Epstein အရှုပ်တော်ပုံကြောင့် မင်းသားဟောင်း အင်ဒရူး Royal Lodge စံအိမ်မှ ဖယ်ရှားခံရ

News Image

  • Epstein အရှုပ်တော်ပုံကြောင့် မင်းသားဟောင်း အင်ဒရူး Royal Lodge စံအိမ်မှ ဖယ်ရှားခံရ

ဗြိတိန်ဘုရင် ချားလ်စ် (၃) ၏ ညီတော်၊ ဗြိတိန်မင်းသားဟောင်း အင်ဒရူး သည် လိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်သူ ဂျက်ဖရီ အက်ပ်စတိန်း (Jeffrey Epstein) နှင့် ပတ်သက်မှုများကြောင့် တော်ဝင်ဘွဲ့ထူးများ ရုပ်သိမ်းခံရပြီးနောက် ဝင်ဆာ (Windsor) ရှိ ၎င်း၏ Royal Lodge စံအိမ်တော်မှ ဖယ်ရှားခြင်းခံလိုက်ရကြောင်း ဗုဒ္ဓဟူးနေ့ (ဖေဖော်ဝါရီ ၄) တွင် BBC သတင်းဌာနက ဖော်ပြခဲ့သည်။

ယခင်က ယော့ခ်မြို့စားဟောင်း (Duke of York) အဖြစ် လူသိများသည့် အင်ဒရူး မောင့်ဘက်တန်-ဝင်ဆာ (Andrew Mountbatten-Windsor) သည် ဘွဲ့ထူးများရုပ်သိမ်းခံရသည့် အောက်တိုဘာလတွင်ပင် အဆိုပါ စံအိမ်မှဖယ်ခွာရန် ဘက်ကင်ဟမ်းနန်းတော်က ပြောကြားခဲ့သော်လည်း ရွှေ့ပြောင်းမည့်အစီအစဉ်မှာ နောက်ဆုတ်သွားခဲ့သည်။ သတင်းများအရ ၎င်းသည် ကျန်ရှိနေသောပစ္စည်းများကို လာရောက်သိမ်းဆည်းရန် လာမည့် သီတင်းပတ်များအတွင်း ခေတ္တပြန်လာဦးမည်ဖြစ်သော်လည်း ယခုအခါ နော်ဖော့ခ် (Norfolk) ရှိ Sandringham အိမ်တော်တွင် အမြဲတမ်း ပြောင်းရွှေ့နေထိုင်ရတော့မည် ဖြစ်သည်။

အင်ဒရူးသည် အခန်းပေါင်း ၃၁ ခန်းပါဝင်ပြီး ပေါင် သန်း ၃၀ (ဒေါ်လာ ၃၇ သန်း) တန်ကြေးရှိသော အဆိုပါစံအိမ်မှ တနင်္လာနေ့ (ဖေဖော်ဝါရီ ၂) ညနှောင်းပိုင်းတွင် လျှို့ဝှက်စွာ ထွက်ခွာသွားခဲ့ကြောင်း The Sun သတင်းစာက ဖော်ပြခဲ့သည်။ ၎င်းသည် Epstein နှင့်ပတ်သက်မှုများကြောင့် ဆက်လက် စောင့်ကြည့်စစ်ဆေးခံနေရဆဲဖြစ်သည်။ ၂၀၁၀ ပြည့်နှစ်တွင် Epstein က အမျိုးသမီးတစ်ဦးအား Royal Lodge သို့ ပို့ဆောင်ကာ မင်းသားနှင့် လိင်ပိုင်းဆိုင်ရာဆက်ဆံစေခဲ့သည်ဟူသော BBC ၏သတင်းဖော်ပြချက်ကို ဗြိတိန်ရဲတပ်ဖွဲ့က စစ်ဆေးလျက်ရှိသည်။

မင်းသားအင်ဒရူးကမူ ထိုစွပ်စွဲချက်များကို ငြင်းဆိုထားသည်။ သို့သော် အဆိုပါအမျိုးသမီး (ထိုစဉ်က အသက် ၂၀ အရွယ်) က သူမသည် တော်ဝင်နေအိမ်၌ တစ်ညတာကုန်ဆုံးခဲ့ရသည်ဟု ဆိုထားရာ ၎င်းမှာ Epstein ၏ သားကောင်ဖြစ်ခဲ့ရသူတစ်ဦးက တော်ဝင်နေအိမ်အတွင်း လိင်ပိုင်းဆိုင်ရာထိတွေ့မှုရှိခဲ့သည်ဟု ပထမဆုံးအကြိမ် ထွက်ဆိုချက်ပေးခဲ့ခြင်း ဖြစ်သည်။

အမေရိကန် တရားရေးဌာနက စာမျက်နှာသန်းနှင့်ချီသော စာရွက်စာတမ်းများနှင့်ဓာတ်ပုံများကို ထုတ်ပြန်လိုက်ပြီးနောက် မင်းသားဟောင်းအင်ဒရူးနှင့် Epstein တို့၏ ပတ်သက်မှုကို ပြန်လည်အာရုံစိုက်လာကြသည်။ မကြာသေးမီကထွက်ပေါ်လာသော မှတ်တမ်းတွဲများတွင်အမျိုးသမီးတစ်ဦး၏ အနီး၌ အင်ဒရူး ဒူးထောက်နေသည့်ပုံများ ပါဝင်သကဲ့သို့ Epstein က အရွယ်မရောက်သေးသူအား ကာမဖျော်ဖြေမှုပေးရန်စည်းရုံးမှုဖြင့် ပြစ်မှုထင်ရှားစီရင်ခံရပြီးနောက် နှစ်များစွာကြာသည်အထိ ၎င်းတို့နှစ်ဦးအကြား အပြန်အလှန်ပေးပို့ခဲ့သော အီးမေးလ်များလည်း ပါဝင်နေသည်။

လွန်ခဲ့သည့် သီတင်းပတ်ကထွက်ပေါ်ခဲ့သော အခြားအီးမေးလ်များတွင်လည်း Epstein က အသက် ၂၆ နှစ်အရွယ် ရုရှားအမျိုးသမီးတစ်ဦးနှင့်အတူ ညစာစားရန် အင်ဒရူးကို ဖိတ်ကြားခဲ့သည်ကို တွေ့ရှိရသည်။ အင်ဒရူး အနေဖြင့် အမေရိကန် ကွန်ဂရက်လွှတ်တော်တွင် သက်သေအဖြစ်ထွက်ဆိုရန် ဖိအားများလည်း မြင့်တက်နေသည်။ အမေရိကန် ဒုတိယ သမ္မတ ဂျေဒီ ဗန့်စ် (J.D. Vance) က အင်ဒရူးနှင့် Epstein တို့၏ ပတ်သက်မှုများနှင့်ပတ်သက်၍ ၎င်းကို ဆင့်ခေါ်စစ်ဆေးရန် ကြိုးပမ်းမှုများကို ထောက်ခံသွားမည်ဖြစ်ကြောင်း အင်္ဂါနေ့ (ဖေဖော်ဝါရီ ၃) တွင် Daily Mail သတင်းစာသို့ ပြောကြားခဲ့သည်။

ယခုနောက်ဆုံး ထွက်ပေါ်လာသော စာရွက်စာတမ်းများသည် Epstein ၏ ကွန်ရက်နှင့်ပတ်သက်၍ သံသယဖြစ်မှုများကို လျော့ကျသွားစေခြင်းမရှိပေ။ ဥပဒေပြုအမတ်များနှင့် ပြည်သူလူထုမှာ ၎င်းကျူးလွန်ခဲ့သော ပြစ်မှုများ၏ အတိုင်းအတာနှင့် ၎င်းဝင်ထွက်သွားလာခဲ့သည့် သြဇာကြီးမားသော လူမှုအသိုင်းအဝိုင်းများအကြောင်း သဲလွန်စအသစ်များ ရရှိရန်အတွက် ဆင်ဆာဖြတ်တောက်ထားသော ဖိုင်တွဲများကို ဆက်လက်ရှာဖွေ စစ်ဆေးလျက်ရှိကြသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂