ဂျပန်နိုင်ငံ၏ ရိုးရာဓလေ့တစ်ခုဖြစ်သော ‘အဝတ်ဗလာကျင်းပွဲတော်’ (Hadaka Matsuri) ကျင်းပစဉ်အတွင်း အမျိုးသား ၆ ဦး ဒဏ်ရာရရှိကာ ဆေးရုံတင်ပို့ခဲ့ရ

News Image

  • ဂျပန်နိုင်ငံ၏ ရိုးရာဓလေ့တစ်ခုဖြစ်သော ‘အဝတ်ဗလာကျင်းပွဲတော်’ (Hadaka Matsuri) ကျင်းပစဉ်အတွင်း အမျိုးသား ၆ ဦး ဒဏ်ရာရရှိကာ ဆေးရုံတင်ပို့ခဲ့ရ

ဂျပန်နိုင်ငံ၊ အိုကာယာမမြို့ရှိ ဆိုင်ဒိုင်းဂျီ ကန်နွန် (Saidaiji Kannon) ဘုရားကျောင်းတွင် ကျင်းပခဲ့သည့် ယခုနှစ် “ဟာဒါကာ မဆူရီ” (Hadaka Matsuri) ပွဲတော်အတွင်း လူအုပ်ပိတ်မိတိုးဝှေ့မှုကြောင့် အမျိုးသား ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဂျပန်အာဏာပိုင်များက ပြောကြား ခဲ့သည်။

ဂျပန်နိုင်ငံ အရေးပေါ်စီမံခန့်ခွဲမှုအေဂျင်စီ၏ တနင်္လာနေ့ (ဖေဖော်ဝါရီ ၂၃) ထုတ်ပြန်ချက်အရ ဒဏ်ရာရရှိသူများအနက် ၃ ဦးမှာ အခြေအနေ စိုးရိမ် ရပြီး ည ၁၀ နာရီခန့်တွင် သတိလစ်သွားခဲ့ကြောင်း သိရှိရသည်။ အဆိုပါ ထိခိုက်မှုများသည် ဘုရားကျောင်းဝန်းအတွင်း အဝတ်ဗလာနီးပါးဖြင့်ပါဝင်ဆင်နွှဲသူ ၁၀,၀၀၀ ကျော် တိုးဝှေ့နေစဉ်အတွင်း ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“ဟာဒါကာ မဆူရီ” သို့မဟုတ် “ဆိုင်ဒိုင်းဂျီ အဲယို” (Saidaiji Eyo) ပွဲတော်သည် နှစ်ပေါင်း ၅၀၀ ကျော် သက်တမ်းရှိပြီဖြစ်သော ရိုးရာဓလေ့ တစ်ခုဖြစ်သည်။ ၎င်းပွဲတော်တွင် အမျိုးသားများသည် ဆူမိုနပန်း သမား များ ဝတ်ဆင်လေ့ရှိသည့် “မာဝါရှီ” (Mawashi) ခေါ် ခါးဝတ်ပုဆိုး တစ်ထည်ကိုသာ ဝတ်ဆင်၍ “ရှင်ဂီ” (Shingi) ဟုခေါ်သော အထွတ် အမြတ်ထားသည့် သစ်သားချောင်းများကို အရယူရန် အလုအယက် ယှဉ်ပြိုင်ကြရသည်။ အဆိုပါ သစ်သားချောင်းကိုရရှိသူအား ထိုနှစ်၏ ကံအကောင်းဆုံးပုဂ္ဂိုလ် “ဖူကူအိုတိုကို” (Fukuotoko) အဖြစ် သတ်မှတ် ချီးမြှောက်ကြသည်။

အဆိုပါ အဓိကအခမ်းအနား မစတင်မီ ပါဝင်ဆင်နွှဲသူများသည် အလွန် အေးမြသောရေအေးဖြင့် မိမိကိုယ်ကို ဆေးကြောသန့်စင်ကြရသည်။ထို့နောက် ၎င်းတို့သည် ဒုတိယထပ်မှပစ်ချပေးမည့် “ရှင်ဂီ” (Shingi) သစ်သားချောင်းများကို စောင့်ဆိုင်းရန်အတွက် ဘုရားကျောင်းအတွင်း စုရုံးရောက်ရှိလာကြသည်။ မီးများအားလုံး ပိတ်လိုက်သည့်အချိန်တွင် နံ့သာရည်စိမ်ထားသော သစ်သားချောင်းများကို လူအုပ်ထဲသို့ပစ်ချလိုက် ပြီးနောက် ထောင်ပေါင်းများစွာသော လူအုပ်ကြီးမှာ ၎င်းတို့ကိုရှာဖွေရန် ရုန်းရင်းဆန်ခတ် အလုအယက်ကြိုးပမ်းကြတော့သည်။ သစ်သားချောင်း များတွင် စွဲကျန်နေသောရနံ့က ပြိုင်ပွဲဝင်များအတွက် အလွန် မှောင်မိုက် နေသည့် ကြားထဲမှ ရှာဖွေရာတွင် အထောက်အကူဖြစ်စေသည်။

ကျဉ်းမြောင်းသော နေရာလွတ်အတွင်း ပြင်းထန်သော ရုပ်ပိုင်းဆိုင်ရာ ထိတွေ့တွန်းတိုက်မှုများသည် ဘေးအန္တရာယ်ဖြစ်ပွားရန် အလွန်နီးစပ် စေပါသည်။ ၂၀၀၇ ခုနှစ်ကလည်း ပါဝင်ဆင်နွှဲသူတစ်ဦး လူအုပ်အတွင်း နင်းမိရာမှ သေဆုံးခဲ့ဖူးသည်။ အဆိုပါပွဲတော်ကို အရေးကြီးသော ယဉ်ကျေးမှုအမွေအနှစ် ရိုးရာဓလေ့တစ်ခုအဖြစ် သတ်မှတ်ထား သော်လည်း ယခုနောက်ဆုံး ဖြစ်ပွားခဲ့သည့် ဒဏ်ရာရရှိမှုများကြောင့် ပျော်ပွဲရွှင်ပွဲမှသည် ဝမ်းနည်းဖွယ်ရာ ဖြစ်ရပ်များသို့ ကူးပြောင်းမသွား စေရန် လူအုပ်ထိန်းချုပ်မှုနှင့် ဘေးကင်းလုံခြုံရေးဆိုင်ရာ အစီအမံများ အပေါ် စိုးရိမ်ပူပန်မှုများ တစ်ကျော့ပြန် မြင့်တက်လာခဲ့သည်။

ကိုးကား- Bangkok Post

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး -၂