မြန်မာအမျိုးသမီးလိဂ် ဘောလုံးပြိုင်ပွဲတွင် သစ္စာအားမာန်အသင်းက ရန်ကုန်ယူနိုက်တက် အသင်းကို ၃ ဂိုး ၁ ဂိုးဖြင့်နိုင်

News Image

  • မြန်မာအမျိုးသမီးလိဂ် ဘောလုံးပြိုင်ပွဲတွင် သစ္စာအားမာန်အသင်းက ရန်ကုန်ယူနိုက်တက် အသင်းကို ၃ ဂိုး ၁ ဂိုးဖြင့်နိုင်

ရန်ကုန်   ဇန်နဝါရီ   ၁၂

     မြန်မာအမျိုးသမီးလိဂ် ၂၀၂၅-၂၀၂၆ ရာသီအမှတ်ပေး ဘောလုံးပြိုင်ပွဲ ပွဲစဉ်(၁၄)၏ပွဲစဉ်တစ်ပွဲဖြစ်သည့်  သစ္စာအားမာန်အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ ပဒုမ္မာကွင်း၌ ယှဉ်ပြိုင်ကစားကြရာ သစ္စာအားမာန်အသင်းက ရန်ကုန်ယူနိုက်တက်အသင်းကို ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိသွားသည်။

သစ္စာအားမာန်အသင်းသည် ပွဲစဉ်(၁၃)အပြီးတွင် ရမှတ် ၂၄ မှတ်ဖြင့် အမှတ်ပေးဇယားအဆင့် သုံးနေရာတွင် ရပ်တည်နေသည့်အသင်းဖြစ်ပြီး ရန်ကုန်ယူနိုက်တက်အသင်းသည် ပွဲစဉ်(၁၃)အပြီး ရမှတ် ၂၃   မှတ်ဖြင့်  အမှတ်ပေးဇယားအဆင့်လေးနေရာတွင် ရပ်တည်နေသည့်အသင်းဖြစ်သည်။

ပထမပိုင်းတွင် နှစ်ဖက်အသင်းတိုက်စစ် ဆင်ကာ သူတစ်ပြန်ကိုယ်တစ်ပြန်ဖြင့် ယှဉ်ပြိုင်ခဲ့ကြပြီး  ပွဲကစားချိန် ၁၇ မိနစ်တွင် ရန်ကုန်ဂိုးဧရိယာအစပ်က ကန်သွင်းသည့်    ပြစ်ဒဏ်ဘောလျှံထွက်မှုကနေ ခင်မိုမိုထွန်းက   သစ္စာအားမာန်အသင်းအတွက် ဦးဆောင်ဂိုးကို သွင်းယူသွားသည်။ 

ထို့အတူ ပွဲကစားချိန် ၂၅ မိနစ်တွင် မြတ်နိုးခင်က သစ္စာအားမာန်အသင်းအတွက် ဒုတိယဂိုးကိုသွင်းယူခဲ့၍  ပထမပိုင်းတွင် သစ္စာ အားမာန်အသင်းက   ၂   ဂိုး  ဂိုးမရှိဖြင့် ဦးဆောင်ကစားခဲ့သည်။ 

ဒုတိယပိုင်းတွင်  ရန်ကုန်ယူနိုက်တက် အသင်းချေပဂိုးရရှိရေး  အကောင်းဆုံးတိုက်စစ်ဆင်ကစားရင်း  ပြစ်ဒဏ်ဘောပယ်နယ်တီကန်ခွင့်ရခဲ့သည်။   ရရှိသည့်ပယ်နယ်တီကို   ဇင်မိုးပြည့်က ကန်သွင်းပြီး  ချေပဂိုးတစ်ဂိုးသွင်းယူနိုင်ခဲ့သည်။ 

လက်ကျန်အချိန်များအား  ရန်ကုန်ယူနိုက်တက် အသင်းချေပဂိုး ထပ်မံရရှိရေးကြိုးစားခဲ့သလို သစ္စာအားမာန်အသင်းကလည်း နောက်ထပ်ဦးဆောင်ဂိုး ရရှိရေး  တန်ပြန်တိုက်စစ်ဆင်ကစားခဲ့ရာ   ပွဲကစားချိန် ၈၈ မိနစ်တွင် မြတ်နိုးခင်က ရန်ကုန်ယူနိုက်တက်ဂိုးသမားနှင့်   တစ်ယောက်ချင်းရင်ဆိုင် သွင်းယူနိုင်ခဲ့၍   သစ္စာအားမာန်အသင်းက  ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိသွားသည်။ 

MWD