ခြိမ်းခြောက်မှုများကိုတုံ့ပြန်ရန် EU အနေဖြင့် တိုက်စစ်ဖွင့်နိုင်သော ဆိုက်ဘာစွမ်းဆောင်ရည်များ မြှင့်တင်ရန် ပြင်ဆင်လာ

News Image

  • ခြိမ်းခြောက်မှုများကို တုံ့ပြန်ရန် EU အနေဖြင့် တိုက်စစ်ဖွင့်နိုင်သော ဆိုက်ဘာစွမ်းဆောင်ရည်များ မြှင့်တင်ရန် ပြင်ဆင်လာ

ဥရောပသမဂ္ဂ (EU) အနေဖြင့် ၎င်းအပေါ် ကျရောက်လာနိုင်သည့် ဆိုက်ဘာ ခြိမ်းခြောက်မှုများကို ပိုမိုထိရောက်စွာ ခုခံကာကွယ်နိုင်ရန်အတွက် "တိုက်စစ်ဖွင့်နိုင်သော ဆိုက်ဘာစွမ်းဆောင်ရည်များ" (Offensive Cyber Capabilities) ကို မဖြစ်မနေ ဖွံ့ဖြိုးအောင် လုပ်ဆောင်သင့်ကြောင်း EU ၏ နည်းပညာဆိုင်ရာ အကြီးအကဲ Henna Virkkunen က တိုက်တွန်း ပြောကြားလိုက်သည်။

ဖေဖော်ဝါရီ ၁၃ ရက်နေ့က ပြုလုပ်ခဲ့သော မြူးနစ်လုံခြုံရေးညီလာခံတွင် သူမက Politico သတင်းဌာနသို့ ပြောကြားရာ၌ လက်ရှိအခြေအနေတွင် ခုခံကာကွယ်နေရုံဖြင့် မလုံလောက်တော့ဘဲ တက်ကြွသော တိုက်စစ်ဆင် နိုင်စွမ်းရှိရန် လိုအပ်နေပြီဖြစ်ကြောင်း အရိပ်အမြွက် ပြောကြားခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် ဂျာမနီနှင့်လတ်ဗီးယား အပါအဝင် EU အဖွဲ့ဝင်နိုင်ငံအချို့ သည် ရုရှား၏ ကျူးကျော်လာနိုင်ခြေအပေါ် စိုးရိမ်မှုများကြောင့် ဆိုက်ဘာ တိုက်စစ်ဆင်ရေးများ လုပ်ဆောင်ရန် စိတ်အားထက်သန်လျက်ရှိသည်။ နေတိုး (NATO) အဖွဲ့ဝင် ဥရောပနိုင်ငံများသည်လည်း ၎င်းတို့၏ ကာကွယ်ရေးအသုံးစရိတ်ကို GDP ၏ ၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ရန် စီစဉ်နေကြပြီး ၂၀၂၈ ခုနှစ်တွင် စတင်လည်ပတ်မည့် ပေါင်းစပ် ဆိုက်ဘာ ကာကွယ်ရေးစင်တာအသစ်တစ်ခုကိုလည်း ဘယ်လ်ဂျီယံတွင် တည်ထောင်ရန် ပြင်ဆင်နေကြသည်။ 

နေတိုးအဖွဲ့ဝင်နိုင်ငံများက ရုရှားသည် အစိုးရဆာဗာများကို ချိုးဖောက် ဝင်ရောက်ခြင်းနှင့် လေယာဉ်များ၏ GPS စနစ်များကို နှောင့်ယှက်ခြင်း တို့ လုပ်ဆောင်နေသည်ဟု စွပ်စွဲထားသော်လည်း မော်စကိုဘက်ကမူ ယင်းစွပ်စွဲချက်များသည် အခြေအမြစ်မရှိဘဲ စစ်မီးမွှေးရန် ကြိုးပမ်းမှုသာ ဖြစ်ကြောင်း ပြန်လည်ပယ်ချထားသည်။

အလားတူပင် EU သည် တရုတ်နိုင်ငံမှ နည်းပညာပေးသွင်းသူများ အပေါ်တွင်လည်း ဆိုက်ဘာလုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများရှိနေပြီး၊ အရေး ကြီးသောနယ်ပယ်များတွင် ပြည်ပနည်းပညာများအပေါ် မှီခိုနေရခြင်းကို လျှော့ချကာ ဥရောပကိုယ်ပိုင် နည်းပညာလုပ်ငန်းများကို အစားထိုးရန် ကြိုးပမ်းလျက်ရှိသည်။ လွန်ခဲ့သည့်လက ထုတ်ပြန်ခဲ့သော ဆိုက်ဘာ လုံခြုံရေးအဆိုပြုချက်အရ အန္တရာယ်ရှိသော နည်းပညာများကို ထောက်ပံ့ရေး ကွင်းဆက်များမှ ဖယ်ထုတ်ရန် ရည်ရွယ်ထားသော်လည်း တရုတ်အစိုးရ ကမူ ယင်းလုပ်ဆောင်ချက်သည် စီးပွားရေးအရ ကာကွယ်ရေးဝါဒ ကျင့်သုံးခြင်းသာဖြစ်သည်ဟု ဆိုသည်။

အခြားတစ်ဖက်တွင်မူ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လာဗရော့ဗ်က ၎င်းတို့အနေဖြင့် ဦးစွာတိုက်ခိုက်ခြင်းမခံရသရွေ့ မည်သည့်နိုင်ငံကိုမျှ တိုက်ခိုက်ရန်အကြောင်းမရှိကြောင်း ပြောကြားထားပြီး အနောက်အုပ်စု၏ စစ်အင်အားချဲ့ထွင်မှုများသည် ဥရောပတိုက်အတွင်း ပိုမိုကြီးမားသော ပဋိပက္ခများကို ဦးတည်စေနိုင်ကြောင်း သတိပေးထားသည်။ သို့သော်လည်း EU နှင့် နေတိုးအဖွဲ့ဝင်နိုင်ငံများကမူ ပြောင်းလဲလာသော ကမ္ဘာ့ အခြေအနေ အရ ခံစစ်မှ တိုက်စစ်စွမ်းဆောင်ရည်များအထိမြှင့်တင်ရန် ဆက်လက် တွန်းအားပေးလျက် ရှိနေသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂