ထိုင်းနိုင်ငံ၊ ကလောင်ပရမ်ဗဟိုအကျဉ်းထောင်တွင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိမည့်သူများအတွက် အမည်စာရင်းများ စတင်ပြုစုနေ
ဖြစ်စဉ်နှင့် နီးစပ်သည့် ထိုင်းသတင်းရင်းမြစ်တစ်ခု၏ အဆိုအရ ကလောင် ပရမ် ဗဟိုအကျဉ်းထောင် (Klongprem Central Prison) သည်ယေဘုယျပြစ်ဒဏ်ကင်းလွတ်ခွင့် (Sentence Suspension) အတွက် သတ်မှတ်ချက်နှင့်ကိုက်ညီသည့် အကျဉ်းသားများ၏ အမည်စာရင်း အပြည့်အစုံကို စတင်ပြုစုနေပြီ ဖြစ်ကြောင်း သိရှိရသည်။
ယင်းလုပ်ငန်းစဉ်များ စတင်လုပ်ဆောင်ချိန်သည် ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထံသို့ ၎င်း၏ သားနှင့်သမီးဖြစ်သူ ပန်ထောင်တေးနှင့် ပေထုန်တန်တို့က ၎င်းတို့၏ ရှေ့နေဖြစ်သူ ဝင်းယတ် ချတ်မွန်ထရီ နှင့်အတူ တနင်္လာနေ့ (ဖေဖော်ဝါရီ ၂) တွင် ကလောင်ပရမ်ဗဟို အကျဉ်းထောင်သို့ သွားရောက်တွေ့ဆုံခဲ့ချိန်နှင့် တိုက်ဆိုင်နေသည်။
အသက် ၇၆ နှစ်အရွယ်ရှိ သက်ဆင်သည် ရဲဆေးရုံရှိ VIP အခန်းတွင် ၆ လကြာနေထိုင်ခဲ့သည့် ကာလကို ထောင်ဒဏ်ကာလအတွင်း ထည့်သွင်းတွက်ချက်၍မရကြောင်း တရားလွှတ်တော်ချုပ်က ဆုံးဖြတ်ပြီးနောက် လွန်ခဲ့သည့်နှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရသည်။
မီဒီယာများ၏ ဖော်ပြချက်အရ သက်ဆင်သည် ၎င်း၏ ထောင်ဒဏ် ၁ နှစ် ၏ သုံးပုံနှစ်ပုံကို ကျခံပြီးဖြစ်မည့် လာမည့်မေလတွင် တရားဝင်ခံဝန်ဖြင့် လွှတ်ပေးရန် (Parole) ပြန်လည်စိစစ်ခွင့် ရရှိနိုင်ဖွယ်ရှိကြောင်း ခန့်မှန်းထားကြသည်။
သမီးဖြစ်သူ ပေထုန်တန် ကမူ သူမ၏ ဖခင်မှာ နာမကျန်းရာမှ ပြန်လည် နာလန်ထူလာပြီဖြစ်ကြောင်းနှင့် သက်ဆင်၏ တူဖြစ်သူ (ဖျူထိုင်းပါတီ၏ အဓိကဝန်ကြီးချုပ်လောင်း) ယော့ချနန် ဝမ်စဝပ်ထံသို့ မည်သည့် မှာကြားချက်မျှ ပေးပို့ခြင်းမရှိကြောင်း ပြောကြားခဲ့သည်။ သက်ဆင်အား မကြာမီ ခံဝန်ဖြင့်လွှတ်ပေးရန် စဉ်းစားနိုင်ခြေရှိမရှိ သို့မဟုတ် ယင်းသို့ စိစစ်ရာတွင် အထောက်အကူပြုစေရန် အကျဉ်းထောင် တာဝန်ရှိသူများက မိသားစုထံမှ စာရွက်စာတမ်းများ တောင်းခံခြင်းရှိ၊ မရှိ ဆိုသည့် ခန့်မှန်းချက်များအပေါ်တွင်မူ သူမက မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။
လာမည့် ဖေဖော်ဝါရီ ၈ ရက် အထွေထွေရွေးကောက်ပွဲ နီးကပ်လာချိန်တွင် ယခုကဲ့သို့ သွားရောက်တွေ့ဆုံမှုသည် လူထု၏ စိတ်ဝင်စားမှုကို များစွာ ရရှိစေခဲ့သည်။
ကိုးကား- Bangkok Post
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
