တူရကီနိုင်ငံအနောက်ပိုင်းတွင် F-16 တိုက်လေယာဉ်တစ်စင်း လေ့ကျင့်ပျံသန်းစဉ် ပျက်ကျ

News Image

  • တူရကီနိုင်ငံအနောက်ပိုင်းတွင် F-16 တိုက်လေယာဉ်တစ်စင်း လေ့ကျင့်ပျံသန်းစဉ် ပျက်ကျ

တူရကီနိုင်ငံအနောက်ပိုင်းတွင် ဗုဒ္ဓဟူးနေ့ (ဖေဖော်ဝါရီ ၂၅) အစောပိုင်း က လေ့ကျင့်ရေးပျံသန်းမှု ပြုလုပ်နေသော တူရကီလေတပ်မှ F-16 တိုက်လေယာဉ်တစ်စင်းပျက်ကျခဲ့ရာ လေသူရဲတစ်ဦး သေဆုံးသွားကြောင်း တာဝန်ရှိသူများက အတည်ပြုပြောကြားခဲ့သည်။ ဘာလီကေးဆာ (Balikesir) ရှိ အမှတ် ၉ အဓိကလေတပ်စခန်းမှ အဆိုပါလေယာဉ်သည် ဒေသစံတော်ချိန် နံနက် ၁ နာရီခန့်တွင် ပျက်ကျခဲ့ခြင်းဖြစ်ပြီး၊ လေယာဉ်ပျံတက်ပြီး မကြာမီမှာပင် ရေဒီယိုအဆက်အသွယ် ပြတ်တောက်သွားခဲ့သဖြင့် ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများကို ချက်ချင်းလုပ်ဆောင်ခဲ့ရကြောင်း သိရှိ ရသည်။

နောက်ပိုင်းတွင် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များက လေယာဉ်ပျက်စီး နေသည့်နေရာကို ရှာဖွေတွေ့ရှိခဲ့ပြီး လေသူရဲမှာ ပျက်ကျမှုအတွင်း သေဆုံးသွားပြီဖြစ်ကြောင်း အတည်ပြုခဲ့သည်။ ဘာလီကေးဆာ ပြည်နယ် အုပ်ချုပ်ရေးမှူး Ismail Ustaoglu က လေယာဉ်သည် ပုံမှန်လေ့ကျင့်ရေး တာဝန် ထမ်းဆောင်နေစဉ် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ တာဝန်ထမ်းဆောင်ရင်း ကျဆုံးသွားသည့် လေသူရဲကို ‘အာဇာနည်’ တစ်ဦးအဖြစ် ဂုဏ်ပြုချီးကျူးကာ ကျန်ရစ်သူမိသားစုနှင့်ထပ်တူ ဝမ်းနည်းကြောင်း ပြောကြားခဲ့သည်။

လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့နေသည့် ရုပ်သံမှတ်တမ်းများအရ ဘာဆာ-အစ်ဇ်မာ (Bursa–Izmir) အဝေးပြေးလမ်းမကြီးအနီးရှိ လေယာဉ် ပျက်ကျရာနေရာတွင် လေယာဉ်အစိတ်အပိုင်းများမှာ ပတ်ဝန်းကျင် တစ်ခုလုံးပျံ့ကျဲနေသည်ကို တွေ့ရှိရပြီး၊ အရေးပေါ်ကယ်ဆယ်ရေးယာဉ် များနှင့် တာဝန်ရှိသူများက အခင်းဖြစ်ပွားရာနေရာကို လုံခြုံရေး ရယူ ထားကြောင်း တွေ့ရှိရသည်။

တူရကီအမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက မတော်တဆမှု ဖြစ်ပွား ရသည့် အသေးစိတ်အကြောင်းရင်းကို ယခုအချိန်အထိ မသိရှိရ သေးကြောင်း နှင့် စစ်ဆေးရေးအဖွဲ့၏ နည်းပညာပိုင်းဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ် ပြီးမှသာ အတည်ပြုနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ တရားရေး ဝန်ကြီး Akın Gurlek ကလည်း ဘာလီကေးဆာ အစိုးရရှေ့နေရုံးမှ တရားဝင်စုံစမ်းစစ်ဆေးမှုများ စတင်နေပြီဖြစ်ကြောင်း ကြေညာခဲ့သည်။ လတ်တလောတွင် ရှေ့နေများနှင့် မှုခင်းဆေးပညာအဖွဲ့များက သက်သေ အထောက်အထားများ စုဆောင်းနေဆဲဖြစ်ပြီး စက်ပိုင်းဆိုင်ရာချို့ယွင်းမှု၊ ရာသီဥတု သို့မဟုတ် လူသားတို့၏အမှားအယွင်း စသည့် ကနဦး စစ်ဆေး တွေ့ရှိချက်များကိုမူ တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမရှိသေးပေ။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂