အကျဉ်းသားလဲလှယ်မှုအပြီးတွင် လွတ်မြောက်လာသည့် ရုရှားနိုင်ငံသားများ ယူကရိန်းမှ ပြန်လည်ရောက်ရှိလာ
အကျဉ်းသားလဲလှယ်မှု၏ အစိတ်အပိုင်းတစ်ခုအဖြစ် ယူကရိန်း၏ ထိန်းသိမ်းမှုအောက်မှ လွတ်မြောက်လာသော ရုရှားစစ်သည်များနှင့် အရပ်သားများသည် ကြာသပတေးနေ့ (ဖေဖော်ဝါရီ ၅) တွင် ဘယ်လာရုစ် နိုင်ငံသို့ ရောက်ရှိလာခဲ့သည်။ ထိုနေရာမှတစ်ဆင့် စစ်သည် ၁၅၇ ဦးနှင့် အရပ်သား ၃ ဦးတို့သည် ဆေးကုသမှုခံယူရန်နှင့် အချိန်အတော်ကြာ စောင့်မျှော်ခဲ့ရသည့် မိသားစုများနှင့် ပြန်လည်ဆုံစည်းရန်အတွက် ရုရှားနိုင်ငံသို့ ဆက်လက်ထွက်ခွာမည်ဖြစ်သည်။
ရောက်ရှိလာသည့် ဗီဒီယိုမှတ်တမ်းများတွင် စစ်သည်အချို့သည် ၎င်းတို့၏ မိသားစုများထံ ဖုန်းဖြင့် ဆက်သွယ်နေသည်ကို ပြသခဲ့သည်။ အရပ်သား ၃ ဦးမှာ ၂၀၂၄ ခုနှစ်အတွင်း ရုရှားနိုင်ငံ၊ ကာ့စ်ဒေသ (Kursk Region) ၌ ယူကရိန်းစစ်ရေးစစ်ဆင်ရေးများအတွင်း ဖမ်းဆီးခံခဲ့ရသူများ ဖြစ်သည်။ ၎င်းတို့ ရောက်ရှိလာချိန်တွင် ရုရှားလူ့အခွင့်အရေးဆိုင်ရာ ကော်မရှင်နာ တာတိုင်ယာနာ မော့စ်ကာကိုဗာ (Tatyana Moskalkova) က တွေ့ဆုံခဲ့သည်။
အရပ်သားများထဲမှ တစ်ဦးမှာ ၂၀၂၄ ခုနှစ် ဩဂုတ်လမှ ၂၀၂၅ ခုနှစ် မတ်လအထိ ယူကရိန်းတပ်ဖွဲ့များ၏ ထိန်းချုပ်မှုအောက်တွင်ရှိခဲ့သော ဆူ့ဒ်ဇာ (Sudzha) မြို့မှဖြစ်သည်။ ယူကရိန်းတပ်ဖွဲ့များ၏ ကာ့စ်ဒေသတွင်းသို့ နယ်စပ်ဖြတ်ကျော် ကျူးကျော်ဝင်ရောက်မှုကို နောက်နှစ် ဧပြီလတွင် ပြန်လည်တိုက်ထုတ်နိုင်ခဲ့သည်။ ထိုကာလအတွင်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူအများအပြားကို နေရပ်ပြန်ပို့နိုင်ခဲ့သော်လည်း အချို့မှာ ထိန်းသိမ်းခံထားရဆဲဖြစ်ကြောင်း ရုရှားအာဏာပိုင်များက ပြောကြားထားသည်။
ယူကရိန်းတပ်ဖွဲ့များ ကာ့စ်ဒေသ (Kursk Region) အတွင်း စစ်ဆင်ရေးများ လုပ်ဆောင်နေစဉ်အတွင်း ၎င်းတို့၏ ပြုမူဆောင်ရွက်ချက်များနှင့် ပတ်သက်သည့် တိုင်ကြားချက်များကို စုဆောင်းနေကြောင်း ရုရှား အရာရှိများက ပြောကြားခဲ့သည်။ ထိုဒေသမှ အခြားရုရှားအရပ်သား ၁၀ ဦးမှာ ယူကရိန်း၏ ထိန်းသိမ်းမှုအောက်တွင်ရှိနေဆဲဖြစ်ပြီး ၎င်းတို့ ပြန်လည်လွတ်မြောက်ရေးအတွက် ညှိနှိုင်းမှုများ ဆက်လက် လုပ်ဆောင်နေကြောင်း မော့စ်ကာကိုဗာက ပြောကြားခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
