ရန်သူ၏ခုခံမှုကို သာလွန်အင်အားဖြင့် လွှမ်းမိုးတိုက်ခိုက်ခြင်း ဟူသော အယူအဆကိုပြောင်းလဲ ကျင့်သုံးလာသည့် ဂျပန်
ဂျပန်နိုင်ငံသည် ပြောင်းလဲလာသည့် ၎င်းတို့၏ကာကွယ်ရေး မူဝါဒအရ ဒေသတွင်းမှ ခြိမ်းခြောက်မှုများကို တုံ့ပြန်ရန်အတွက် ပစ်မှတ်ကို ရှာဖွေပျံသန်းပြီး ဖောက်ခွဲတိုက်ခိုက်သည့် အသေခံဒရုန်းများနှင့် ကုန်ကျစရိတ်သက်သာသော ဒုံးကျည်များကိုအသုံးပြုရန် စီစဉ်လျက်ရှိသည်။
ဂျပန်နိုင်ငံသည် လာမည့်အနာဂတ် ကာလတွင် ပြိုင်ဘက်နိုင်ငံများအပေါ် အင်အားသာလွန်စွာ တုံ့ပြန်နိုင်ရေးအတွက် အကွာအဝေး ၆၂၁ မိုင် (ကီလိုမီတာ ၁၀၀၀)ကျော်အထိ ပစ်ခတ်ရောက်ရှိနိုင်ပြီး ကုန်ကျစရိတ်သက်သာသည့် တာဝေးပစ်လက်နက် အမြောက်အမြားကို ထုတ်လုပ်ရန် မျှော်လင့်ထားခြင်းဖြစ်ကြောင်း အစီရင်ခံစာများတွင် ဖော်ပြထားသည်။
ယခုချမှတ်ကျင့်သုံးမည့် မဟာဗျူဟာသစ်၏ထူးခြားချက်မှာ ကုန်ကျစရိတ်အလွန်များပြားသော ဒုံးကျည် ၁၀ စင်းခန့်ကို အသုံးပြုမည့်အစား ဒုံးကျည်များနှင့် ကုန်ကျစရိတ်သက်သာသော ဒရုန်းအစင်းပေါင်း ၁၀၀၀ ကျော်ကို အစားထိုးအသုံးပြုလာခြင်းဖြစ်သည်။
အဆိုပါမဟာဗျူဟာတွင် ရေငုပ်သင်္ဘောမှ ပစ်လွှတ်နိုင်သော ဒရုန်းများ၊ လေယာဉ်များမှ ပစ်လွှတ်နိုင်ပြီး အုပ်စုလိုက်ပျံသန်းတိုက်ခိုက်နိုင်သော ဒရုန်းများစသည့် အဆင့်မြင့်စစ်လက်နက်များလည်း ပါဝင်မည်ဖြစ်သည်။
ထို့ပြင် ဂျပန်နိုင်ငံသည် ရေပြင်သွားဒရုန်းများနှင့် ရေအောက်သွား ဒရုန်းအမျိုးမျိုး အသုံးပြုရန် စီစဉ်လျက်ရှိပြီး ရန်သူ၏ခုခံမှုကို မိမိတို့၏ သာလွန်အင်အားဖြင့် လွှမ်းမိုးတိုက်ခိုက်ခြင်းဟူသော အယူအဆကို ပိုမိုခေတ်မီအောင် ပြုလုပ်ထားခြင်း ဖြစ်ကြောင်း သိရသည်။
MWD

,
,
,