အစိုးရယန္တရား ရပ်ဆိုင်းမှုကြောင့် TSA PreCheck နှင့် Global Entry ဝန်ဆောင်မှုများအပေါ် ရှုပ်ထွေးမှုများ ဖြစ်ပေါ်၊ လေကြောင်းလိုင်းများသို့ တရားဝင်အကြောင်းကြားခြင်း မရှိသေး
အမေရိကန် ပြည်တွင်းလုံခြုံရေးဝန်ကြီး Kristi Noem က Global Entry နှင့် TSA PreCheck လမ်းကြောင်းများမှတစ်ဆင့် ခရီးသွားများအား စိစစ် ပေးမှုကို ယာယီရပ်ဆိုင်းရန် စီစဉ်ထားကြောင်း ကြေညာခဲ့ပြီးနောက် ၁၂ နာရီကျော်ကြာသည်အထိ လေကြောင်းလိုင်းများထံသို့ မည်သည့် ‘တရားဝင် အကြောင်းကြားစာ’ မျှ ရောက်ရှိမလာခဲ့ကြောင်း လေကြောင်းလိုင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
အစိုးရယန္တရား တစ်စိတ်တစ်ပိုင်းရပ်ဆိုင်းနေစဉ်အတွင်း (Partial Government Shutdown) သာမန်ခရီးသွား ပြည်သူလူထုကို ပိုမိုအာရုံစိုက်နိုင်ရန် အတွက် TSA PreCheck နှင့် Global Entry ဝန်ဆောင်မှုများကို ရပ်ဆိုင်းမည်ဖြစ်ကြောင်း ပြည်တွင်းလုံခြုံရေးဌာန (DHS) က ဖေဖော်ဝါရီ ၂၂ ရက်နေ့က ကြေညာခဲ့ခြင်းဖြစ်သည်။ ယခုဖြစ်ရပ်သည် ပြည်တွင်း လုံခြုံရေး ဌာနအတွက် အသုံးစရိတ်ရန်ပုံငွေ ပြတ်တောက်သွားချိန်တွင် ဖြစ်ပေါ် လာခြင်း ဖြစ်သော်လည်း ဝန်ထမ်းအားလုံးနီးပါးမှာမူ အစိုးရယန္တရား ရပ်ဆိုင်းနေစဉ်အတွင်း အလုပ်ဆင်းကြရမည်ဟု ယူဆရသည်။
ခရီးသွားများအတွက် လုံခြုံရေးနှင့် အကောက်ခွန် စစ်ဆေးရေးဂိတ်များကို မြန်ဆန်စေသော အဆိုပါ အစီအစဉ်များကို ရပ်ဆိုင်းတော့မည် ဖြစ်ကြောင်း အကြောင်းကြားစာ ပေးပို့လာခြင်းမျိုးမရှိခဲ့ဟု လေကြောင်းလိုင်း တာဝန်ရှိသူက ဆိုသည်။
နောက်ပိုင်းတွင် DHS သည် PreCheck ရပ်ဆိုင်းမည့် အစီအစဉ်ကို ပြန်လည်ပြင်ဆင် (ပယ်ဖျက်) ခဲ့သော်လည်း၊ တနင်္လာနေ့ (ဖေဖော်ဝါရီ ၂၃) အထိ အမေရိကန်လေဆိပ်များတွင် Global Entry ဝန်ဆောင်မှုကို ဆက်လက်ဖွင့်လှစ်ထားခြင်း ရှိ၊ မရှိမှာမူ ရှင်းရှင်းလင်းလင်း မရှိသေးပေ။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး -၂

,
,