ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်ခဲ့မှုကြောင့် ရာအိမ်မှူး တစ်ဦးနှင့် အမျိုးသမီး တစ်ဦး သေဆုံးကာ အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာရရှိ

News Image

  • ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်ခဲ့မှုကြောင့် ရာအိမ်မှူး တစ်ဦးနှင့် အမျိုးသမီး တစ်ဦး သေဆုံးကာ အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာရရှိ
     အကြမ်းဖက်အဖွဲ့များဖြစ်သော CRPH နှင့် NUG တို့သည် နိုင်ငံတော်ကြီး အလုံးစုံပျက်သုဉ်းရေး ဦးတည်ချက်များဖြင့် PDF အမည်ခံ အကြမ်းဖက်သမားများကို ဖွဲ့စည်း၍ အချို့သော ဒေသများတွင် မြို့၊ ရွာများအတွင်း ဝင်ရောက်ကာ တိုက်ပွဲဖော်ဆောင်ခြင်း၊ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် အစိုးရဝန်ထမ်းများ၊ သာသနာ့အကျိုးသယ်ပိုးထမ်းဆောင်လျက်ရှိသော ရဟန်းသံဃာများ၊ အေးချမ်းစွာ နေထိုင်လျက်ရှိသော အပြစ်မဲ့ ဒေသခံပြည်သူများအား ခေါင်းစဉ်အမျိုးမျိုးတပ်၍ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခြင်းများ လုပ်ဆောင်လျက်ရှိသည်။
     ထိုသို့လုပ်ဆောင်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၆ ရက် ည ၈ နာရီ ၃၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ လက်ပန်ကျေးရွာနေ ရာအိမ်မှူး ဦးအောင်ကျော်ထွန်း(၄၆)နှစ်သည် ဇနီးဖြစ်သူ ဒေါ်မိုးလေး(၅၂)နှစ်၊ တစ်ရွာတည်းနေ ဦးဖြူကြီး(၄၉)နှစ်တို့နှင့်အတူ နေအိမ်၌ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား ၅၀ ဦးခန့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ် သွားခဲ့သဖြင့် ဦးအောင်ကျော်ထွန်းနှင့် ဒေါ်မိုးလေးတို့တွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ဦးဖြူကြီးတွင် ကျည်ထိမှန် ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး ဇောင်းတူတိုက်နယ် ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
     အထက်ပါဖြစ်စဉ်တွင် လက်နက်ကိုင်အကြမ်းဖက်သမားများသည် ပြည်သူလူထုအကြား အကြောက်တရားများ လွှမ်းမိုးစေရန် ရည်ရွယ်၍ ရာအိမ်မှူး တစ်ဦးနှင့် အပြစ်မဲ့ အရပ်သား ပြည်သူ များအား ဆင်ခြင်တုံတရားကင်းမဲ့စွာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့မှုအပေါ် ဒေသခံ ပြည်သူများက ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့်လည်း ဒေသခံ ပြည်သူများနှင့် ပူးပေါင်း၍ အကြမ်းဖက်သမားများအား အမြန်ဆုံးဖမ်းဆီးဖော်ထုတ်ရမိရေး လုံခြုံရေးလုပ်ငန်းစဉ်များကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
MOHA