(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ရိုးရာခြင်းလုံးပြိုင်ပွဲနှင့် ကွင်းသွင်းခြင်းခတ်ပြိုင်ပွဲတို့တွင် မြန်မာအမျိုးသား အသင်းနှင့် အမျိုးသမီးအသင်းတို့ ဗိုလ်လုပွဲ တက်ရောက်

News Image

  • (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ရိုးရာခြင်းလုံးပြိုင်ပွဲနှင့် ကွင်းသွင်းခြင်းခတ်ပြိုင်ပွဲတို့တွင် မြန်မာအမျိုးသား အသင်းနှင့် အမျိုးသမီးအသင်းတို့ ဗိုလ်လုပွဲ တက်ရောက်

နေပြည်တော်  ဒီဇင်ဘာ  ၉

     (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ရိုးရာခြင်းလုံး၊ ပိုက်ကျော်ခြင်းနှင့် ခရစ်ကတ်(အမျိုးသား/အမျိုးသမီး)  အသင်းလိုက်   အုပ်စုပတ်လည်ပွဲစဉ်များကို  ယနေ့နံနက်ပိုင်းတွင်  ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ သက်ဆိုင်ရာအားကစားကွင်း/ရုံများ၌ ကျင်းပသည်။

 ယနေ့နံနက်ပိုင်းတွင်  ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Nakhonpathom Sport Center ၌ကျင်းပလျက်ရှိသည့် ရိုးရာခြင်းလုံး အမျိုးသမီးပြိုင်ပွဲ အသင်းလိုက် အုပ်စုပတ်လည်ပွဲစဉ် Linking (Event 3) ပြိုင်ပွဲတွင်မြန်မာအမျိုးသမီးအသင်းမှ    အားကစားသမား မအေးအေးသန့်၊ မသဲသဲ၊ မစုတွယ်တာ၊   မမှုံနံ့သာ၊ မမေဦးခင်၊    မယဉ်မင်းသွယ်၊   မနှင်းအိမ်စည်၊ မခိုင်သဇင်ဖြိုးတို့က လည်းကောင်း၊ မြန်မာအမျိုးသားအသင်းလိုက်  အုပ်စု ပတ်လည်ပွဲစဉ်များအဖြစ် Linking (Event 3) ပြိုင်ပွဲတွင်   မောင်မင်းသစ္စာအောင်၊ မောင်အောင်မြင့်မြတ်၊ မောင်ခန့်ဝင်းဟိန်း၊ မောင်ဝေယံဖြိုး၊ မောင်ရဝေအောင်၊ မောင်ဇော်လင်းမောင်၊ မောင်ဓူဝံကျော်၊ မောင်အောင်ပြည့်ဖြိုးဦးတို့က လည်းကောင်း အသီးသီး  ဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့ရာ ရိုးရာခြင်းလုံး အမျိုးသမီးပြိုင်ပွဲ အသင်းလိုက်အုပ်စုပတ်လည်ပွဲစဉ် Linking (Event 3) ပြိုင်ပွဲတွင် မြန်မာ၊ ထိုင်း၊ မလေးရှားအသင်း လာအိုအသင်းတို့ ယှဉ်ပြိုင်ခတ်ကစားခဲ့ရာ (၃၃)ကြိမ်မြောက်   အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ အမျိုးသမီးခြင်းလုံးပွဲစဉ်ကို လေးနိုင်ငံဝင်ရောက်ယှဉ်ပြိုင်ကြရာ မြန်မာအသင်းက နှစ်ကျော့ပေါင်းရလဒ် (၄၆၁)မှတ်၊   အိမ်ရှင်ထိုင်းအသင်းက (၃၉၄)မှတ်ဖြင့် အသီးသီး ဗိုလ်လုပွဲတက်ရောက်သွားကြသည်။ လာအိုအသင်းက (၃၁၇)မှတ်၊ မလေးရှားက (၁၁၈)မှတ်ဖြင့် ကြေးတံဆိပ်ရရှိမည်ဖြစ်သည်။ ဗိုလ်လုပွဲကို ဒီဇင်ဘာလ(၁၀)ရက်နေ့၊ မြန်မာစံတော်ချိန် နံနက်(၉)နာရီတွင် ကျင်းပသွားမည်ဖြစ်ပြီး မြန်မာအားကစားအဖွဲ့၏  ပွဲဦးထွက်ရွှေတံဆိပ်ကို ခြင်းလုံးအားကစားနည်းမှ ရရှိဖွယ်ရှိနေသည်။

ဆက်လက်ပြီး ရိုးရာခြင်းလုံး အမျိုးသားပြိုင်ပွဲ အသင်းလိုက်အုပ်စုပတ်လည်ပွဲစဉ် Linking (Event 3)  ပြိုင်ပွဲတွင် မြန်မာ၊ ထိုင်း၊ မလေးရှားအသင်း၊ လာအိုအသင်းနှင့် အရှေ့တီမောအသင်းတို့ ယှဉ်ပြိုင်ခတ်ကစားခဲ့ရာ ထိုင်းအသင်းက ရမှတ် ၅၀၁ မှတ်၊ လာအိုအသင်းက ရမှတ် ၄၁၀ မှတ်၊ မြန်မာအသင်းက ရမှတ် ၅၄၅ မှတ်၊  မလေးရှားအသင်းက ရမှတ် ၁၆၇ မှတ် နှင့် အရှေ့တီမောအသင်းက ရမှတ် ၆၈ မှတ်တို့ အသီးသီး ရရှိခဲ့သည့်အတွက် မြန်မာအမျိုးသားအသင်းအနေဖြင့် ရမှတ်အများဆုံး ရရှိထားပြီး ဗိုလ်လုပွဲကို ဒီဇင်ဘာလ(၁၀)ရက်နေ့၊ မြန်မာစံတော်ချိန် နံနက်(၉)နာရီတွင် ကျင်းပသွားမည်ဖြစ်သည်။

ထိုပြင် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ အမျိုးသားကွင်းသွင်းခြင်းလုံးပွဲစဉ်တွင် အိမ်ရှင်အသင်းက ရမှတ်(၉၀၀)၊ မြန်မာအသင်းက (၆၇၀)မှတ်ဖြင့် အသီးသီး ဗိုလ်လုပွဲ တက်ရောက်သွားကြသည်။ ဘရူနိုင်းအသင်းက (၄၈၀)မှတ်၊ တီမောလက်စ်တေက (၁၂၀)မှတ်ဖြင့် ကြေးတံဆိပ်ရရှိမည်ဖြစ်သည်။ ဗိုလ်လုပွဲကို ဒီဇင်ဘာလ(၁၀)ရက်နေ့၊ မြန်မာစံတော်ချိန် နံနက်(၁၁)နာရီ (၅၀)မိနစ်တွင် ကျင်းပသွားမည်ဖြစ်သည်။ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ အမျိုးသမီးကွင်းသွင်း ခြင်းလုံးပွဲစဉ်ကို လေးနိုင်ငံဝင်ရောက်ယှဉ်ပြိုင်ကြရာ အိမ်ရှင်အသင်းက ရမှတ်(၉၇၀)မှတ်၊ မြန်မာအသင်းက (၇၅၀)မှတ်ဖြင့် အသီးသီးဗိုလ်လုပွဲတက်ရောက်သွားကြသည်။ ဖိလစ်ပိုင်အသင်းက (၆၀၀)မှတ်၊ လာအိုက (၃၄၀)မှတ်ဖြင့် ကြေးတံဆိပ်ရရှိမည်ဖြစ်သည်။ ဗိုလ်လုပွဲကို ဒီဇင်ဘာလ(၁၀)ရက်နေ့၊ မြန်မာစံတော်ချိန် နံနက်(၁၀)နာရီခွဲတွင် ကျင်းပသွားမည်ဖြစ်သည်။

အလားတူ ခရစ်ကတ် T10 အမျိုးသမီးပြိုင်ပွဲ အုပ်ပွဲစဉ်များကို ဗန်ကောက်မြို့ရှိ TredThai Cricket Grounds, Asian Institute of Technology ၌ ကျင်းပခဲ့ရာ T10 အမျိုးသမီးပြိုင်ပွဲ ပထမနေ့အုပ်ပွဲစဉ်တွင် မြန်မာအသင်း နှင့် ဖိလစ်ပိုင်အသင်းတို့ ယှဉ်ပြိုင်ခဲ့ရာ မြန်မာအသင်းမှ 10 Overs တွင် ဘောလုံးရိုက်ချက်ပေါင်း ရမှတ် ၉၉ မှတ် ရိုက်နိုင်ခဲ့ပြီး၊ ဖိလစ်ပိုင်အသင်းမှ 10 Overs ပြန်ရိုက်ခဲ့ရာတွင် ရမှတ် ၅၉ မှတ်သာ ရိုက်နိုင်ခဲ့သည့်အတွက် ပြိုင်ပွဲပြီးဆုံးချိန်တွင် မြန်မာအသင်းမှ ဖိလစ်ပိုင်အသင်းကို ရမှတ် ၄၀မှတ် အသာဖြင့် အနိုင်ရရှိခဲ့ပြီး အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ဒီဇင်ဘာလ၁၀ ရက်နေ့၊ မြန်မာစံတော်ချိန် မွန်းလွဲ ၁ နာရီခွဲတွင် မလေးရှားနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

အဆိုပါပြိုင်ပွဲယှဉ်ပြိုင်ကစားနေမှုများအား မြန်မာနိုင်ငံအိုလံပစ် ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   Jeng Phang၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးရဲတင့်၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ မြန်မာအားကစားအဖွဲ့ ခေါင်းဆောင်နှင့် အုပ်ချုပ်မှုအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ  တက်ရောက် ကြည့်ရှုအားပေးခဲ့သည်။

မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်း အသင်းအနေဖြင့် ဆီးဂိမ်းပြိုင်ပွဲတွင် ကစားနည်းအမျိုးအစား(၇)မျိုးဖြစ်သည့် အမျိုးသား ကွင်းသွင်းခြင်းခတ် (Men Hoop)၊ အမျိုးသမီး ကွင်းသွင်းခြင်းခတ် (Women Hoop)၊ အမျိုးသားသုံးယောက်တွဲ (အသင်းလိုက်) ( Men Team Regu)၊  အမျိုးသမီးသုံးယောက်တွဲ (အသင်းလိုက်) (Women Team Regu)၊ အမျိုးသား/အမျိုးသမီး လေးယောက်တွဲ (Mixed Quadrant)၊ အမျိုးသား လေးယောက်တွဲ(Men Quadrant)၊အမျိုးသမီးလေးယောက်တွဲ (Women Quadrant)တို့တွင် ဝင်ရောက်ယှဉ်ပြိုင်နေခြင်း ဖြစ်ကြောင်း သိရသည်။

MWD