေးငယ်များသေဆုံးမှု စသည်တို့ ပိုမိုဖြစ်ပေါ်လာနိုင်ကြောင်း သတိပေးပြောဆိုထားသည်။

ယခုကွပ်မျက်ခံရသူသုံးဦးတွင် မလေးရှားနိုင်ငံသား ဆမ်နီနာသန် ဆိုသူ လည်း ပါဝင်ပြီး ၎င်းကအခြားအကျဉ်းသားသုံးဦးနှင့်အတူ စက်တင်ဘာ တွင် သမ္မတထံ လွတ်ငြိမ်းချမ်းသာခွင့် လျှောက်ထားခဲ့သော်လည်း ပယ်ချ ခံခဲ့ရသည်။ စင်ကာပူတွင် ထိုသို့အယူခံဝင်မှုအများစုက ပယ်ချခံရလေ့ ရှိသည်။

ပို့ဆောင်ရေးယာဉ်မောင်း ဆာမီနာသန်သည် ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်ညပိုင်းက မလေးရှားမှ စင်ကာပူသို့ ဘိန်းဖြူ ၃၀၁ ဒသမ ၆ ဂရမ် သယ်ယူပို့ဆောင်ခဲ့မှုဖြင့် ပြစ်မှုထင်ရှားခဲ့ကာ ၎င်းကမူ ထိုနေ့အစောပိုင်း တွင် ကုမ္ပဏီနောက်တွဲယာဉ်ကို မောင်းနှင်ခဲ့သည်မှာ မှန်သော်လည်း မူးယစ်ဆေးဝါးများကို စင်ကာပူသို့သယ်လာချိန် ကားမောင်းခဲ့သူက ၎င်း မဟုတ်ကြောင်း၊ ထိုကားကိုမောင်းသည့် အခြားယာဉ်မောင်းများလည်း ရှိကြောင်း ငြင်းဆိုခဲ့သည်။

စင်ကာပူတွင် လူသတ်မှုနှင့် ပြန်ပေးဆွဲမှုကဲ့သို့ ပြစ်မှုများအတွက်လည်း သေဒဏ်ချမှတ်လေ့ရှိသည်။ သို့သော်မူးယစ်ဆေးနှင့် ပတ်သက်သည့် ရာဇဝတ်မှုများအတွက် သေဒဏ်ပေးခံရခြင်းက ဝေဖန်မှုအများဆုံး ဖြစ်သည်။ ဝေဖန်သူများ အဓိကထောက်ပြသည့်အချက်မှာ အောက်ခြေပိုင်း မူးယစ် မှောင်ခိုလုပ်သူများကိုသာ ဖမ်းဆီးအပြစ်ပေးပြီး နောက်ကွယ်မှ ဦးဆောင် နေသူများကို အရေးယူခြင်းမရှိဆိုသည့် အချက်ဖြစ်သည်။

စင်ကာပူဆိုင်ရာ ဥရောပသမဂ္ဂကိုယ်စားလှယ်အဖွဲ့က "မူးယစ်ဆေးဝါး ပြစ်မှုတွေအတွက် သေဒဏ်ချမှတ်ခြင်းသည် နိုင်ငံတကာဥပဒေနှင့် မကိုက်ညီပါ။ အဘယ်ကြောင့်ဆိုပါက မူးယစ်ဆေးမှုသည် အပြင်းထန် ဆုံး ရာဇဝတ်မှုတွေလောက် မဆိုးဘူး"ဟု ကြေညာချက်ထုတ်ခဲ့သည်။ သို့သော် စင်ကာပူအစိုးရက သေဒဏ်ပေးမှုစနစ်ကြောင့်သာ စင်ကာပူ သည် ကမ္ဘာပေါ်တွင် အလုံခြုံဆုံးနေရာများထဲမှ တစ်ခု ဖြစ်လာခဲ့သည်ဟု တုံ့ပြန်ထားသည်။

ကိုးကား- Eleven Media Group