တောင်အာဖရိကနိုင်ငံက စစ်ဘက်ဆိုင်ရာနှင့် တရားစီရင်ရေးကဏ္ဍများတွင် အသုံးစရိတ်များ တိုးမြှင့်
တောင်အာဖရိက ဘဏ္ဍာရေးဝန်ကြီး Enoch Godongwana က ဗုဒ္ဓဟူးနေ့ (ဖေဖော်ဝါရီ ၂၅) တွင် ပြောကြားခဲ့သော အမျိုးသားဘတ်ဂျက်မိန့်ခွန်း၌ ရာဇဝတ်မှုများကိုနှိမ်နင်းရန် ကြိုးပမ်းမှုတစ်ရပ်အနေဖြင့် ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် တရားစီရင်ရေးကဏ္ဍတို့အတွက် အသုံးစရိတ်များ တိုးမြှင့် သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
ယင်းသည် သမ္မတ Cyril Ramaphosa ၏ နိုင်ငံတော်အခြေပြမိန့်ခွန်း (State of the Nation Address) အပြီးတွင် ထွက်ပေါ်လာခြင်းဖြစ်ပြီး အဆိုပါမိန့်ခွန်း၌ တရားမဝင်သတ္တုတူးဖော်ခြင်းနှင့် ရာဇဝတ်ဂိုဏ်းများကိုနှိမ်နင်းရန်အတွက် တောင်အာဖရိက အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (SANDF) ကို ရဲတပ်ဖွဲ့နှင့်အတူ ပူးတွဲဖြန့်ကြက်သွားမည်ဟု ကြေညာခဲ့သည်။
SANDF တပ်ဖြန့်မှုကို ပံ့ပိုးရန်နှင့် ဥပဒေစိုးမိုးရေးကို အားကောင်းစေရန်အတွက် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာအသုံးစရိတ်များကို ၂၀၂၅/၂၆ ဘဏ္ဍာနှစ်ရှိ ရန်း (R) ၂၆၈.၂ ဘီလီယံမှ ၂၀၂၈/၂၉ ဘဏ္ဍာနှစ်တွင် ရန်း ၂၉၁.၂ ဘီလီယံအထိ တိုးမြှင့်သတ်မှတ်ထားသည်။ နယ်စပ်စီမံခန့်ခွဲမှု အာဏာပိုင်အဖွဲ့ (Border Management Authority) အနေဖြင့် လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရန်နှင့် ဝန်ထမ်းနေရာ ၇၃၈ နေရာကို ဖြည့်တင်းရန် အတွက် လာမည့်ကာလတိုအတွင်း အပိုဆောင်း ရန်း ၉၉၀ သန်း ရရှိမည် ဖြစ်သည်။
ထို့ပြင် တောင်အာဖရိကလေတပ်၏ တိုက်လေယာဉ်စွမ်းရည်ကို ထိန်းသိမ်းခြင်းအပါအဝင် စစ်ဆင်ရေးလုပ်ငန်းများ ပိုမိုကောင်းမွန်လာစေရန်အတွက် ကာကွယ်ရေးကဏ္ဍသို့ နောက်ထပ် ရန်း ၂.၇ ဘီလီယံကို ထပ်မံ ချထားပေးခဲ့သည်။ ရဲတပ်ဖွဲ့နှင့် SANDF တို့သည် ရာဇဝတ်မှုများကိုနှိမ်နင်းရန် အတွက် CARA ရန်ပုံငွေမှတစ်ဆင့် အပိုဆောင်း ရန်း ၁ ဘီလီယံစီ ကိုလည်း ရရှိကြမည်ဖြစ်သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂

,
,
,