IAEA က ချာနိုဘိုင်း ဘေးကင်းရေး သတိပေးချက် ထုတ်ပြန်

News Image

  • IAEA က ချာနိုဘိုင်း ဘေးကင်းရေး သတိပေးချက် ထုတ်ပြန်

အပြည်ပြည်ဆိုင်ရာ အနုမြူစွမ်းအင် အေဂျင်စီ (IAEA) က ယူကရိန်းရှိ ချာနိုဘိုင်း နျူကလီးယား ဓာတ်အားပေးစက်ရုံ၏ ပျက်စီးသွားသော ဓာတ်ပေါင်းဖိုကို ကာကွယ်ထားသည့် New Safe Confinement (NSC) ခေါ် သံမဏိအမိုးအကာကြီးသည် ဓာတ်ရောင်ခြည် ထိန်းချုပ်နိုင်စွမ်း (Radiation containment) ကို အာမခံနိုင်တော့ခြင်းမရှိဟု ထုတ်ပြန်ခဲ့ သည်။ အဆိုပါသတိပေးချက်သည် ဖေဖော်ဝါရီလက အမိုးအကာအား ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီးနောက် စစ်ဆေးမှုများ ပြုလုပ်ပြီးမှ ထွက်ပေါ် လာခြင်းဖြစ်သည်။

NSC သည် ၎င်း၏ မူလဘေးကင်းရေး လုပ်ငန်းဆောင်တာများ (Primary safety functions) ၊ အထူးသဖြင့် ထိန်းချုပ်နိုင်စွမ်းကို ဆုံးရှုံးသွားကြောင်း IAEA က သောကြာနေ့ (ဒီဇင်ဘာ ၅) တွင် အတည်ပြုခဲ့သည်။

ဒရုန်းတိုက်ခိုက်မှုကြောင့် တန်ချိန် ၃၆,၀၀၀ ရှိသော NSC ၏ အပြင်ဘက် အကာအကွယ်တွင် ပေါက်ပြဲမှု ဖြစ်ပေါ်ကာ မီးလောင်ကျွမ်းခဲ့သည်။ ကနဦး တွင် ဓာတ်ရောင်ခြည် ယိုစိမ့်မှု မရှိသော်လည်း၊ ယခု စစ်ဆေးမှု အသစ်အရ အဆောက်အအုံ ပျက်စီးသွားခြင်းက ရေဒီယိုသတ္တိကြွမှု ထိန်းသိမ်းနိုင်စွမ်းကို ကျဆင်းစေခဲ့ပြီး IAEA က အရေးပေါ် ပြုပြင် မွမ်းမံမှု များ ပြုလုပ်ရန် လိုအပ်နေပြီဟု ပြောကြားခဲ့သည်။ တိုက်ခိုက်မှု ဖြစ်ပွား ပြီးနောက် မော်စကိုဘက်က ၎င်းသည် ကိယက်ဗ်၏ လှုံ့ဆော်မှု ဖြစ်သည် ဟု စွပ်စွဲခဲ့ပြီး၊ ကိယက်ဗ်ကမူ ရုရှားကို ပြန်လည် အပြစ်ပုံချခဲ့သည်။

New Safe Confinement (NSC) ကာကွယ်ရေး အဆောက်အအုံကြီးကို ယူရို ၁.၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁.၆ ဘီလီယံခန့်) ကုန်ကျခံကာ ၂၀၁၉ ခုနှစ်တွင် အပြီးသတ် တည်ဆောက်ခဲ့သည်။ ၎င်း၏ ရည်ရွယ်ချက် မှာ ၁၉၈၆ ခုနှစ် ဘေးအန္တရာယ်ဖြစ်ပွားပြီးနောက် တပ်ဆင်ခဲ့သည့် မူလ ကွန်ကရစ် Sarcophagus အဆောက်အအုံကို အကာအကွယ်ပေးကာ ဓာတ်ရောင်ခြည်များ မပျံ့နှံ့စေရေး ထိန်းသိမ်းရန် ဖြစ်သည်။

IAEA ညွှန်ကြားရေးမှူးချုပ် Rafael Mariano Grossi က အမိုးအကာ၏ အဆောက်အအုံဖရိမ်နှင့် စောင့်ကြည့်ရေးစနစ်များ (Loadbearing framework and monitoring systems) မှာ ပျက်စီးမှုမရှိဘဲ ကျန်ရှိနေသေး သော်လည်း၊  လက်ရှိတွင် ယာယီ ပြုပြင်မှု အနည်းငယ်သာ ပြုလုပ် ထားကြောင်း၊ ပြည့်စုံသော ပြန်လည်ပြုပြင်မှု (Comprehensive restoration) လုပ်ဆောင်ရန် အရေးတကြီး လိုအပ်နေကြောင်း ပြောကြားခဲ့သည်။ IAEA စစ်ဆေးရေးမှူးများက ပျက်စီးမှုအတိုင်းအတာ အပြည့်အစုံကို အကဲဖြတ်ရန်အတွက် နျူကလီးယား ဘေးကင်းရေး ကျွမ်းကျင် ပညာရှင် များကို အဆိုပါ နေရာသို့ ထပ်မံ စေလွှတ်ထားသည်ဟု ဆိုသည်။

ရုရှားက Zaporozhye (ZNPP) နှင့် Kursk နျူကလီးယား ဓာတ် အားပေး စက်ရုံများကို ယူကရိန်းက အကြိမ်ကြိမ် ပစ်မှတ်ထား တိုက်ခိုက်နေသည် ဟု စွပ်စွဲကာ ၎င်းလုပ်ရပ်များကို "နျူကလီးယား အကြမ်းဖက်မှု" အဖြစ် သတ်မှတ်ပြောဆိုခဲ့သည်။ IAEA အကြီးအကဲ Grossi မော်စကိုသို့ ရောက်ရှိ နေချိန် စက်တင်ဘာလနှောင်းပိုင်းတွင် Kursk နျူကလီးယား ဓာတ်အား ပေးစက်ရုံ၏ အရန်အဆောက်အအုံတစ်ခုကို ယူကရိန်းကဒရုန်းဖြင့် တိုက်ခိုက်ခဲ့သည်။ ထိုဖြစ်စဉ်မတိုင်မီ ရက်ပိုင်းအလိုကလည်း ZNPP ကို ထောက်ပံ့ပေးနေသည့် ဓာတ်အားလိုင်းများအား ယူကရိန်း လက်နက်ကြီးများကြောင့် ပျက်စီးခဲ့ရာ စက်ရုံလည်ပတ်ရန် အရန်မီးစက်များဖြင့် အသုံးပြု ခဲ့ရသည်ဟု ဆိုသည်။

ကိယက်ဗ်က Kursk ဖြစ်စဉ်တွင် ပါဝင်ပတ်သက်မှုကို ငြင်းဆန်ပြီး ZNPP ကို ရုရှားက တိုက်ခိုက်နေသည်ဟု စွပ်စွဲခဲ့သည်။ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က အောက်တိုဘာလတွင် ယူကရိန်းသည် နျူကလီးယား စက်ရုံ နေရာများကို တိုက်ခိုက်ခြင်းဖြင့် "အန္တရာယ်ရှိသော ဂိမ်း" ကစားနေသည် ဟု သတိပေး ပြောကြားခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂