နှင်းမုန်တိုင်းကြောင့် Boston Globe သတင်းစာသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ပုံနှိပ်ထုတ်ဝေမှု ရပ်နား

News Image

  • နှင်းမုန်တိုင်းကြောင့် Boston Globe သတင်းစာသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ပုံနှိပ်ထုတ်ဝေမှု ရပ်နား

Boston Globe သတင်းစာသည် ၎င်း၏ ၁၅၄ နှစ်နီးပါးရှိပြီဖြစ်သော သက်တမ်းတစ်လျှောက်တွင် ရာသီဥတုကြောင့် ပုံနှိပ်ထုတ်ဝေခြင်းကို ပထမဆုံးအကြိမ်အဖြစ် အင်္ဂါနေ့ (ဖေဖော်ဝါရီ ၂၄) တွင် ရပ်နားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ သတင်းစာတိုက်၏ တာဝန်ရှိသူများက "တနင်္လာနေ့ (ဖေဖော်ဝါရီ ၂၃) က ကျရောက်ခဲ့သည့် ပြင်းထန်သည့် နှင်းမုန်တိုင်းအခြေအနေတွေကြောင့် အင်္ဂါနေ့ (ဖေဖော်ဝါရီ ၂၄) နံနက်ပိုင်း မှာ သတင်းစာတွေ ရိုက်နှိပ်ရန်နှင့် ဖြန့်ချိရန် မဖြစ်နိုင်တော့သောကြောင့် ယခုလို မကြုံစဖူး ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ရခြင်းဖြစ်ပါသည်" ဟု ဆိုရှယ် မီဒီယာတွင် ဖော်ပြခဲ့သည်။ 

အဆိုပါ နှင်းမုန်တိုင်းကြောင့် မက်ဆာချူးဆက်ပြည်နယ် (Massachusetts) ၏ အချို့နေရာများတွင် နှင်းထု ၃၀ လက်မကျော်အထိ ကျဆင်းခဲ့ပြီး ဘော်စတန်မြို့တွင်လည်း ၁၇ လက်မနီးပါး စံချိန်တင် ကျဆင်းခဲ့သည်။ ထို့အပြင် သုံးစွဲသူရာနဲ့ချီ၍ လျှပ်စစ်မီးများ ပြတ်တောက်ခဲ့ပြီး ပြည်နယ် အုပ်ချုပ်ရေးမှူး Maura Healey ကလည်း ခရိုင်များစွာတွင် သွားလာမှု ဆိုင်ရာ ကန့်သတ်ချက်များ ထုတ်ပြန်ထားရသည်။ ဘော်စတန်ရှိ အစိုးရ ကျောင်းများကိုလည်း အင်္ဂါနေ့ (ဖေဖော်ဝါရီ ၂၄) တွင် ဆက်လက် ပိတ် ထားမည်ဖြစ်သည်။

"အဆိုပါဆုံးဖြတ်ချက်ကို မိမိတို့ ပေါ့ပေါ့တန်တန် ချမှတ်ခဲ့ခြင်း မဟုတ်ပါ" ဟု Boston Globe ၏ ပုံနှိပ်လုပ်ငန်းဆိုင်ရာ ဒုတိယဥက္ကဋ္ဌ Josh Russell က ပြောကြားသည်။ "ယခုညမှာ ဝန်ထမ်းတွေ ရောက်လာနိုင်ခဲ့လျှင် တောင်မျှ သတင်းစာတွေကို ကားပေါ်တင်ပြီး ဘေးကင်းကင်းဖြင့် ပို့ဆောင် နိုင်ရန် ယုံကြည်ချက်မရှိသောကြောင့်ဖြစ်ပါသည်" ဟု ၎င်းက ဆိုသည်။ ဖေဖော်ဝါရီ ၂၄ ရက်နေ့ထုတ် ပုံနှိပ်သတင်းစာများကို ၂၅ ရက်နေ့ထုတ် သတင်းစာများနှင့်အတူ ပူးတွဲပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း Boston Globe က အသိပေးထားသည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး -၂