အီရန် သတင်းပေးများ ဆက်သွယ်နိုင်မည့်နည်းလမ်း CIA ထုတ်ပြန်

News Image

  • အီရန် သတင်းပေးများ ဆက်သွယ်နိုင်မည့် နည်းလမ်း CIA ထုတ်ပြန်

အမေရိကန်ဗဟိုထောက်လှမ်းရေးအေဂျင်စီ (CIA) သည် အီရန်နိုင်ငံရှိ သတင်းပေးများ (အင်ဖော်မာများ) အား CIA နှင့် ဘေးကင်းလုံခြုံစွာ ဆက်သွယ်နိုင်မည့် နည်းလမ်းများကို ဖေဖော်ဝါရီ ၂၄ ရက်တွင် လူမှုမီဒီယာများပေါ်၌ ဖာရ်စီ (Farsi) ဘာသာစကားဖြင့် လမ်းညွှန်ချက်များ ထုတ်ပြန်ပြီး ကူညီပေးရန် ကမ်းလှမ်းခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။

ယခုကမ်းလှမ်းချက်သည် CIA နှင့် လုံခြုံစွာဆက်သွယ်နိုင်မည့် နည်းလမ်းများကို ဖာရ်စီ၊ ကိုရီးယား၊ ရုရှားနှင့် မန်ဒရင်ဘာသာစကားများဖြင့် ကမ်းလှမ်းခဲ့သော CIA ၏ လူသစ်စုဆောင်းရေးကြော်ငြာများ အနက် နောက်ဆုံးကမ်းလှမ်းမှုဖြစ်သည်။ ဖေဖော်ဝါရီ ၂၅ ရက်က X၊ Instagram နှင့် YouTube လူမှု မီဒီယာများတွင် ဖာရ်စီဘာသာစကားဖြင့် တင်ခဲ့သည့်ပို့စ်သည် အမေရိကန်-အီရန် ဆက်ဆံရေး တင်းမာနေချိန်နှင့် အီရန်အစိုးရသည် ပြည်တွင်း၌ ဆန္ဒပြမှုအသစ်များနှင့် ရင်ဆိုင်နေရချိန်တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။ အီရန်နှင့်တင်းမာမှုများ မြင့်တက်လာသည်နှင့်အမျှ အမေရိကန်သည် ဆယ်စုနှစ်များစွာအတွင်း အရှေ့အလယ်ပိုင်းဒေသတွင် အကြီးမားဆုံး စစ်အင်အားကို ဖြန့်ကြက်ချ ထားသည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) သည် ဇန်နဝါရီလအတွင်းက အီရန်နိုင်ငံတွင် ဆန္ဒပြသူများကို ပြင်းထန်စွာနှိမ်နင်းခဲ့သည့် အီရန်အစိုးရကို စစ်ရေးအရ အရေးယူမည်ဟု ခြိမ်းခြောက်ခဲ့သည်။

ထို့နောက် အီရန်၏ အငြင်းပွားဖွယ်နျူကလီးယားစီမံကိန်းအပေါ် အာရုံပြောင်းလဲခဲ့ပြီး အီရန်အနေဖြင့် သဘောတူညီချက်တစ်ခု ရယူရန် သတိပေးခဲ့သည်။ လူမှုမီဒီယာတွင် တင်ခဲ့သည့် CIA ၏ ဗီဒီယိုကို အင်္ဂလိပ်ဘာသာ ပြန်ဆိုချက်အရ "မင်္ဂလာပါ။ ဗဟိုထောက်လှမ်းရေးအေဂျင်စီ (CIA) က သင့် စကားကို နားထောင်နေပြီး ကူညီပေးချင်ပါသည်။ မိမိတို့ဆီ လုံခြုံစိတ်ချရသည့် virtual ဖုန်းခေါ်ဆိုမှု (အင်တာနက်ဖြင့် အသံဖိုင်ပေးပို့ခြင်း၊ ဗီဒီယိုကောပြောခြင်း) ပြုလုပ်နိုင်မည့် အကြံပြုချက်အချို့ကို ဖော်ပြပေးလိုက်ရပါသည်" ဟု ရေးသားထားသည်။ ဖာစီ (Farsi) ဘာသာစကားဖြင့် တင်ခဲ့သော အဆိုပါပို့စ် (ဗီဒီယိုဖိုင်) သည် အွန်လိုင်းတင်ပြီး နာရီပိုင်း အတွင်းမှာပင် ကြည့်ရှုသူ သန်းနှင့်ချီ ရှိခဲ့သည်။

CIA အနေဖြင့် နောက်ဆုံးထုတ်ပြန်ထားသည့် အကြံပြုချက်များ သို့မဟုတ် ယခင် လူသစ်စုဆောင်းရေး ဗီဒီယိုများကြောင့် ရရှိလာသော သတင်းမြစ်များအကြောင်း အသေးစိတ်ကို ထုတ်ဖော်ပြောကြားမည် မဟုတ်သော်လည်း CIA ညွှန်ကြားရေးမှူး ဂျွန်ရက်ကလစ်ဖ် (John Ratcliffe) က ထိုကဲ့သို့ လူသစ် စုဆောင်းသည့်ပို့စ်များသည် ထိရောက်မှုရှိကြောင်း ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ်က CIA ၏ မန်ဒရင်းဘာသာစကားဖြင့်တင်ခဲ့သည့် လူသစ်စုဆောင်းရေးပို့စ်သည် တရုတ် နိုင်ငံသား အများအပြားဆီကို ရောက်ရှိခဲ့ပါသည်။ ၎င်းတို့၏လူနေမှုဘဝတိုးတက်ရန်နှင့် ၎င်းတို့နိုင်ငံကို ပိုမိုကောင်းမွန်သည့် ဘက်ကိုပြောင်းလဲရန် နည်းလမ်းရှာဖွေနေသူတွေ အများကြီးရှိနေသည်ကိုလည်း မိမိတို့သိခဲ့ရပါသည်” ဟု ရက်ကလစ်ဖ် (Ratcliffe) က ပြောကြားခဲ့သည်။

ကိုးကား - CNI International News