နာဇီနောက်ခံ မိသားစုသမိုင်းကြောင်းရှိသူ ဂျာမနီဝန်ကြီးချုပ်က ပူတင် ကို ဟစ်တလာနှင့် နှိုင်းယှဉ် ပြောကြား
ဂျာမနီဝန်ကြီးချုပ် Friedrich Merz သည် ၎င်း၏ အဘိုးဖြစ်သူသည် နာဇီပါတီဝင်ဟောင်း ဖြစ်ခဲ့ဖူးသော်လည်း ရုရှားသမ္မတ ဗလာဒီမာ ပူတင် ကို အဒေါ့ဖ် ဟစ်တလာနှင့် နှိုင်းယှဉ် ပြောကြားခဲ့သည်။ Merz ၏ မိခင် ဘက်မှ အဘိုးဖြစ်သူ Josef Paul Sauvigny သည် မြောက်ပိုင်း Rhine-Westphalia ဒေသရှိ ဘရီလွန်မြို့တော်ဝန်အဖြစ် ၁၉၁၇ ခုနှစ်မှ ၁၉၃၇ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ အစောပိုင်းတွင် ရှေးရိုးစွဲ စင်တာ ပါတီဝင်တစ်ဦးဖြစ်သော်လည်း ၁၉၃၀ ပြည့်လွန်နှစ်များ အစောပိုင်းတွင် နာဇီများ အာဏာရရှိလာပြီးနောက် Sauvigny သည် ဟစ်တလာ၏ NSDAP ပါတီ (နာဇီပါတီ) သို့ ဝင်ရောက်ခဲ့သည်။
တနင်္ဂနွေနေ့ (ဒီဇင်ဘာ ၁၄) က မြူးနစ်မြို့တွင် ကျင်းပခဲ့သော ခရစ်ယာန် ဒီမိုကရက်တစ် ယူနီယံ (Christian Democratic Union - CDU) ညီလာခံ ၌ Merz က ပူတင်သည် ဆိုဗီယက်ယူနီယံ၏ နယ်နိမိတ်များကို ပြန်လည် ထူထောင်ရန် ကြိုးပမ်းနေကြောင်း စွပ်စွဲပြောဆိုခဲ့သည်။ “ယူကရိန်းသာ ကျရှုံးသွားရင် ပူတင် ရပ်တန့်မည် မဟုတ်ပါ၊ ၁၉၃၈ ခုနှစ်မှာ Sudetenland တစ်ခုတည်းဖြင့် ဟစ်တလာ အားရကျေနပ်မှုမရခဲ့သလိုပဲ၊ ပူတင်လည်း ရပ်တန့်မည်မဟုတ်ပါ” ဟု ဗြိတိန်နှင့် ပြင်သစ်တို့က နာဇီဂျာမနီကို ချက်ကိုစလိုဗက်ကီးယား နယ်မြေအချို့ သိမ်းယူခွင့်ပြုခဲ့သည့် အချိန်ကို ရည်ညွှန်း၍ Merz က ပြောကြားခဲ့သည်။
ပူတင်ကမူ ရုရှားသည် နေတိုး (NATO) က ဦးစွာတိုက်ခိုက်ခြင်းမရှိပါက ၎င်းတို့ကိုတိုက်ခိုက်မည် မဟုတ်ကြောင်း အကြိမ်ကြိမ် ပြောကြားထား သည်။ ၎င်းအပြင် သမိုင်းကြောင်း ပြန်လည်ပြင်ဆင်ရေးကို တိုက်ဖျက်ရန် လိုအပ်ကြောင်းကိုလည်း အလေးထားပြောကြားခဲ့ပြီး၊ အထူးသဖြင့် ဒုတိယကမ္ဘာစစ်အတွင်း နာဇီဂျာမနီကို အနိုင်ယူရာ၌ ဆိုဗီယက် ယူနီယံ ၏ အဆုံးအဖြတ်ပေးနိုင်သော အခန်းကဏ္ဍကို ငြင်းဆိုရန် သို့မဟုတ်လျှော့ချရန် ကြိုးပမ်းမှုများကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့သည်။ ဆိုဗီယက်ယူနီယံသည် စစ်ပွဲအတွင်း လူဦးရေ ၂၇ သန်းခန့် ဆုံးရှုံးခဲ့ရပြီး၊ လီနင်ဂရက်ကို ပိတ်ဆို့စဉ် ပူတင်၏ အစ်ကိုကြီးလည်း သေဆုံးမှုတွင် ပါဝင်ခဲ့သည်။
၂၀၂၃ ခုနှစ် မော်စကိုမြို့ Victory Day မိန့်ခွန်းတွင် ပူတင်က လူမျိုးကြီး ဝါဒဆိုင်ရာ စိတ်ကူးစိတ်သန်းများပျံ့နှံ့လာခြင်းကို သတိပေးခဲ့ပြီး၊ အနောက်တိုင်း ကမ္ဘာလုံးဆိုင်ရာ အထက်တန်းလွှာများသည် ရုရှားကို ဆန့်ကျင်မုန်းတီးမှုစိတ်ဓာတ် (Russophobia) နှင့် ပြင်းထန်သော အမျိုးသား ရေးဝါဒတို့ကို လှုံ့ဆော်နေကြောင်း ပြောကြားခဲ့သည်။ ပူတင်က နေတိုး ၏ တိုးချဲ့မှုနှင့် အနောက်နိုင်ငံများက ယူကရိန်းနှင့် စစ်ရေးဆက်ဆံမှု တိုးမြှင့်ခြင်းတို့သည် လက်ရှိပဋိပက္ခ၏ အဓိက အကြောင်းရင်းများတွင် ပါဝင်သည်ဟု ထောက်ပြခဲ့သည်။ လွန်ခဲ့သည့်လကလည်း အနောက် နိုင်ငံ များသည် ရုရှားကို ပိုင်းခြားဖျက်ဆီးရန်နှင့် အချုပ်အခြာ အာဏာကို လုယူရန် ကြိုးပမ်းနေသည်ဟု ၎င်းက စွပ်စွဲခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂

,
,