ထိုင်းလွှတ်တော်အမတ်အသစ် ၁၀ ဦး တော်ဝင်ဥပဒေပြင်ဆင်ရန်ကြိုးပမ်းမှုဖြင့် စွပ်စွဲခံရ
ထိုင်းနိုင်ငံ၏ တော်ဝင်မိသားစုကိုဝေဖန်စော်ကားခြင်းမှ ကာကွယ်ထားသည့် ဥပဒေကိုပြင်ဆင်ရန်ကြိုးပမ်းမှုနှင့် ပတ်သက်၍ အသစ်ရွေးချယ်ခံထားရသော လွှတ်တော်အမတ် ၁၀ ဦးသည် ကျင့်ဝတ်ဆိုင်ရာစံနှုန်းများကို ဖောက်ဖျက်ခဲ့သည်ဟု အမျိုးသားအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်(NACC)က ဖေဖော်ဝါရီလ ၉ ရက်တွင် စွပ်စွဲလိုက်သည်။
စွပ်စွဲခံရသူများတွင် အတိုက်အခံပါတီဖြစ်သည့် ပြည်သူ့ပါတီမှဝန်ကြီးချုပ်လောင်းလည်းပါဝင်နေပြီး ၎င်းတို့သည် ပြစ်မှုထင်ရှားပါက နိုင်ငံရေးလုပ်ခွင့် တစ်သက်တာပိတ်ပင်ခံရနိုင်သည့် အန္တရာယ်နှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။
NACC သည် အဆိုပါ အမတ် ၁၀ ဦး အပါအဝင် အမတ်ဟောင်းနှင့် အမတ်သစ် စုစုပေါင်း ၄၄ ဦး၏ အမှုကို တရားလွှတ်တော်သို့ ဖေဖော်ဝါရီလ ၉ ရက်တွင် လွှဲပြောင်းပေးပို့ထားသည်။
၎င်းတို့အနေဖြင့် ပုဒ်မ ၁၁၂ ကို ပြင်ဆင်ရန် ဥပဒေကြမ်းတင်သွင်းခဲ့ခြင်းမှာ ဘုရင်စနစ်ကို ဦးထိပ်ထားသည့် ဒီမိုကရေစီစနစ်ကို ထိန်းသိမ်းစောင့်ရှောက်ရန် ပျက်ကွက်ခြင်းဖြစ်ကြောင်းနှင့် ကြီးလေးသောကျင့်ဝတ်ဖောက်ဖျက်မှုကို ကျူးလွန်ခြင်းဖြစ်ကြောင်း NACC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Ref: ST
MWD
