တရုတ်ထိပ်တန်း စစ်ဗိုလ်ချုပ်ကြီး Zhang Youxia အား စုံစမ်းစစ်ဆေးမှုများ စတင်နေပြီဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်

News Image

  • တရုတ်ထိပ်တန်း စစ်ဗိုလ်ချုပ်ကြီး Zhang Youxia အား စုံစမ်းစစ်ဆေးမှုများ စတင်နေပြီဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်

တရုတ်နိုင်ငံသည် ၎င်း၏အဆင့်အမြင့်ဆုံး စစ်ဗိုလ်ချုပ်ကြီး Zhang Youxia ကို စုံစမ်းစစ်ဆေးမှုများ စတင်လိုက်ပြီဖြစ်ကြောင်း တရုတ် ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာခဲ့သည်။

စနေနေ့ (ဇန်နဝါရီ ၂၄) တွင် ကာကွယ်ရေးဝန်ကြီးဌာန (MOD) က ထုတ်ပြန်သော ကြေညာချက်အရ ကွန်မြူနစ်ပါတီ ပေါ်လစ်ဗျူရို အဖွဲ့ဝင် နှင့် သမ္မတ ရှီကျင့်ဖျင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် တရုတ်နိုင်ငံ၏ ထိပ်တန်းစစ်ဘက်အဖွဲ့အစည်းဖြစ်သော ဗဟိုစစ်ကော်မရှင် (CMC) ၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ Zhang သည် "စည်းကမ်းနှင့် ဥပဒေကို ပြင်းထန်စွာ ချိုးဖောက်မှုများ" ပြုလုပ်ခဲ့သည်ဟု သံသယရှိခြင်း ခံထားရသည်။ အခြားသော အဆင့်မြင့် စစ်ဘက်အရာရှိတစ်ဦးဖြစ်သည့် CMC အဖွဲ့ဝင် Liu Zhenli ကိုလည်း အလားတူ အကြောင်းပြချက်များဖြင့် စုံစမ်း စစ်ဆေး လျက်ရှိသည်။ 

အသက် ၇၄ နှစ်အရွယ်ရှိ Zhang သည် ၁၉၆၈ ခုနှစ်တွင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) သို့ ဝင်ရောက်ခဲ့ပြီး တရုတ် စစ်ဘက်၏ ထုံးတမ်းစဉ်လာ အငြိမ်းစားယူရမည့် အသက်ထက် ကျော်လွန် သည်အထိ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ 

Wall Street Journal နှင့် The Times အပါအဝင် အနောက်တိုင်း မီဒီယာအချို့ကမူ Zhang သည် တရုတ်နိုင်ငံ၏ နျူကလီးယား အစီအစဉ် နှင့်ပတ်သက်သည့် အချက်အလက်များကို အမေရိကန်ထံ ပေါက်ကြား စေခဲ့ခြင်းနှင့် ရာထူးတိုးမြှင့်မှုများအတွက် လာဘ်ငွေအမြောက်အမြား လက်ခံခဲ့ခြင်းတို့ ရှိနိုင်သည်ဟု ဖော်ပြကြသည်။ ပေကျင်းအစိုးရသည် အဆိုပါစွပ်စွဲချက်များကို အတည်ပြုထားခြင်း မရှိပေ။

နိုင်ငံပိုင် Global Times သတင်းစာက တရုတ်စစ်တပ်၏ ထိပ်တန်း သတင်းစာ ဖြစ်သော PLA Daily တွင် တနင်္ဂနွေနေ့ (ဇန်နဝါရီ ၂၅) က ဖော်ပြခဲ့သည့် အယ်ဒီတာ့အာဘော်တစ်ခုကို ကိုးကား၍ရေးသားရာတွင် အကျင့်ပျက်ခြစားမှုကျူးလွန်ထားသည့် အရာရှိများကို ၎င်းတို့၏ ရာထူး အဆင့်အတန်း မည်သို့ပင်ရှိစေကာမူ "ညှာတာမှုမရှိဘဲ အရေးယူ ဆောင်ရွက်သွားမည်" ဟု ဖော်ပြထားသည်။

၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံ၏ သမ္မတအဖြစ် တတိယသက်တမ်းကို စတင် ခဲ့ကတည်းက ရှီသည် လက်နက်ကိုင်တပ်ဖွဲ့များနှင့် ကွန်မြူနစ်ပါတီ၏ ထိပ်တန်းဆုံးဖြတ်ချက်ချမှတ်ရေးအဖွဲ့ဖြစ်သော ပေါ်လစ်ဗျူရို နှစ်ခုလုံးအတွင်း အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး ကြိုးပမ်းမှုများကို အရှိန် အဟုန်မြှင့် လုပ်ဆောင်ခဲ့သည်။ အကျင့်ပျက်ခြစားမှုသည် နိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်မှုကို ထိခိုက်စေပြီး ပါတီ၏စည်းကမ်းပိုင်းကို အားနည်းစေ သည်ဟု ၎င်းက ငြင်းခုံဆွေးနွေးခဲ့သည်။

သုံးနှစ်တာကာလအတွင်း CMC ဒုတိယဥက္ကဋ္ဌ နှစ်ဦးနှင့် အဖွဲ့ဝင် သုံးဦး၊ ကာကွယ်ရေးဝန်ကြီး တစ်ဦးနှင့် ဗိုလ်ချုပ်ကြီး တစ်ဒါဇင်ကျော်အပါအဝင် ထိပ်တန်းအရာရှိ အများအပြား ရာထူးမှ ထုတ်ပယ်ခြင်း ခံခဲ့ရသည်။

ဇန်နဝါရီလ ၁၂ ရက်နေ့က ပြုလုပ်ခဲ့သော နိုင်ငံ၏ ထိပ်တန်း အဂတိ လိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့ အစည်းအဝေးတွင် ရှီက ပြောကြားရာ၌ CPC ဗဟိုကော်မတီသည် ပါတီ၏ ကျင့်ဝတ်ပိုင်းဆိုင်ရာ တိုးတက် ကောင်းမွန် လာစေရန်နှင့် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးတို့တွင် "ခိုင်မာသော တိုးတက်မှုများ" ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ သို့သော် အခြေအနေ မှာ စိုးရိမ်ဖွယ်ရာနှင့် ရှုပ်ထွေးနေဆဲဖြစ်သည်ဟု ၎င်းက ဆက်လက် ပြောကြားခဲ့ပြီး အကျင့်ပျက်ခြစားသော အရာရှိများအတွက် "ပုန်းခိုစရာ နေရာမရှိစေရ" ဟု သတိပေးခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂