Boeing ကုမ္ပဏီသည် အင်ဒိုနီးရှားနိုင်ငံသို့ F-15 တိုက်လေယာဉ်အစီးရေ ဒါဇင်နှင့်ချီ ရောင်းချမည့်စာချုပ်ကို လက်လွှတ်ဖျက်သိမ်း

News Image

  • Boeing ကုမ္ပဏီသည် အင်ဒိုနီးရှားနိုင်ငံသို့ F-15 တိုက်လေယာဉ်အစီးရေ ဒါဇင်နှင့်ချီ ရောင်းချမည့်စာချုပ်ကို လက်လွှတ်ဖျက်သိမ်း

Boeing ကုမ္ပဏီက အင်ဒိုနီးရှားနိုင်ငံသို့ F-15EX ဘက်စုံသုံး တိုက်လေယာဉ် ၂၄ စီးအထိ ရောင်းချမည့် အစီအစဉ်ကို ရပ်ဆိုင်းလိုက်ကြောင်း ကြေညာခဲ့သော်လည်း အကြောင်းရင်းကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိပေ။

Boeing ၏ ကာကွယ်ရေးဆိုင်ရာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် မဟာဗျူဟာပိုင်းဆိုင်ရာ ဒုတိယဥက္ကဋ္ဌဖြစ်သူ Bernd Peters က "အင်ဒိုနီးရှား နှင့် မိမိတို့၏ မိတ်ဖက်ဆောင်ရွက်မှုနှင့် ပတ်သက်ပြီးပြောရလျှင် ထိုအရောင်းအဝယ်ကို ဆက်လက်လုပ်ဆောင်တော့မည် မဟုတ်ပါ" ဟု ဖေဖော်ဝါရီ ၃ ရက်နေ့တွင် ပြောကြားခဲ့သည်။ Boeing တာဝန်ရှိသူများ က အဆိုပါဆုံးဖြတ်ချက်နှင့်ပတ်သက်၍ အကြောင်းပြချက်ပေးခြင်းမရှိသကဲ့သို့ အမေရိကန်နှင့် အင်ဒိုနီးရှား အစိုးရတာဝန်ရှိသူများကလည်း မှတ်ချက်တစ်စုံတစ်ရာပေးခြင်း မရှိသေးပေ။

၂၀၂၃ ခုနှစ် ဩဂုတ်လတွင် အင်ဒိုနီးရှားအစိုးရသည် F-15EX အကြီးစား တိုက်လေယာဉ် ၂၄ စီးအထိ ဝယ်ယူနိုင်ခြေနှင့်ပတ်သက်၍ အမေရိကန် Boeing ကုမ္ပဏီနှင့် နားလည်မှုစာချွန်လွှာ (MoU) ရေးထိုးခဲ့သည်။ ထိုလုပ်ဆောင်ချက်သည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အင်ဒိုနီးရှားသို့ F-15EX အမျိုးအစား ၃၆ စီးအထိ ရောင်းချရန် အတည်ပြုပေးခဲ့ပြီး တစ်နှစ်ကျော်အကြာတွင် ပေါ်ထွက်လာခြင်းဖြစ်သည်။

Boeing ကုမ္ပဏီ၏ F-15 တိုက်လေယာဉ် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဌာနမှ ဝန်ထမ်းဖြစ်သူ Clara Logsdon က ၂၀၂၅ ခုနှစ် ဇွန်လတွင် ပြောကြားရာ၌ အမေရိကန်ကော်ပိုရေးရှင်းအနေဖြင့် အင်ဒိုနီးရှား အစိုးရနှင့် စာချုပ်ချုပ်ဆိုရခြင်းမရှိသေးသော်လည်း ဂျာကာတာဘက်က အဆိုပါ အရောင်းအဝယ်ကို များစွာစိတ်ဝင်စားနေကြောင်း မှတ်ချက်ပြုခဲ့သည်။ "လိုအပ်ချက်တွေကို အပြီးသတ်နိုင်ဖို့ အမေရိကန်နှင့် အင်ဒိုနီးရှား အစိုးရတို့နှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမှာပါ" ဟု Logsdon က ထိုစဉ်က ပြောကြားခဲ့သည်။

F-15 သည် ၁၉၆၇ ခုနှစ်တွင် McDonnell Douglas မှ စတင်တီထွင်ခဲ့ပြီး ၁၉၇၆ ခုနှစ်တွင် အမေရိကန်လေတပ်၌ စတင်တာဝန် ထမ်းဆောင်ခဲ့သည့် အကြီးစားတိုက်လေယာဉ်ဖြစ်သည်။ ၎င်းသည် လေကြောင်းစိုးမိုးရေးတာဝန်များအတွက် အထူးကောင်းမွန်စေရန် ပြုလုပ်ထားသည့် အမေရိကန်၏ ပင်မတိုက်ခိုက်ရေးလေယာဉ်များထဲမှ တစ်ခုဖြစ်သည်။

နောက်ဆုံးပေါ် F-15EX မျိုးကွဲတွင် F-15C/D လေယာဉ်စု၌ အသုံးပြုသည့် F100 စီးရီးအင်ဂျင်များအစား F110 အင်ဂျင်များကို အစားထိုးအသုံးပြုထားသည်။ ခိုင်ခံ့မှုအားကောင်းစေရန် တောင်ပံတည်ဆောက်ပုံကို မြှင့်တင်ထားပြီး ထိန်းချုပ်မှုစနစ်ကိုလည်း ဟိုက်ဒရောလစ် စနစ် သီးသန့်မှ ကွန်ပျူတာထိန်းချုပ်စနစ် (Fly-by-wire) သို့ ပြောင်းလဲထားသည်။ ထို့ပြင် အဆိုပါလေယာဉ်တွင် ခေတ်မီရေဒါ (AESA radar) ၊ Display Screen အသစ်များနှင့် ဆက်သွယ်ရေးကိရိယာအသစ်များ တပ်ဆင်ထားသည်။

အင်ဒိုနီးရှားသည် ၎င်း၏ တိုက်လေယာဉ်အုပ်စုကို ခေတ်မီစေရေး အဆင့်မြှင့်တင်ရန်အတွက် ဘတ်ဂျက်အမြောက်အမြား ခွဲဝေချထားပြီး ကမ္ဘာ့တိုက်လေယာဉ်ဈေးကွက်တွင် အတက်ကြွဆုံး ဝယ်ယူသူများထဲမှ တစ်ဦးဖြစ်သည်။ အင်ဒိုနီးရှားသည် ပြင်သစ်နိုင်ငံထုတ် Rafale တိုက် လေယာဉ် ၄၂ စီး မှာယူထားသည့်အနက် ပထမဆုံးအသုတ်ဖြစ်သော လေယာဉ် ၃ စီးကို လက်ခံရရှိပြီဖြစ်ကြောင်း ဇန်နဝါရီ ၂၆ ရက်တွင် ကြေညာခဲ့သည်။ ထို့ပြင် တူရကီနိုင်ငံထံမှ ပဉ္စမမျိုးဆက် KAAN တိုက် လေယာဉ် ၄၈ စီး ဝယ်ယူရန် စာချုပ်ချုပ်ဆိုထားပြီး တရုတ်နိုင်ငံထုတ် J-10 လေယာဉ်များကိုလည်း ဝယ်ယူရန် စဉ်းစားလျက်ရှိသည်။

Reuters သတင်းဌာန၏အဆိုအရ အင်ဒိုနီးရှားသည် ယခုနှစ် အစောပိုင်းတွင် ပါကစ္စတန်နိုင်ငံနှင့် JF-17 တိုက်လေယာဉ်များ၊ Shahpar ဒရုန်းများ ဝယ်ယူနိုင်ခြေနှင့်ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ကိုးကား- VN Express

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂