အိုဘားမားကို မျောက်နှင့်နှိုင်းယှဉ်ထားသည့် Meme အသုံးပြုခဲ့မှုအပေါ် တောင်းပန်ရန် ထရမ့် ငြင်းဆို

News Image

  • အိုဘားမားကို မျောက်နှင့်နှိုင်းယှဉ်ထားသည့် Meme အသုံးပြုခဲ့မှုအပေါ် တောင်းပန်ရန် ထရမ့် ငြင်းဆို

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် သမ္မတဟောင်း ဘားရတ် အိုဘားမားနှင့် ၎င်း၏ဇနီး မီရှဲလ်တို့ကို လူဝံများအဖြစ် ပုံဖော်ထားသည့် ဗီဒီယိုတစ်ခု ၎င်း၏ Truth Social အကောင့်တွင် တင်ခဲ့ခြင်းအတွက် တောင်းပန်ရန် ငြင်းဆိုလိုက်သည်။ လက်ရှိတွင် ပြန်လည် ဖျက်ချလိုက်ပြီဖြစ်သော အဆိုပါရုပ်သံဖိုင်အား လူမျိုးရေးခွဲခြားပြီး အလွန်အမင်း စော်ကားရာရောက်သည်ဟု ဒီမိုကရက်တစ်နှင့် ရီပတ်ဘလီကန် နှစ်ဖက်စလုံး က ပြစ်တင်ရှုတ်ချခဲ့ကြသည်။

Axios ၏ အဆိုအရ အဆိုပါဗီဒီယိုကို ကြာသပတေးနေ့ (ဖေဖော်ဝါရီ ၅) ညက ထရမ့်၏ အကောင့်တွင် တင်ခဲ့ခြင်းဖြစ်ပြီး (၁၂) နာရီနီးပါးကြာ အွန်လိုင်းတွင် ရှိနေခဲ့သည်။ AI ဖြင့် ဖန်တီးထားသော အဆိုပါရုပ်သံကို ထရမ့်လိုလားသော Meme များတင်လေ့ရှိသည့် အကောင့်တစ်ခုက မူလ ဖန်တီးခဲ့ခြင်းဖြစ်သည်။

အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ Karoline Leavitt က သောကြာနေ့ (ဖေဖော်ဝါရီ ၆) နံနက်ပိုင်းတွင် ထွက်ပေါ်လာသည့် ပြင်းထန်သော တုံ့ပြန်မှုများကို ‘ဟန်ဆောင်ဒေါသထွက်ခြင်း’ သာဖြစ်သည်ဟု ပယ်ချခဲ့သည်။ ဗီဒီယိုကို နောက်ပိုင်းတွင် ပြန်လည်ဖြုတ်ချခဲ့ပြီး "ဝန်ထမ်းတစ်ဦးက မှားယွင်းတင်မိခြင်းဖြစ်သည်" ဟု အိမ်ဖြူတော် တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

သတင်းထောက်များ၏ မေးမြန်းမှုကို ဖြေကြားရာတွင် ထရမ့်က ၎င်းနှင့် အဆိုပါဖြစ်စဉ်မှာ ပတ်သက်မှုမရှိကြောင်း ပြောဆိုခဲ့သည်။ ၎င်းအနေဖြင့် တောင်းပန်မည်လားဟု မေးမြန်းရာတွင် "မတောင်းပန်ပါ၊ ကျွန်တော် အမှားလုပ်ခဲ့တာ မဟုတ်ပါ" ဟု ပြန်လည်ဖြေကြားခဲ့သည်။

"အကယ်၍ ဝန်ထမ်းများ သေချာကြည့်ခဲ့လျှင် မြင်မှာပါ၊ မြင်ရင်လည်း ဖြုတ်ချဖို့ ၎င်းတို့မှာ အသိတရားရှိမှာပါ" ဟု ထရမ့်က ပြောသည်။ ဗီဒီယိုပါ အကြောင်းအရာကို ရှုတ်ချပါသလားဟု မေးမြန်းရာတွင်မူ "ရှုတ်ချတာပေါ့" ဟု ၎င်းက ပြန်ဖြေသည်။

“ထိုဗီဒီယို အဆုံးသတ်ပိုင်းမှာ လူတွေမကြိုက်သည့် ပုံစံမျိုး ပါသွားသည် ဟု ထင်ပါသည် ၊ ကျွန်တော်လည်း ကြိုက်မှာမဟုတ်ပါ၊ သို့သော်ငြားလည်း ကျွန်တော် မသိလိုက်ပါ" ဟု Air Force One လေယာဉ်ပေါ်တွင် ထရမ့်က ပြောကြားခဲ့သည်။

နယူးယောက်ပြည်နယ်မှ ဒီမိုကရက်တစ်ပါတီဝင်၊ အောက်လွှတ်တော် လူနည်းစုခေါင်းဆောင် ဟာကင်း ဂျက်ဖရီးစ် (Hakeem Jeffries) က ထရမ့်သည် "အဆိုပါရွံရှာဖွယ်ကောင်းသည့် ဗီဒီယိုကို တမင်သက်သက် တင်ခဲ့ခြင်းဖြစ်ကြောင်း” စွပ်စွဲခဲ့သည်။ ဂျက်ဖရီးစ်က ၎င်း၏ Instagram ဗီဒီယိုမိန့်ခွန်းတွင် "ဒေါ်နယ်ထရမ့်နှင့် ၎င်း၏ ယုတ်ညံ့ပြီး လူမျိုးရေးခွဲခြားသည့် အဆိပ်အတောက်ဖြစ်စေသော အပြုအမူတွေကို ရွံရှာမိပါသည်။ ၎င်းက စိတ်မမှန်ဘဲ အောက်တန်းကျလွန်းသည့်သူပါ" ဟု ပြောကြားခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂