ဗြိတိန်တွင် လူမျိုးရေးစိုးရိမ်မှုကြောင့် လူသတ်သမားကိုလွှတ်ပေးခဲ့မှုနှင့် ရဲတပ်ဖွဲ့၏ ပျက်ကွက်မှုများအပေါ် စုံစမ်းစစ်ဆေးမှုများပေါ်ထွက်လာ

News Image

  • ဗြိတိန်တွင် လူမျိုးရေးစိုးရိမ်မှုကြောင့် လူသတ်သမားကို လွှတ်ပေးခဲ့မှုနှင့် ရဲတပ်ဖွဲ့၏ ပျက်ကွက်မှုများအပေါ် စုံစမ်းစစ်ဆေးမှုများ ပေါ်ထွက်လာ

၂၀၂၃ ခုနှစ်အတွင်း ဗြိတိန်နိုင်ငံ၊ နော့တင်ဟမ်မြို့၌ လူ ၃ ဦးကို ရက်ရက်စက်စက် ဓားဖြင့်ထိုးသတ်ခဲ့သည့် စိတ်ရောဂါ (Paranoid Schizophrenia) ဝေဒနာရှင် Valdo Calocane နှင့် ပတ်သက်သော အများပြည်သူဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွင် တုန်လှုပ်ဖွယ်ရာ အချက်အလက်များ ထွက်ပေါ်လာခဲ့သည်။ ဂီနီ-ဘစ်ဆောနိုင်ငံမှ ၂၀၀၇ ခုနှစ်တွင် ဗြိတိန်သို့ ရောက်ရှိလာသည့် Calocane သည် ၂၀၂၃ ဇွန်လတွင် တက္ကသိုလ် ကျောင်းသားနှစ်ဦးနှင့် အမျိုးသားတစ်ဦးကိုသတ်ဖြတ်ခဲ့ပြီး အခြားလူသုံးဦးကိုလည်း ကားဖြင့်တိုက်ကာ ပြင်းထန်စွာ ဒဏ်ရာရစေခဲ့သူဖြစ်သည်။

စုံစမ်းစစ်ဆေးမှုအရ Calocane သည် ၂၀၂၀ ပြည့်နှစ်ကတည်းက စိတ်ကျန်းမာရေးပြဿနာများရှိနေကြောင်း သိရှိထားသော်လည်း NHS (အမျိုးသားကျန်းမာရေးဝန်ဆောင်မှု) ဝန်ထမ်းများက ၎င်းအား ထိန်းသိမ်းထားပါက "လူမျိုးရေးခွဲခြားသူ" ဟု အမည်တပ်ခံရမည်ကို စိုးရိမ်သောကြောင့် ပြန်လွှတ်ပေးခဲ့ကြောင်း သိရှိရသည်။

အထူးသဖြင့် "ထိန်းသိမ်းခံရသူများထဲတွင် လူမည်းလူငယ်များ အချိုးအစား လွန်ကဲစွာများပြားနေခြင်း" အပေါ် စိုးရိမ်မှုများကြောင့် ၎င်းကို လူ့အသိုက်အဝန်းအတွင်းသို့ ပြန်လည်လွှတ်ပေးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က စိတ်ကျန်းမာရေးပညာရှင်တစ်ဦးက "၎င်းသည် တစ်စုံတစ်ယောက်ကို သတ်ဖြတ်သည့်အဆင့်အထိ ရောက်သွား နိုင်သည်" ဟု ကြိုတင်သတိပေးခဲ့သော်လည်း ဂရုမစိုက်ခဲ့ကြပေ။

ယင်းအပြင် သေဆုံးသူမိသားစုဝင်များက နော့တင်ဟမ်ရှိုင်းယား ရဲတပ်ဖွဲ့ သည် Calocane ၏ ရာဇဝတ်မှုကျူးလွန်နိုင်ခြေကိုသိရှိထားပါလျက်နှင့် ဖမ်းဆီးရန်ပျက်ကွက်ခဲ့မှုများကို ဖုံးကွယ်ရန် ကြိုးပမ်းနေသည်ဟု စွပ်စွဲခဲ့ကြသည်။ Calocane တွင် အကြမ်းဖက်မှု၊ နောက်ယောင်ခံလိုက်မှုနှင့် နှောင့်ယှက်စော်ကားမှု ရာဇဝင်များရှိခဲ့သော်လည်း ရဲတပ်ဖွဲ့က ထိရောက်စွာ အရေးယူခဲ့ခြင်းမရှိပေ။ 

ကနဦးတွင် ရဲတပ်ဖွဲ့က Calocane နှင့် ပတ်သက်ဆက်နွှယ်မှုမရှိကြောင်း ငြင်းဆိုခဲ့သော်လည်း နောက်ပိုင်းတွင် ၎င်းနှင့်ပတ်သက်သည့် မနှစ်မြို့ ဖွယ်ရာဖြစ်ရပ်များကို သိရှိထားကြောင်း ဝန်ခံခဲ့သည်။ သို့သော် အချက်အလက်များ ဖုံးကွယ်ထားသည်ဆိုခြင်းမှာ မမှန်ကန်ကြောင်းနှင့် ၎င်းသည် လူသတ်သမားဖြစ်လာလိမ့်မည်ဟု ကြိုတင်မခန့်မှန်းနိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့ က ပြန်လည်တုံ့ပြန်ထားသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂