ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာန၌ “ဘုရင်ဖြစ်မယ့်လက်ညှိုး” စာအုပ် စာဖတ်ဝိုင်းကျင်းပ
ကျောက်ဆည် ဒီဇင်ဘာ ၃၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျောက်ဆည် မြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ပူးပေါင်းပြီး ယမန်နေ့မွန်းလွဲ ၁ နာရီက လူထုအခြေပြု ဗဟို ဌာန၌ စာရေးဆရာ ကောင်းပြည့်သော် ရေးသားသည့် “ဘုရင်ဖြစ်မယ့်လက်ညှိုး” စာအုပ် စာဖတ်ဝိုင်း ကျင်းပ ပြုလုပ်ခဲ့သည်။
စာဖတ်ဝိုင်းတွင် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်တင်တင်ထွေးက “ဘုရင်ဖြစ်မယ့်လက်ညှိုး” စာအုပ်သည် လူငယ်များအနေဖြင့် စနစ်တကျ စဉ်းစား တွေးခေါ် မှုဖြင့် စနစ်တကျ ကြိုးစားအားထုတ်မည်ဆိုပါက နယ်ပယ်တစ်ခုခု၌ ဘုရင်၊ ဘုရင်မ တစ်ပါး ဖြစ်ကြောင်း ရေးသားထားသော စာအုပ်တစ်အုပ်ဖြစ်ကြောင်းနှင့် ကျောက်ဆည်မြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်း ဥက္ကဋ္ဌ ဦးကျော်သန်း၊ မောင်ခိုင်ကျော် (ကျောက်ဆည်) က စာအုပ်တွင် ပါရှိသည့် “မိုးကြိုးပစ်သံကြားရင် ဘယ်လိုနေပါသလဲ၊ ကိုယ့်ကိုယ်ကိုယ် အခွင့်အရေးအဖြစ်အသုံးချပါ၊ ဆုံးဖြတ်ချက်က အဓိက ကျတယ်၊ စံတန်ဖိုး နဲ့ လေးစားထိုက်မှု” စသည့် အကြောင်းများကို ဆွေးနွေးခဲ့သည်။
ထို့နောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ၊ရသ စာအုပ်များနှင့် အရွယ်မရောက်သေးသော ကလေး သူငယ်များ စစ်မှုထမ်းခြင်းမှကာကွယ်ခြင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအန္တရာယ် ကင်းရှင်းရေး၊ ကလေး အလုပ်သမားပပျောက်ရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များကို စိတ် ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်းသိရသည်။
သက်မောင်(ကျောက်ဆည်)
