ထိုင်းနိုင်ငံရှိ တိရစ္ဆာန်ဥယျာဉ်တစ်ခုတွင် ဗိုင်းရပ်ကြောင့် ကျားအကောင် ၇၀ ကျော်သေဆုံး
ထိုင်းနိုင်ငံချင်းမိုင်မြို့ရှိ တိရစ္ဆာန်ဥယျာဉ်တစ်ခုတွင် ကူးစက်မြန်ဗိုင်းရပ်နှင့်ဗက်တီးရီးယား ပိုးများကြောင့် အနည်းဆုံး ကျား ၇၂ ကောင်သေဆုံးကြောင်း တာဝန်ရှိသူများကပြောသည်။ ချင်းမိုင်မွေးမြူရေးဌာန၏ စစ်ဆေးချက်အရ ကျားများသေဆုံးရသည့် အကြောင်းရင်းမှာ ကူးစက်မြန်ပြင်းထန်ပြီး ခွေးများတွင်ဖြစ်တတ်သည့် canine distemper ဗိုင်းရပ် (CDV) နှင့် အသက်ရှူလမ်းကြောင်းကို ထိခိုက်စေသည့် ဗက်တီးရီးယားများကြောင့်ဖြစ်ကြောင်း သိရသည်။
ကျားများသည် ဖေဖော်ဝါရီလ ၈ ရက်မှစတင်၍ ထူးဆန်းစွာ သေဆုံးလာခြင်းဖြစ်ပြီး မဲရင်နှင့်မဲတန်ရှိ Tiger Kingdom အပန်းဖြေစခန်းနှစ်ခုလုံးတွင် ကူးစက်ပျံ့နှံ့ခဲ့ခြင်းဖြစ်သည်။
ကျားများဖျားနာမှုကို ခွေး သို့မဟုတ် ကြောင်များကဲ့သို့ စောစီးစွာသိရှိရန် ခက်ခဲပြီး သိရှိချိန်တွင်အခြေအနေမှာ နောက်ကျနေပြီဖြစ်ကြောင်း မွေးမြူရေးဌာန ညွှန်ကြားရေးမှူးချုပ်ကပြောသည်။ မဲရင်ရှိ အပန်းဖြေစခန်းကို ၁၄ ရက်ကြာ ယာယီပိတ်ထားပြီး ကျန်ရှိနေသော ကျားများကို ကာကွယ်ဆေးထိုးရန်နှင့် ပိုးသတ်မှုလုပ်ရန် တာဝန်ရှိသူများက စီစဉ်နေသည်။ ယခုဖြစ်စဉ်တွင် ကျားများ၌ဖြစ်ပွားခဲ့သည့် ကူးစက်ရောဂါများသည် လူသားများထံသို့ ကူးစက်နိုင်ခြင်းမရှိကြောင်း ကျန်းမာရေးတာဝန်ရှိသူများက အတည်ပြုချက် ထုတ်ပြန်ထားသည်ဟု သိရသည်။
MWD
