ကော်လိုရာဒိုတွင် ‘လိင်ပြောင်းလဲကုသခြင်း’ ပိတ်ပင်မှုကို ပိုမို တင်းကြပ်ရန်ပြင်ဆင်နေသော်လည်း တရားရုံးချုပ်နှင့် သဘောထားကွဲလွဲမှုများရှိနေ

News Image

  • ကော်လိုရာဒိုတွင် ‘လိင်ပြောင်းလဲကုသခြင်း’ ပိတ်ပင်မှုကို ပိုမို တင်းကြပ်ရန် ပြင်ဆင်နေသော်လည်း တရားရုံးချုပ်နှင့် သဘောထားကွဲလွဲမှုများရှိနေ

အမေရိကန်ပြည်ထောင်စု၊ ကော်လိုရာဒိုပြည်နယ်ရှိ ဒီမိုကရက်တစ် လွှတ်တော်အမတ်များသည် လူတစ်ဦး၏ လိင်စိတ်တိမ်းညွတ်မှု သို့မဟုတ် လိင်ကွဲပြားမှုဆိုင်ရာ ကိုယ်ပိုင်လက္ခဏာကို ပြောင်းလဲရန် ကြိုးပမ်းသည့် ‘လိင်ပြောင်းလဲကုသခြင်း’ ပိတ်ပင်မှုကို ပိုမိုတင်းကြပ်မည့် ဥပဒေပြင်ဆင်ချက်တစ်ရပ်ကို အတည်ပြုလိုက်သည်။

အဆိုပါပြင်ဆင်ချက်အရ ထိုကုသမှုကြောင့် ထိခိုက်နစ်နာသူများသည် ကုသပေးသည့်ပညာရှင်များကို တရားစွဲဆိုခွင့် ရရှိမည်ဖြစ်သည်။ အဆိုပါဥပဒေကို ဦးဆောင်တင်သွင်းသူ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် Karen McCormick က ယခုပြင်ဆင်ချက်သည် နစ်နာသူများအနေဖြင့် ၎င်းတို့ခံစားခဲ့ရသည့် စိတ်ဒဏ်ရာများကိုကုစားရန်နှင့် တရားဥပဒေကြောင်း အရရင်ဆိုင်ရန် အချိန်ပိုမိုရရှိစေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

သို့သော် ထိုဥပဒေပြုမှုသည် အမေရိကန်တရားရုံးချုပ်၏ ဆုံးဖြတ်ချက်နှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။ တရားရုံးချုပ်က အဆိုပါကုသမှုအပေါ် တားမြစ်ခြင်းသည် အမေရိကန် နိုင်ငံသားများ၏ လွတ်လပ်စွာပြောဆိုခွင့် (Free Speech) ကို ထိပါးရာရောက်သည်ဟုဆိုကာ ပြည်နယ်၏ ပိတ်ပင်မှုကို အကောင်အထည်မဖော်ရန် တားဆီးထားသည်။ 

တရားသူကြီး Neil Gorsuch က လူတစ်ဦးချင်းစီ၏ အယူအဆအပေါ်မူတည်၍ ပြောဆိုခွင့်ကို ဖိနှိပ်ခြင်းသည် အခြေခံအခွင့်အရေးကို စော်ကားခြင်း ဖြစ်ကြောင်း ထောက်ပြခဲ့သည်။ အဆိုပါဆုံးဖြတ်ချက်သည် ဘာသာရေးအမြင်အရ ဆွေးနွေးမှုပြုလုပ်လိုသည့် ခရစ်ယာန်ဘာသာဝင် နှစ်သိမ့် ဆွေးနွေးသူတစ်ဦး၏ တရားစွဲဆိုမှုကို အနိုင်ပေးလိုက်ခြင်းလည်းဖြစ်သည်။

လိင်ပြောင်းလဲကုသခြင်း’ ကို ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူများက ထိရောက်မှုမရှိသည့်အပြင် လူငယ်များအတွက် အန္တရာယ်ရှိသည်ဟုရှုမြင်ကြသဖြင့် ၂၀၁၉ ခုနှစ်ကတည်းက ကော်လိုရာဒိုအပါအဝင် ပြည်နယ်ထက်ဝက်ခန့်တွင် ပိတ်ပင်ထားခြင်းဖြစ်သည်။

သို့သော်လည်း တရားရုံးချုပ်၏ ၈ မဲ - ၁ မဲဖြင့် ချမှတ်လိုက်သော ဆုံးဖြတ်ချက်သည် လွတ်လပ်စွာ ပြောဆိုဆွေးနွေးမှုကိုသာ ခွင့်ပြုပေးခြင်းဖြစ်ပြီး လျှပ်စစ်ဖြင့် ကုသခြင်းကဲ့သို့သော ရုပ်ပိုင်းဆိုင်ရာ ပြင်းထန်သည့် ကြားဝင်ဆောင်ရွက်မှုများကိုမူ ဆက်လက်တားမြစ်ထားဆဲဖြစ်သည်။ လက်ရှိတွင် အဆိုပါအငြင်းပွားဖွယ်အမှုသည် အောက်ခြေတရားရုံးတွင် ဆက်လက်စစ်ဆေးရန် ကျန်ရှိနေသေးသဖြင့် ပြည်နယ်ဥပဒေနှင့် တရားရုံးချုပ်၏ အမိန့်အကြား မည်သို့ဆက်လက်ဖြစ်ပေါ်လာမည်ကို စောင့်ကြည့်ရမည်ဖြစ်သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂