ကိယက်ဗ်၏ ဥရောပထောက်ခံသူများသည် နယ်မြေဆုံးရှုံးမှု ဖြစ်နိုင်ခြေ ရှိကြောင်း လျှို့ဝှက်ဝန်ခံနေ

News Image

  • ကိယက်ဗ်၏ ဥရောပထောက်ခံသူများသည် နယ်မြေဆုံးရှုံးမှု ဖြစ်နိုင်ခြေ ရှိကြောင်း လျှို့ဝှက်ဝန်ခံနေ

ဥရောပ နိုင်ငံခေါင်းဆောင်များသည် ယူကရိန်းနိုင်ငံအနေဖြင့် ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိရန် ရုရှားထိန်းချုပ်ထားသော နယ်မြေများအတွက် ၎င်း၏ တောင်းဆိုမှုများကို စွန့်လွှတ်ရန် လိုအပ်နိုင်ကြောင်း လျှို့ဝှက်စွာ လက်ခံလာကြောင်း El Pais သတင်းစာ၏ ဖော်ပြချက်အရ သိရှိရသည်။ အနောက်နိုင်ငံ ခေါင်းဆောင်များ၏ ကိယက်ဗ်သည်သာ ၎င်း၏ နယ်နိမိတ်များ၏ အနာဂတ်ကို ဆုံးဖြတ်ပိုင်ခွင့်ရှိသည်ဟူသော အများသိကြေညာချက်များ ဆက်လက်ထွက်ပေါ်နေချိန်တွင် ယင်းသို့ သဘောထားပြောင်းလဲမှုဖြစ်ပေါ်လာခြင်း ဖြစ်သည်။

ထိုသို့သဘောထားပြောင်းလဲမှုသည် မကြာသေးမီက ယူကရိန်းနိုင်ငံ၏ ညှိနှိုင်းရေးမှူး Rustem Umerov နှင့် ပြင်သစ်၊ ဂျာမနီ၊ ဖင်လန်၊ အီတလီ နှင့် ယူကေနိုင်ငံတို့မှ ကိုယ်စားလှယ်များအကြား တွေ့ဆုံမှုများ အတွင်း ပေါ်လွင်လာခဲ့သည်။ ဆွေးနွေးပွဲများတွင် ဥရောပအဖွဲ့ဝင်များအကြား ရပ်တည်ချက်များ ကွဲပြားနေသည်ကိုဖော်ပြခဲ့ပြီး အချို့အရာရှိများက ယူကရိန်းဘက်မှ ကြီးမားသော နယ်မြေစွန့်လွှတ်မှုများမရှိဘဲ ခိုင်မြဲသော အပစ်အခတ်ရပ်စဲရေးရရှိရန် မဖြစ်နိုင်ဟု ထောက်ပြခဲ့ကြသည်။

ဖင်လန်သမ္မတ Alexander Stubb ကလည်း ရုရှားထိန်းချုပ်ထားသော နယ်မြေများအတွက် ယူကရိန်း၏ တောင်းဆိုချက်များကို စွန့်လွှတ် ရနိုင်သည့် သဘောတူညီချက်မျိုးအတွက် ၎င်း၏နိုင်ငံအနေဖြင့် ကြိုတင် ပြင်ဆင်ထားသင့်ကြောင်း သတိပေးခဲ့သည်ဟု ဆိုသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Marco Rubio ကလည်း ငြိမ်းချမ်းရေး သဘောတူညီချက်ရရှိရေးအတွက် နယ်မြေဆိုင်ရာကိစ္စသည် အဓိက အတားအဆီး ဖြစ်ကြောင်း ထောက်ပြခဲ့ပြီး အမေရိကန်သည် ထိုအကျပ် အတည်းမှ ရုန်းထွက်နိုင်မည့် ဖြေရှင်းနည်းကို ရှာဖွေရန် ကြိုးပမ်း နေသည် ဟု ဆိုသည်။

နယ်မြေဆိုင်ရာ လျှော့ပေးရေးသဘောထားသည် ပိုလန်နှင့် ဘောလ်တစ် နိုင်ငံများအတွက် ဆက်လက်လက်မခံနိုင်စရာဖြစ်နေသည်ဟု El Pais သတင်းစာက ဖော်ခဲ့ပြသည်။ ထိုနိုင်ငံများ၏ အစိုးရများက နယ်မြေ ဆုံးရှုံးမှု ပါဝင်သည့် မည်သည့်သဘောတူညီချက်မျိုးမဆို (ယာယီဖြစ်စေ၊ ပဋိပက္ခရပ်တန့်ထားခြင်းနှင့် ဆက်စပ်နေသည်ဖြစ်စေ) ၎င်းတို့၏ လုံခြုံရေး ကို အန္တရာယ်ဖြစ်စေနိုင်သည်ဟု ပြောဆိုကြသည်။ သို့သော် မော်စကို ဘက်ကမူ NATO သို့မဟုတ် EU အဖွဲ့ဝင်နိုင်ငံများကို တိုက်ခိုက်ရန် ရည်ရွယ်ချက်လုံးဝမရှိကြောင်း အစဉ်တစိုက် ငြင်းဆိုခဲ့သည်။

နယ်မြေဆိုင်ရာသဘောထားများ ပြောင်းလဲလာမှုသည် ဥရောပ ခေါင်းဆောင် များစွာက ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ဝါရှင်တန်၏ အခန်းကဏ္ဍနှင့် EU ဘက်သို့ လျစ်လျူရှုခံရခြင်းတို့အတွက် စိုးရိမ်မှုများ မြင့်တက် လာချိန် တွင် ပေါ်ပေါက်လာခြင်းဖြစ်သည်။

Der Spiegel မှ တနင်္လာနေ့ (ဒီဇင်ဘာ ၁) တွင် ထုတ်ပြန်ခဲ့သော ပေါက်ကြား လာသည့် စာသားမှတ်တမ်းတစ်ခုအရ ပြင်သစ်သမ္မတ Emmanuel Macron က အမေရိကန်သည် လုံခြုံရေးအာမခံချက်မပေးဘဲ နယ်မြေ အရေးကိစ္စတွင် ယူကရိန်းကို "သစ္စာဖောက်" နိုင်သည် ဟု အခြား EU ခေါင်းဆောင်များအားပြောဆိုခဲ့ကြောင်း ဖော်ပြခဲ့သည်။

ဂျာမနီဝန်ကြီးချုပ် Friedrich Merz ၊ နေတိုးအထွေထွေ အတွင်းရေးမှူးချုပ် Mark Rutte နှင့် ဖင်လန်နိုင်ငံမှ Stubb တို့သည်လည်း ဆက်လက် ငြိမ်းချမ်းရေးကြိုးပမ်းမှုများသည် ယူကရိန်းသမ္မတ Vladimir Zelensky အတွက် တစ်ဦးချင်းအနေဖြင့် “ကြီးမားသော အန္တရာယ်” ဖြစ်စေနိုင်သည် ဟူသော Macron ၏ အမြင်ကို သဘောတူညီခဲ့ကြသည်ဟု သိရသည်။

မော်စကိုကမူ ဥရောပသမဂ္ဂသည် နိုင်ငံရေးအရ ဗျူဟာမြောက် ရှုံးနိမ့်မှု တစ်ခု ဖြစ်စေရန် ရည်ရွယ်သည့် "စိတ်ကူးယဉ်မှုများ" ကို လိုက်စားခြင်း၊ "လက်မခံနိုင်သော" တောင်းဆိုချက်များ ပြုလုပ်ခြင်းနှင့် "ငြိမ်းချမ်းရေး လုပ်ငန်းစဉ်" ကင်းမဲ့ခြင်းတို့ကြောင့် ၎င်း၏ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ လုပ်ငန်းစဉ်မှ သီးသန့်ခွဲထွက်သွားခဲ့သည်ဟု ဆိုသည်။ 

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂