ဥရောပသည် မိမိကိုယ်ကိုယ် ဖျက်ဆီးနေကြောင်း ထရမ့် ပြောဆို
ဥရောပနိုင်ငံများသည် မိမိကိုယ်ကိုယ်ဖျက်ဆီးနေခြင်းကို ရပ်တန့်ရန် အတွက် ၎င်းက "ဆိုးရွားလွန်းသည်" ဟု ခေါ်ဆိုခဲ့သော ဆယ်စုနှစ်တစ်ခုစာ ဆုံးဖြတ်ချက်အမှားများကို ပြန်လည်ပြင်ဆင်ရန်လိုအပ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့သည်။ ဗုဒ္ဓဟူးနေ့ (ဇန်နဝါရီ ၂၁) က ဒါးဗို့စ် (Davos) မြို့တွင်ပြုလုပ်သည့် ကမ္ဘာ့ စီးပွားရေး ဖိုရမ်တွင် ထရမ့်က ပြောကြားရာ၌ “အမေရိကန်အနေဖြင့် ဥရောပကို အောင်မြင်စေချင်သော်လည်း လက်ရှိတွင် လမ်းကြောင်းမှန်ပေါ်သို့ ဦးတည်မနေကြောင်း" ဆိုသည်။
ဥရောပနိုင်ငံများ၏ ထိန်းချုပ်မှုမရှိသော ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ မူဝါဒများနှင့် ၎င်းက "အစိမ်းရောင် အလိမ်အညာသစ် (Green New Scam)" ဟု ခေါ်ဆိုသည့် အစိမ်းရောင်စွမ်းအင် (Green Energy) မူဝါဒများ ကိုလည်း ပြစ်တင်ဝေဖန်ခဲ့သည်။ အထူးသဖြင့် လေအားလျှပ်စစ်ကို အလွန်အမင်းအာရုံစိုက်ခြင်းက ဒေသတွင်းစွမ်းအင်စျေးနှုန်းများကို မြင့်တက် စေခဲ့ကြောင်း ၎င်းက ထောက်ပြပြောဆိုခဲ့သည်။
“ထိုကဲ့သို့ ဖျက်ဆီးသလိုဖြစ်နေသည့် မူဝါဒများ၏ နောက်ဆက်တွဲ ရလဒ်တွေက သိသာထင်ရှားပါသည် ၊ ထိုရလဒ်များကတော့ စီးပွားရေး တိုးတက်မှု နှေးကွေးလာခြင်း ၊ လူနေမှုအဆင့်အတန်း နိမ့်ကျလာခြင်း ၊ မွေးဖွားနှုန်း လျော့နည်းလာခြင်း ၊ လူမှုရေးအရ မတည်မငြိမ်ဖြစ်စေသည့် ရွှေ့ပြောင်းအခြေချမှုတွေ များပြားလာခြင်းနှင့် ရန်လိုသည့် ပြည်ပ ရန်သူ များ၏ အန္တရာယ်ကို ပို၍ ရင်ဆိုင်ရလွယ်လာခြင်းမျိုးတွေပဲ ဖြစ်ပါသည်” ဟု ၎င်းက ပြောကြားခဲ့သည်။
ဥရောပနိုင်ငံများသည် လွန်ခဲ့သည့်ဆယ်စုနှစ်အတွင်း ၎င်းတို့ကိုယ်တိုင် ဖန်တီးခဲ့ကြသည့် ယဉ်ကျေးမှုထဲမှ ရုန်းထွက်ရန်လိုအပ်ကြောင်းလည်း ထရမ့်က ဆိုသည်။ “ဥရောပအနေဖြင့် ၎င်းတို့ကိုယ်တိုင် ပြုမူ ဆောင်ရွက် နေသည်များက တကယ်ကို ဆိုးရွားလွန်းပါသည် ၊ ၎င်းတို့ကိုယ်၎င်းတို့ ဖျက်ဆီးနေကြတာပါ ၊ ကျွန်တော်တို့က အင်အားတောင့်တင်းသည့် မဟာမိတ် တွေကိုပဲ လိုချင်တာပါ ၊ အင်အားချည့်နဲ့နေသည့် မဟာမိတ်တွေကို မလို ချင်ပါ” ဟု ၎င်းက ထပ်လောင်းပြောဆိုခဲ့သည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုကလည်း ထရမ့်၏ အဆိုပါပြောကြားချက်များကို X လူမှုကွန်ရက်ပေါ်တွင် ပြန်လည် မျှဝေ ခဲ့ပြီး ဥရောပတိုက်သားများအနေဖြင့် ၎င်းတို့၏ ယဉ်ကျေးမှု ဆိုင်ရာ ဦးတည်ချက်ကို မပြောင်းလဲပါက “၎င်းတို့ကိုယ်၎င်းတို့ ဖျက်ဆီးမိကြ လိမ့်မည်” ဟု ထောက်ခံပြောဆိုခဲ့သည်။
ဒီဇင်ဘာလတွင် ထုတ်ပြန်ခဲ့သည့် ထရမ့်အစိုးရ၏ နောက်ဆုံး အမျိုးသား လုံခြုံရေးမဟာဗျူဟာ (National Security Strategy) စာတမ်းတွင် လည်း ဥရောပသည် “ယဉ်ကျေးမှု ပျောက်ကွယ်ခြင်း (Civilizational Erasure)” ဘေးအန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း သတိပေးထားသည်။အဆိုပါ စာတမ်းတွင် ဥရောပသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများသည် နိုင်ငံရေး လွတ်လပ်ခွင့်နှင့် လွတ်လပ်စွာပြောဆိုခွင့်တို့ကို ထိခိုက်စေရန် ကြိုးပမ်းခြင်းနှင့် ဆိုးကျိုးဖြစ်စေသော ရွှေ့ပြောင်းနေထိုင်မှု ဆိုင်ရာ မူဝါဒ များကို ကျင့်သုံးခြင်းတို့အပေါ် ပြစ်တင်ဝေဖန်ထားသည်။
မော်စကိုကလည်း ဥရောပသမဂ္ဂ၏ဆုတ်ယုတ်လာမှုကို ထပ်တလဲလဲ ထောက်ပြပြောဆိုခဲ့သည်။ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ဆိုဗီယက် ပြည်ထောင်စုပြိုကွဲပြီးနောက် ရုရှားအနေဖြင့် “ယဉ်ကျေးသော အနောက် နိုင်ငံများ မိသားစု” ထံတွင် ကြိုဆိုခြင်းခံရမည်ဟု မျှော်လင့်ခဲ့သော်လည်း “ထိုနေရာတွင် ယဉ်ကျေးမှုဟူ၍ မရှိတော့ဘဲ ယိုယွင်းပျက်စီးမှုများသာ ရှိတော့သည်” ဟု ဒီဇင်ဘာလအတွင်းက ဆိုခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
